သစ်ခက်သံလွင်၊ နိုဝင်ဘာ ၈၊ ၂၀၁၈- မောင်သစ်ကြည်၊ သုတလင်း(ဆင်ပေါင်ဝဲ)နှင့် ဖိုးရွှေညီမှိုင်းတို့၏ကဗျာများ


EDII_ECA_PTG_0164
တောင်ကြီးတန်ဆောင်တိုင်လာတော့မည်
မောင်သစ်ကြည်

ဘာဒဏ်ရာနဲ့မှ မသေချင်ဘူး
ဟောဒီ အကြမ်းဖက် ဖုန်ထူတဲ့ခေတ်ကြီးထဲမှာ
သေခြင်းတရားဆိုတာ
ထွေခင်းကစားစရာအရုပ်တွေလား…
ဖွေးဖွေးလှုပ်အောင် ပွင့်နေတဲ့
လောကဓံငရဲပန်းတွေ အကြွေမြန်စေဖို့
လိုအပ်ရင်
မုန်တိုင်းကို လက်ယပ်ခေါ်ရပေမပေါ့
အရင်ကတည်းက
လေဖိအားနည်းရပ်ဝန်းဆိုတာ မပေါ်ခဲ့သလို
ငွေဖိအားနည်းရပ်ဝန်းဆိုတာလည်းမပေါ်သေးဘူး
လွတ်လပ်တဲ့အချုပ်အနှောင်တစ်ခု
ပါးစပ်ကိုနိုင်လွန်ကြိုနဲ့ ချုပ်ထားခံရတဲ့
ပုံစံနဲ့ ထိုင်ပြနေသော အကျဉ်းသားတစ်ယောက်
ဖိနှိပ်တဲ့လွတ်လပ်မှုတစ်ခု
နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှာ
ဂျာမန်စကားပြောသင်တန်းတက်နေတဲ့
လှောင်အိမ်ထဲက ကြက်တူရွေး တစ်ကောင်
ဂျူးတွေကို သိုးတွေလို
အဆိပ်ငွေ့ခန်းထဲ မောင်းသွင်းပြီးချိန်
နာဇီစစ်ဗိုလ်ချုပ်ကြီးတွေဟာ
မသိစိတ်ကြောင့်အငွေ့ပျံလာတဲ့
ကြောက်စိတ်ကို အယားဖြေဖျောက်ဖို့
မနက်စာအဖြစ် ဘရန်ဒီနဲ့ကော်ဖီကိုရောစပ်လို့
ဇောချွေးကိုအမြည်းလုပ်ပြီး သုံးဆောင်လိုက်ပြီ
ချောက်အိပ်မက်ထဲက နိုးထလာတဲ့ဒုတိယကမ္ဘာစစ်ဟာ
သမိုင်းသင်ခန်းစာတွေကို ပြန်ဆိုတေးလိုဆိုနေရဲ့ 
ဂရိလူမျိုးတွေအတွက်
သူတို့နေရပ်ဌာနေကို စွန့်ခွာဖို့ဆိုတာ
သေခြင်း တမျိုးတဲ့
ဆီရီးယားတို့အီရတ်တို့က ဒုက္ခသည်တွေအဖို့
ထွက်ပြေးတာဟာ ရှင်သန်ခြင်းတမျိုးဆိုတာ
လက်တွေ့ပြသနေပါတယ်
ဘာပဲဖြစ်ဖြစ်
မူလီတစ်လုံးမှမစုပ်ဘဲ
သံတစ်ချောင်းမှမရိုက်ဘဲ
အံ့မခန်း သချာင်္ပညာစွမ်းနဲ့ဆောက်ပြထားတဲ့
နယူတန်ရဲ့တံတားကို
သက်တန့်ငေးမောသလို ကြည့်ချင်သေးတယ်
တခါတလေ
မသေချာမရေရာတဲ့ ရေပွက်တိုတိုကလေးမှာ
အသိဉာဏ်တိုတိုကလေးကို ရှည်လျားလာစေဖို့
ဇွတ်အတင်း ဆွဲဆန့်နေမိ
အာဏာရှိစဉ်တုန်းက သာသနိက အဆောက်အအုံတွေကို
မိုက်မိုက်ရိုင်းရိုင်းဖျက်ဆီးခဲ့တဲ့
" အိုလီဗာ ခရွန်းဝဲလ်"
သူ သေဆုံးတော့
သူ့အလောင်း မြေမြှုပ်ချိန်ကစလို့
ဗြိတိသျှသမိုင်းမှာ
ဘယ်စစ်သားမှ နိုင်ငံရေးထဲ ပါဝင်ခွင့်မရှိတော့ဘူး
နှစ်နဲ့ချီရှိနေတဲ့စိတ်ကူးစိတ်သန်းတွေ အလိုဆန္ဒတွေကို
မီးပုံးပျံမှာ တွဲချည်ပြီးတော့
လွှင့်တင်လိုက်ရတော့မလား…
မကြာမီ တောင်ကြီးတန်ဆောင်တိုင်လာတော့မည်။ ။

8 - 11 - 2018
Artist Khalid Shahin
ညတစ်ညကိုဖတ်ကြည့်ခြင်း
 
သုတလင်း(ဆင်ပေါင်ဝဲ)

ရင်မလင်းတော့ ညက ပိုပိုမှောင်
သောကယောင် အခန်းဆက်နဲ့
ညတာရှည် ရောဂါသည်
တိတ်ဆိတ်ခြင်းမှာ
စိတ်သူယောင်မယ်က ခြောက်လှန့်
အက်ကွဲရှ ညဥ့်ငှက်မြည်သံ
လရောင်အသေ အထီးကျန်ည
အကာလရဲ့ သွေးသားခမ်းခြောက်မှု
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်
တစ်ကိုယ်ရည် မပျော်လည်း ပျော်
ပျော်လည်း ပျော် ဖျော်ဖြေပွဲ
မီးလုံး ဝါကျင်ကျင် အခန်းဖော်
ဒီလိုနဲ့ သူလည်း အိပ်ရာထ
ကိုယ်လည်း အိပ်ရာထ
ညအကြောင်း ပြန်ပြောဖြစ်တဲ့အခါ
ငါ့တို့ စိတ်ကူးစိတ်သန်းတွေက အသေ။


artist Khalid Shahin
 "ကျွန်​"​တွေရဲ့"ကျွန်း"
ဖိုး​ရွှေညီမှိုင်း

တကယ်​ရှိ​နေတာကို မယုံကြည်​ဘဲ
တကယ်​မရှိတာကြီးကို ယုံလိုက်​တဲ့အခါ
တို့ဟာ "ကျွန်​"

တကယ်​မရှိတာကြီးကို မယုံကြည်​ဘဲ
တကယ်​ရှိ​နေတာကို ယုံလိုက်​တဲ့အခါ
တို့ဟာ "ကျွန်း"။ ။

၂၀၁၈ ​အောက်​တိုဘာ ၁

Comments