ကိုနိုင်း - ရဲရင့်နှင်းဆီတစ်ပွင့် ကြွေလွင့်ခြင်း
ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၇၅ )
ရဲရင့်နှင်းဆီတစ်ပွင့် ကြွေလင့်ခြင်း
ကိုနိုင်း
(သစ်ခက်သံလွင်) သြဂုတ် ၂၆၊ ၂၀၁၈
 လောကကြီးမှာပွင့်ဖူးလာတဲ့ပန်းတွေအချိန်တန်ရင်ကြွေလွင့်သွားရတာ သဘာဝတရားတခုပါပဲ။ 
ပွင့်နေတဲ့အချိန်မှာ ဘယ်လိုပွင့်ခဲ့သလဲဆိုတာကိုတော့ပန်းတွေရဲ့သဘာဝ အရသိပ်တော့ မထူးဆန်းပါဘူး။ ကြွေချိန်တန်လို့ကြွေသွားရတာလည်း ထုံးစံတွေပါပဲ။ ဒါပေမဲ့ ပန်းအမျိုးအစားတွေကွဲပြားနေသလို၊ လူတွေ ရဲ့တန်ဖိုးထားမှုတွေ ကွဲပြားနေပါလိမ့်မယ်။ လူသားတွေရဲ့သတ်မှတ်ချက်တွေအပေါ်မှာ တင်စားမှုတွေ လည်း ရှိခဲ့ပါတယ်။ ဖြူစင်တဲ့ပန်းဆိုရင် စပယ်ပန်းကိုနှိုင်းယှဉ်တင်စားပြသလို သဇင်ပန်းဆိုရင်လည်း တန်ဖိုး မြင့်တဲ့ပန်းအဖြစ်တင်စားပြောဆိုကြပါတယ်။ အဲဒီလိုပဲနှင်းဆီပန်းဆိုတာကို လောကမှာရဲရဲရင့်ရင့် ပွင့်တဲ့ပန်း အဖြစ် တင်စားခဲ့ကြပါတယ်။ အခုလည်း ကြွေရက်စောပြီးကြွေသွားခဲ့ရတဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက် ရေး ခေါင်းဆောင်တဦးဖြစ်တဲ့ မသင်းသင်းအေး(ခ)မီးမီးမမျှော်လင့်ပဲ ကြွေလွင့်သွားခဲ့ပါပြီ။ ဒီအကြောင်းလေးကို ၈၈ ခေါင်းဆောင်တဦးဖြစ်တဲ့”မြအေး(၈၈)” က ”ကြွေ” ဆိုပြီး ဒီလိုရေးဖွဲ့ပြပါတယ်။
ခရေလည်းကြွေတတ်တယ်
 နှင်းဆီလည်းကြွေတတ်တယ်
 ကံ့ကော်လည်းကြွေတတ်တယ်
 ခတ္တာလည်းကြွေတတ်တယ်
 ကြွေချိန်မို့ကြွေတာ…ဘာဆန်းတာပ။
 ဝေ…
 ခရေလည်းဝေတတ်တယ်
နှင်းဆီလည်းဝေတတ်တယ်
ကံ့ကော်လည်းဝေတတ်တယ်
ခတ္တာလည်းဝေတတ်တယ်
ဝေချိန်မို့ဝေတာ…အမြင်တင့်တယ်လှ။
ဝေချိန်မှာတင့်တယ်မှ
ကြွေတာတောင်ရနံ့ မပြယ်တာမို့
ဝေဝေဆာတင့်တယ်လွန်းပြီး
ကြွေချိန်စောတဲ့မီးမီးရေ
ဘယ်တော့မှ ရနံ့ပြယ်မှာမဟုတ်ပါဘူး
ငါ့ညီမ ကောင်းရာဘုံဘဝမှာ နားခိုနိုင်ပါစေ။
