ကေအိုဇေ - တူတူရေပုန်း

တူတူရေပုန်း
ကေအိုဇေ
(သစ်ခက်သံလွင်) ဇူလိုင် ၂၉၊ ၂၀၂၁

ကမ္ဘာမြေက ပုန်းဖို့စကြာဝဠာရှိတယ်
ငါ့တို့မှာကော ပုန်းဖို့ကမ္ဘာမြေရှိလား
ရှိမှာပါလို့ပြောလည်း 
စိတ်ထဲမှာ ပုန်းလို့မလွယ်ဘူး
ငါတို့က ကျည်ဆံမကြိုက်ဘူး
ငါတို့က ကျည်ထောက်ထဲကောက်ညှင်းထည့်စားရတာပဲ ကြိုက်တယ်
မင်းတို့မှာ အိုးပစ်အိမ်ပစ်လာတိုင်း
ငါတို့မှာလည်း အိုးပစ်အိမ်ပစ်ပြေးရတာပဲ
ငါသားလေး စကားပြောတတ်ပြီ
ငါသားလေး စာမတတ်သေးဘူး
ငါ့အကိုလည်း ခြေတဖက်အတွက် ဝါးခုတ်နေတယ်
မင်းတို့လူကြီးတွေ စကားပြောရင် 
ငါ့အဖေတသက်စာလောက်ကြာတော့
ငါ့အမေပါ နောက်ကလိုက်သွားပြီ
ငါ့အိမ်နီးနားချင်းတယောက်
(ကျင်းနီးနားချင်းကပိုမှန်မယ်) မှိုနှုတ်သွားတာ
မှိုပွင့်တက်နင်းမိလို့ အသက်ပါနှုတ်လိုက်ရတယ်တဲ့
ဖုန်းထဲမှာတခါပါဖူးလို့ စားစရာနဲ့အဝတ်တွေရဖူးပါတယ်
သနားကရုဏာအတွက် အားနာပေမဲ့
ငါတို့အိမ်မှာ အဝတ်တွေရှိတယ်
ငါတို့အိမ်မှာ စားစရာရှိတယ်
အိမ်ပြန်ရမဲ့ရက်ပဲ မရှိသေးတာ
ထားပါလေ
ဒါတွေပြောနေလည်း ခုရွာနေတဲ့မိုးလို 
တစွေတမိုးကြီးနေမှာပါ
ပြောချင်တာက
စစ်ကို စစ်တိုက်ပြီး မုန်းတဲ့သူတွေထက်
ငါတို့က ပိုမုန်းတယ်ဆိုတာပဲ
ငါတို့မှာ ပုန်းဖို့ ကမ္ဘာမြေမှမရှိတာလေ  ။

Comments