ခင်လွန်း - ' ဒေါ်ဇင်မာအောင် " ဆိုတာ ''ကဗျာဆရာမတဦး'' လဲ ဖြစ်တယ်

Photo - Zin Mar Aung 's FB page
' ဒေါ်ဇင်မာအောင် " ဆိုတာ ''ကဗျာဆရာမတဦး'' လဲ ဖြစ်တယ်
ခင်လွန်း
(သစ်ခက်သံလွင်) မတ် ၃၊ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယာယီခန့်ထားလိုက်တဲ့ ပြည်ထောင်စုဝန်ကြီးများအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို တာဝန်ယူရတဲ့' ဒေါ်ဇင်မာအောင် " ဆိုတာ... (အများကြီးပြောမနေတော့ပါဘူး) 
ကဗျာနဲ့ ရသစာပေကိုချစ်မြတ်နိုးပြီး ကိုယ်တိုင်ကဗျာဖန်တီးရေးသားလေ့ရှိသူ ကဗျာဆရာမတယောက်လဲဖြစ်တဲ့အကြောင်း ဖားကန့်အိပ်မက်ဆိုးအဖြစ်သနစ်တွေကို သူ ရေးဖွဲ့ဖန်တီးခံစားပြထားတဲ့ "ဖားကန့်" ဆိုတဲ့ကဗျာတပုဒ် ဒီကနေမိတ်ဆက်ပေးလိုက်ပါတယ်။ ဒီကဗှာကို မိုးမခအွန်လိုင်းမဂ္ဂဇင်းမှာ ကလောင်အမည် မနေကြာ နဲ့ ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။ 
စစ်အကျဉ်းထောင်အတွင်း နှစ်ရှည်လများဖမ်းဆီးခံထားရစဉ်မှာ စိတ်ဓာတ်နဲ့ယုံကြည်မှုကို အညွန့်ချိုးဖို့ကြိုးစားတဲ့အနေနဲ့ အပေးအယူအလျော့အတင်းလုပ်လာတဲ့ အာဏာပိုင်တွေကို လုံးဝ အလျှော့မပေးစတမ်း ရဲရဲတောက်ရပ်တည်ခိုင်မာခဲ့တဲ့ နိုင်ငံရေးယုံကြည်ချက်ရှိသူ ကဗျာဆရာမတယောက်ရဲ့ကဗျာလို့လဲဆိုနိုင်မှာဖြစ်ပါတယ်။ 
မြန်မာ့ဒီမိုကရေစီတိုက်ပွဲအောင်မြင်ရေးအဖက်ဖက်ကကြိုးပမ်းနေကြသူများအားလုံးနဲ့ စာပေချစ်မြတ်နိုးသူများပါ ခံစားမျှဝေနိုင်ဖို့ တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်။ 


''ဖားကန့်''
မနောကြာ


အိပ်မက်တွေဟာ
အသက်တွေလည်း ဖြစ်တယ်
သယံဇာတ ကျိန်စာလား
ဘယ်သူ့ကျိန်စာလဲ
အောက်ဆုံးအလွှာတွေ ဟာ
အထိအနာဆုံး ပဲ


ဖားကန့်
မင်း ကိုယ်ကာယအတွင်းသားကို
ထိုးခွဲ 
မင်းအသွေးအသား နဲ့ အသက်ဆက်နေရတဲ့
ဘဝတွေပါဟာ
အစကတည်းက
ဖက်နဲ့ထုပ်ပြီးသား


ဖားကန့်
သူတို့တွေဟာ
ဆင်းရဲမွဲတေခြင်းရဲ့
ဓားစာခံတွေပါ 
တရားခံမဟုတ်ဘူး ဖားကန့်


လောဘရဲ့ ခေါင်းကိုင်ဖခင်တွေက
နင့်အဝေးကနေ ကြိုးကိုင်နေကြ
တရားခံ အစစ်တွေက တော့
ထွက်ပြေးလွတ်မြောက်နေကြ
ဘဝတပါးကို ဓားစားခံ နဲ့ တရားခံ
အလွဲလွဲ အမှားမှားနင်ဆွဲ ခေါ်သွားခဲ့ပေါ့
ဖားကန့်... ။

2/7/2020
link
https://www.moemaka.com/2020/07/blog-post_3.html

Comments