ရိုးခက် - ငါတို့အားပေးစကားပြောဖို့ ဆွံ့အသွားသော နိုင်ငံတော်

ငါတို့အားပေးစကားပြောဖို့ 
ဆွံ့အသွားသော နိုင်ငံတော်
ရိုးခက်
(သစ်ခက်သံလွင်) ဇူလိုင် ၂၆၊ ၂၀၂၁

ငါ့တို့အံသွားတွေ ပဲ့ကြွေ
ငါ့တို့နားတွေ ဆွံ့အ
ငါတို့မျက်လုံးတွေ ဝေဝါး
သေအံ့ဆဲဆဲ အသက်ရှူသံမှာ
ဒေါသမာန်ဟုန်အပြည့်နဲ့
ကမ္ဘာမကြေတဲ့ တက်ခေါက်သံ
လျှာဖျားမှာ အသားမာတွေလွှမ်း
လွင့်စင်ကြွေကျသွားတဲ့ 
တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ
ဒီအမွေဟာ ပုံပြင်ဆန်ဆန်
ငါတို့လက်တွေ
တွဲထားမြဲ
ငါတို့လက်တွေ
လှမ်းထားဆဲ
သွေးဆာနေတဲ့ မိစ္ဆာတွေ
ငြိမ်းချမ်းရေးတဲ့ 
ကိုယ်ကျိုးရှာအချောင်းသမားတွေနဲ့
ငါတို့‌အသက်ရှင်မှုရဲ့ခလုတ်ကသင်း
မနက်ဖြန်ဆိုတာ
ခေါက်သိမ်းလို့မရတဲ့ ညနေရဲ့အစ
သေသူတွေမှာ  ဒဏ်ရာအနာတရတွေနဲ့
ပြောင်းလဲခြင်းဟာ အသားငမ်းငမ်း မျက်ရည်းစမ်းစမ်း
သူ့အကျိုး ကိုယ့်အကျိုးလွန်းဆွဲပွဲမှာ
မိစ္ဆာတွေရဲ့မီးဟာ ထတောက်လောင်
အဆာရေစာငတ်နေတဲ့ စိတ်တွေ
ငြိမ်းချမ်းရေမှာ ရေတိမ်နစ်တယ်
ကိုယ်ကျိုးအတွက် နိုင်ငံရေးဈေးပေါင်ကျိုးချိန်
အဆီရစ်ပြီး သွားရည်တမြမြနဲ့
လုယူသွားတဲ့ အာဏာ
ငါတို့အသွေးတွေ
ငါတို့အသားတွေ
အို ပြည်သူတွေရဲ့ဘဝတွေကို ဖဲ့ခြွေ
တော်လှန်ရေးဟာ သက်ရင့်ကျောက်ကောင်းတစ်ပွင့်
ခုတော့ ငါတို့အားလုံး 
အသစ်အသစ်သော နွေဦးတော်လှန်ရေး 
မပြီးဆုံးနိုင်သေး
ပြည်သူက မပိုင်သေးတဲ့ နိုင်ငံ
ပြည့်သူက မပိုင်သေးတဲ့ ဆန္ဒ
ဆွံ့အသွားတဲ့ ကမ္ဘာဟာ
တစစ်စစ်ကိုက်နေတဲ့ စစ်ပွဲ
မိဘအရင်းကို ဆာလောင်မွတ်သိပ်
မျက်ရည်ဟာ ကျခွင့်မရှိ
ငါတို့အံတွေ ကြိတ်ရင်း
တဗိုလ်တက် တဗိုလ်ဆင်း အဏာစက်တွေ
အမြစ်ဖြတ်ရမည့် တော်လှန်ရေး
ဒီနွေဟာ ပူပြင်းလွန်းတယ် ။  ။

25.7.2021

Comments