ခင်လွန်း - '' မတ် ၁၁- မောင်သာချိုမွေးနေ့''

Art & Image- Crd
'' မတ် ၁၁- မောင်သာချိုမွေးနေ့''
ခင်လွန်း
(သစ်ခက်သံလွင်) မတ် ၁၁၊ ၂၀၂၁

ဟိုင်း ကိုသာချို
နံရံလေးဘက်ကြားက
အပြင်ကိုနားစွင့်နေသလား
ရထားဖြစ်လား


ကိုယ်တို့ ကျောင်းတော်ကြီး မဥက္ကလာ ထ (၁) ကို
ရန်သူ့စခန်းမဖြစ်အောင် 
ကာကွယ်နေကြတယ်


ကိုယ်တို့ထိုင်နေကြ 'အာကာသ -ကဖေး'  လေးလဲ 
စစ်ခွေးတွေ ဝိုင်းထားတော့
နေ့တိုင်းမဖွင့်နိုင်တော့ဘူးပေါ့


ကိုသာချိုရေ....
ကိုယ်တို့လူလား ကဗျာလား စာသမားဘဝလားမြောက်ရာ
ဥက္ကလာဟာ စစ်တလင်းထက်
လူသတ်ကွင်းဖြစ်လို့ပေါ့


ဆရာမောင်သိန်းဆိုင် ချီတက်ရာမှာ ပါမလာတော့ဘူးကွာ
ကိုမောက် (မောင်မောက်- ဥက္ကလာ) လဲ ခွဲသွားတာကြာပြီ
ဆရာနတ် (နတ်နွယ်) လဲ မရှိရှာတော့ဘူး

ကိုယ်တို့သူငယ်ချင်းထဲက ယမုံဟာ
ဒီလိုအချိန်မျိုးဆို ရှေ့ဆုံးတန်းကပေါ့


ကိုယ်တို့ ဥက္ကလာဟာ သမိုင်းကြီးတယ်
ကိုဇော်ကြီး (ဇော်မျိုးသက်)
မောင်မိုးပြာ
သစ္စာနီ
နေစိမ့်
ဆရာအောင်သာမိုး(သံတွဲ) ကွယ်လွန် နဲ့ သား
ရဲနန္ဒာမိုး,..
သူတို့တွေ သူဒေါင့်ကသူ နေရာယူ ခံပစ်နေကြသေး ...
ကိုယ်က အဝေးက စစ်ကူရုံမျှ


နေကောင်းအောင်နေ။ 
မွေးနေ့ပေ့ါကွာ
မသေသေးသ၍ 
ဒို့တွေ မွေးနေ့တိုင်း အဓိပ္ပာယ်ရှိအောင် နေကြမယ်။
တိုက်ပွဲ အောင်မြင်မှာပါ။
အောင်ဆုပိုင်ပိုင် ယူနိုင်ပါစေ ငါ့သူငယ်ချင်း။ ။ 

ခင်လွန်း
11.03. 2021
Am- 09:00

Comments