နေလင်း - ရဲဘော်တို့ကိုသောက်မယ့်မိုးတိမ်

www.taylorwinnart.com
ရဲဘော်တို့ကိုသောက်မယ့်မိုးတိမ်
နေလင်း
(သစ်ခက်သံလွင်) ဇူလိုင် ၂၃၊ ၂၀၂၀

ကမ္ဘာ့အရေးကတော့
ရှားမီးကိန်းခွင်ထဲတိုးဝင်

အိပ်ရာအောက်ကို
ရေ​ရောမြွေပါဝင်လာတဲ့နေ့စွဲတွေပေါ့

ပိုပိုသာသာဆာလောင်မိခြင်းတွေထဲ
အနာပေါ်ကျတဲ့တုတ်ကို
အုတ်ခဲနဲ့ထုချေပြီး လက်တုံ့ပြန်ဖို့ကြိုစားကြ

စစ်မီးထဲထိုးထည့်လိုက်ဖို့
လောဘမာနဟာလောင်စာပဲ

အတ္တကိုဗဟိုပြုထားတဲ့ပြေးလမ်းမှာ
ငရဲသားနဲ့ကောင်းကင်ဘုံဥပဒေသများ
ထုတ်ပြန်ပြဋ္ဌာန်းတိုက်ပွဲဝင်ခဲ့

အာဏာတွေနဲ့
အေးမြချင်နေတယ်ဆိုတဲ့ချောင်းကလေးကို
နျူကလီးယာထိပ်ဖူးတပ်ထားတယ်
ငါတို့စနစ်နဲ့ဦးဆောင်လမ်းပြလိုက်ရင်
အားလုံးငြိမ်းချမ်းမျှတသွားမယ်တဲ့

ဘယ်လိုပြောရမလဲ
မျောက်သင်းကွဲတွေရဲ့ရန်ပွဲ
မီးတုတ်ကိုယ်စီနဲ့ရေမှုတ်မပါသော နှစ်ဆယ့်တစ်ရာစု
​သွေးရူးသွေးတန်းဖြစ်မှုတွေနဲ့
အသက်မှာချပ်ဝတ်တန်ဆာမပါဘဲ
တိုးဝင်နေကြပြန်တယ် 
သတ္တန္တရ ကပ်ထဲအထိ ။ ။ 

Comments