ဝေချိန်မှာတင့်တယ်သလို အကြွေစောပေမယ့် တင့်တယ်လွန်းတဲ့ သူမ (၈၈ ခေါင်းဆောင်မီးမီး) ကို ရည် ညွှန်း ရေးဖွဲ့လိုက်တဲ့ ကဗျာတပုဒ်ဖြစ်ပါတယ်။ ပန်းတွေဝေခဲ့ပြီး ပန်းတွေကြွေခဲ့သလိုပါပဲ။ လောကထဲမှာရောက်လာတဲ့လူတွေမှာလည်း မွေးဖွားခြင်းနဲ့သေဆုံးခြင်းတွေဟာ သဘာဝတရားတခုဖြစ်ပါ တယ်။ ဒီသဘာဝတရားကိုဘယ်သူမှငြင်းဆန်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ ရှင်သန်ခဲ့တဲ့အချိန်မှာ ဘယ်လိုရပ် တည်ရှင်သန်ခဲ့သလဲဆိုတာတွေကတော့ ကွဲပြားကြမှာပါပဲ။ 
စာရေးဆရာကြီးဗန်းမော်တင်အောင်ကတော့ ” လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုး ထမ်းရွက်ခဲ့တယ် ဆိုတဲ့အချက်နဲ့တိုင်းတာရမှာပဲ” လို့ပြောပြခဲ့ပါတယ်။
ဒါဆို ”သူမ”ဆိုတဲ့ မသင်းသင်အေး(ခေါ်) မီးမီးကရော လောကကြီးမှာနေထိုင်ရှင်သန်တဲ့အခါက သူမပခုံး ပေါ် တင်ပေးလိုက်တဲ့သမိုင်းတာဝန်ကို ဘယ်လောက်သယ်ပိုး ထမ်းရွက်ခဲ့သလဲဆိုတဲ့အချက်နဲ့ တိုင်းတာ ကြည့်ရပါမယ်။ မြန်မာပြည်မှာတော့ ၈၈လူထုအရေးတော်ပုံကြီးမှာ ဦးဆောင်တဲ့ကျောင်းသားအမြောက် အမြား ပေါ်ထွက်လာခဲ့ပါတယ်။ ဒီ ၈၈ လူထုအရေးတော်ပုံမှာ တက်ကြွစွာပါဝင်ဦးဆောင်ခဲ့တဲ့ကျောင်းသား တွေကိုတော့ ပြည်သူတွေအပြင် သမိုင်းကပါ မှတ်တမ်းတင်အသိအမှတ်ပြုခဲ့ကြပါတယ်။
မီးမီးဆိုတဲ့သူမကလည်း ၈၈ လူထုအရေးတော်ပုံကြီးကနေပေါ်ထွက်လာတဲ့ကျောင်းသူတစ်ဦးပါ။ ၈၈ အရေးတော်ပုံနောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်ကိုဆက်လက်တိုက်ပွဲဝင်နေခဲ့တာကြောင့် ထောင်အကြိမ် ကြိမ်ကျခဲ့ရသူတယောက်ဖြစ်ပါတယ်။ အကသ၊ မကဒ၊ လူ့ဘောင်သစ်နဲ့ အင်အယ်ဒီတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
ကိုဖုန်းမော်တစ်နှစ်ပြည့်မှာ လှုံ့ဆော်လှုပ်ရှားခဲ့တာကြောင့် ထောင်လေးလ အထိမ်းသိမ်းခံခဲ့ရပါတယ်။
ဒဂုံတက္ကသိုလ်တက်စဉ်မှာလှုပ်ရှားခဲ့တာကြောင့် ထောင်ဒဏ် (၇)နှစ်ချမှတ်ခံခဲ့ရတယ်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာတော့ စစ် အာဏာရှင်တွေကိုတက်ကြွစွာခေါင်းဆောင်ပြီး ဆန့်ကျင်ခဲ့တာ ကြောင့် ထောင်ဒဏ် (၆၅) နှစ် ကျခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်တို့နဲ့အတူ ပြန်လည်လွတ် မြောက်လာပြီး မင်းကိုနိုင်ခေါင်းဆောင်ဖွဲ့တဲ့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
