သစ်ခက်သံလွင်ကဗျာ - အောင်ကောင်းမြစ် '' ....သူလိုကိုယ်လို ဇာတ်ကြည့် ''၊ ခက်စိမ်း "လူမိုက် ဒါန" ၊ အရေးတော်ပုံ B T '' Face Out ''

en.wikipedia.org
သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၁၉၊ ၂၀၂၁

'' အမာခံပရိသတ်ဟာ သူလိုကိုယ်လို ဇာတ်ကြည့် ''
အောင်ကောင်းမြစ်

စင်ပေါ်တော့ ရောက်လာတယ်
ပရိသတ်မရှိရင် ဘာကို ကပြမှာလဲ
ပရိသတ်ဆိုတာ အနုပညာရဲ့သခင်ပဲ
ခင်ဗျားဟာ ပရိသတ်လား
ပရိသတ်တောင်မှ အမာခံပရိသတ်လား
ဟလို! ဂုဏ်ယူဖွယ်ရာ အမာခံပရိသတ်
ခင်ဗျားဟာ ဘယ်ဇာတ်ကို ကြိုက်ရမယ်
ဘယ်သူ့ကို လက်ခုပ်တီးရမယ်ဆိုတာ
ကောင်းကောင်း နားလည်သူပေပဲ
သူလိုကိုယ်လို တန်းစီတယ်
သူလိုကိုယ်လို လက်မှတ်ဝယ်တယ်
သူလိုကိုယ်လို အခင်းလေးခင်းပြီး
သူလိုကိုယ်လို မျှမျှတတ ကြည့်တတ်သူပေပဲ
ဂရိတ်​ဖိုးစိန်နဲ့ အောင်မောင်း​ခြေထိုးခေတ်ကို 
ခင်ဗျားမမီလိုက်ပေမယ့်
ရွှေမန်းအစ သိန်းဇော်အလယ် ဖိုးချစ်အဆုံး
ပြောရရင် ဓာတ်တော်ကုန်း စက္ကိန်းတဲ မြသလွန်
သီတင်းကျွတ် တန်ဆောင်တိုင် အညာပွဲစျေးဆိုတာ
ခင်ဗျား မသိလိုက်ရင် ပွဲမဖြစ်ဘူးလို့တောင် ပြောရမယ်
ဆိုင်းသံဗုံသံ တညံညံနဲ့ 
တစ်ဇာတ်ဝင် တစ်ဇာတ်ထွက် ပွဲဆက်မပြတ်စေရ
ငါးညကရင် ငါးညလုံး ငုတ်တုပ်လင်းပစ်လိုက်တဲ့
ခင်ဗျားအိတ်ကပ်ထဲက ညတွေချည်းပဲမဟုတ်လား
ခေတ်တွေ ပြောင်းလာတယ်
ရုပ်ဝတ္ထုတွေ ကိုလိုနီချဲ့လာတယ်
နာမ်တရားတွေ တစ်မြို့ပြီးတစ်မြို့ ကျကုန်တယ်
လူတွေ မွန်းကြပ်ကုန်တယ်
ဇာတ်ပွဲတွေ အသက်ရှုကြပ်ကုန်တယ်
မြို့လေးတွေ အောက်စီဂျင်ပြတ်ကုန်တယ်
သူလိုကိုယ်လိုပါပဲ
ခုတော့ သူလိုကိုယ်လိုမဟုတ်တဲ့မြို့ပြမှာ
လူလည်းဆွေးခဲ့ပြီ ဇာတ်လည်းဝေးခဲ့ပြီဆိုပေမယ့်
ခေတ်ကြီးရဲ့ရာမာယဏဇာတ်ကို
မျက်ခြေမပြတ် ကြည့်နေဆဲပါပဲ
မီးပျက်တော့မှာလား ဖျာခင်းတော့မှာလား
တထိတ်ထိတ်နဲ့ ပွဲလန့်နေဆဲပါပဲ 
အမာခံပရိသတ်ဟာ ပွဲကြိုက်သူဖြစ်နေဆဲပါပဲ
ဟလို! ဂုဏ်ယူဖွယ်ရာ အမာခံပရိသတ်
ခင်ဗျားဟာ သူလိုကိုယ်လိုပါပဲ။

...

"လူမိုက် ဒါန"
ခက်စိမ်း

စုတ်ပြတ်သတ်နေတဲ့
ဘဝကြီးကို လှဖို့
ဘယ်စိတ်နဲ့နေမှာလဲ

ခွက်ထဲကရွှေ ငါးတွေ
အလှမွေးကန်ထဲ 
လူမြင်အောင် 
လောင်းထည့်လိုက်တယ်

ပျော်ပါစေဆိုပြီး
ရေထဲ
လွှတ်လိုက်တာမှမဟုတ်ပဲ
သာဓုခေါ်ရအောင် မမိုက်ကြတော့ဘူး။ ။


...

'' Face  Out ''
အရေးတော်ပုံ  B T

မှောင်မည်းမွန်းကြပ်နေတဲ့ အခန်းတွေအထပ်ထပ်နဲ့မြို့ဟာ
ဆန့်ကျင်ဖက်အသံဗလံတွေကို နားစွင့်ရင်း
မီးခလုပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေတယ်

လျှပ်စစ်ဓာတ်အားတွေကတော့
ကြိုးပြတ်နေတဲ့ ဗျတ်စောင်းလို
အသံဆွံအလျက်

နာကျင်ယားယံနေတဲ့ လက်သည်းတွေ
ကလေးသေးခံ ဒိုက်ဘာဝတ်ဆင်ထားတဲ့ တင့်ကားတွေ
စိတ်လိုလက်ရမောင်းတင်လိုက်တဲ့
ခေတ်ပျက်ယန္တရားစက်ကြီးထဲက
ပိုမိုကျယ်လောင်လာသော ညည်းညူးသံတွေ
နေ့စဉ်မပျက်မကွက်လွှင့်ထုတ်လျက်

ဟေ့ ...
ဒီမှာ 
စိတ်မရှည်တော့ဘူး
ရခဲလှဘဝထဲက  
ညပေါင်းများစွာ
တခါလောက်လင်းဖို့ရာများ
သိပ်ခက်ခဲနေသလား
ငါ့ မေးခွန်းများ 
မေးခွန်းများ ...။  ။

Comments