“မလုပ်ချင် မလုပ်နိုင်”လို့ ဘယ်ခါမှမငြင်းသူ အချိန အခါကြောင့် ”မသွားချင်လို့” ဘယ်အခါမှ ခေါင်းမခါသူ၊ ပင်ပမ်းလွန်းလို့ ညည်းချင်ညည်းမယ်၊ ဘယ်တော့မှ ငြူစူခြင်းမရှိသူ မီးမီး
မီးမီးဆိုတာ ဘယ်သူလဲလို့ မေးလာရင် “ခြေကားယား လက်ကား ယား နေရာယူမည့်အစား သူတပါးကိုအားနာလို့ ကိုယ်ကလေး ကျုံ့ပြီး ခြေတဖက်စာနင်းရပ်ရရုံနဲ့ အလုပ်လုပ်ပြခဲ့သူ”လို့ ဖြေပါမယ်ဆိုပြီး ၈၈ ငြိမ်းပွင့်ခေါင်းဆောင်”မင်းကို နိုင် ” က ဒီလိုရေးပြခဲ့ပါတယ်။ 
မီးမီးအနေနဲ့စစ်အာဏာရှင်စနစ်အစဉ်အမြဲတွန်းလှန်ခဲ့သလို၊ ပြည်သူတွေအတွက်ကူညီဖို့ အမြဲတမ်း တက်ကြွစွာ ပါဝင်နေတတ်သူလည်း ဖြစ်ပါတယ်။
 “မီးသတ်ကား ဥသြသံကြားတယ်
 မီးမီးဘောင်းဘီဝတ် ယူနီဖောင်းလဲပြီးသား။
 လူနာတင်ကား အရေးပေါ် ခေါ်ပါ
 ကားခေါင်းမှာ မီးမီးပါပြီးသား။
 တရားရုံးမှာ ဟိုတယောက် အမှန်ဖက်ဖြစ်လျက်နဲ့
 ခံရဦးမယ် ကူလိုက်ကြဦး
 မပူနဲ့ မီးမီးကိုယ်တိုင်သင်ပေးပြီးသား။
 ရဲနဲ့ရင်မဆိုင်တတ်ရင်
 ရတယ်၊ ဟိုမှာ မီးမီးစခန်းထဲဝင်ပြောနေပြီ။
 စစ်ရှောင်စခန်းဆီ ခရီးကြမ်းချီမယ်ဟေ့
 မီးမီးကတောဖိနပ်စီးပြီးသား... တဲ့။
၈၈ ငြိမ်းပွင့်ခေါင်းဆောင် “မင်းကိုနိုင်” က တက်ကြွစွာ မီးမီးလှုပ်ရှားမှုတွေကိုပြောပြနေသလိုပါပဲ။
ဟုတ်လည်းဟုတ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွဦးဆောင်ပါဝင်နေတဲ့အပြင် လူမှု ရေးလုပ်ငန်းတွေမှာလည်း အားလပ်ချိန်မရှိရအောင် ဆောင်ရွက်နေတတ်ပါတယ်။ အမှန်တရားဘက်ကပြည်သူတွေမနစ်နာအောင်ကာကွယ်ပေးတတ်သူ။ လမ်းဘေးကလေးတွေကိုစာ သင်ပေးတဲ့ အဖွဲ့ထဲမှာလည်း ပါဝင်နေတတ်သူ၊ အမြဲတမ်းပြည်သူတွေအတွက် လှုပ်ရှားနေသူယောက် ဖြစ်ပါတယ်။ ၈၈ ကျောင်းသားခေါင်းဆောင် ”ပြုံးချို” က ကဗျာတပုဒ်ရေးပြီး ပြောပြလိုက်ပါတယ်။
 သူအလုပ်တွေ ဆက်လုပ်နေသလိုပဲ
 ကျောင်းသူတယောက်မှအစ
 လုပ်ဖော်ကိုင်ဖက်အထိ
 ဒီလိုတိုင်းပြည်မျိုးမှာ
 တဘ၀စာ ထမ်းရွက်သွားတယ်။
 သူအလုပ်တွေအများကြီးလုပ်သွားတယ်
 တာဝန်ပေးရင် ငင်းခဲတယ်
 အခက်အခဲရင်ဆိုင်ရရင် ရှေ့ကိုရောက်နှင့်တယ်
 ယူသွားဖို့ထက် သင်ယူစရာတွေထားခဲ့တယ်။
သူမဆိုတဲ့ မီးမီးဆိုသူက အဲဒီလိုလုပ်ရှားခဲ့တဲ့ လူတယောက်ပါ။ သူမကိုဆုံးရှုံးလိုက်ရတာကို လူမှုရေး ကူညီရေးခေါင်းဆောင်တဦးဖြစ်တဲ့ ”ဦးကျော်သူ” က သူမကိုအသိအမှတ်ပြုပြီး ဝမ်းနည်းစွာပြောလိုက်ပါ တယ်။”
ပြီးခဲ့တဲ့အပတ်က နေ့စဉ်လုပ်အားပေးပရဟိတသမားတွေနဲ့စုံညီစကားဝိုင်းမှာ သူမကမေးခွန်းတခုမေးတယ်၊ နယ်က Ambulance လမ်းကြောင်းတွေ မိန်းကလေးကယ်ဆယ်ရေးအဖွဲ့တွေကို မထည့်ဘူးဆိုတာ ဟုတ် လားတဲ့။
ကျွန်တော်က ဟုတ်ပါတယ်။ အမျိုးသားတွေနဲ့သွားတာ မသင့်တော်လို့ပါ။ မိန်းကလေးအဖွဲ့သုံးယောက် လောက်စုမိရင် လွှတ်ပါ့မယ်။ နောက် နယ်ခရီးဝေးက အန္တရာယ်များလို့ပါလို့ပြောလိုက်မိတယ်။ အခု အများ ကို အသက်ကယ်ပေးနေတဲ့မမီးမီး၊ နယ်ခရီးဝေးမှာ ကားအက်ဆီးဒင့်ဖြစ်တော့ ကျွန်တော်တို့သူမရဲ့အသက် ကို ပြန်မကယ်နိုင်တော့ဘူးလားဗျာ။ 
ဝမ်းနည်းမိတယ်ဆိုတာထက် ပိုပါတယ်မမီးမီးရေ။ လေးစားဦးညွှတ်မိပါတယ်ဗျာ။ ပရဟိတစံပြသူရဲကောင်းရုပ်ထုတွေ စတင်ထုလုပ်၍ မျိုးဆက်သစ်များအားသိရှိစေရန် စံပြအဖြစ်နေရာချ ထားရှိနေပြီဖြစ်တဲ့ နာကူ(ရန်ကုန်)မှာ ဦးရဲလွင်၊ မောင်တင်မောင်ထွန်းတို့အပြင် မမီးမီးရုပ်ထုတခုပါ နေရာ ယူလာပြီပေါ့ခင်ဗျာ။ အစဉ်လေးစားဦးညွှတ်လျက် ပရဟိတစံပြသူရဲကောင်း မမီးမီး (၈၈)”တဲ့။
အချိန်မတိုင်မီစောကြွေသွားရရှာတဲ့ မီးမီးအတွက်ကြေကွဲခံစားရသူတွေက ကဗျာတွေစာတွေရေးလိုက်တာ ကို ဖတ်နေရတာကိုက စိတ်ထဲနင့်နင့်နဲနဲ ခံစားရပါတယ်။ သူမ,မရှိရင်လောကအတွက် တနေရာမှာ လစ် ဟာနေမယ့် နေရာတွေများနေမယ်ဆိုတာကိုတွေးမိပါတယ်။ ကဗျာဆရာ ”ခရမ်းပြာထက်လူ”  က ”Monday ကဗျာ” ဆိုပြီး တမ်းတလိုက်ပါတယ်။
 ကျွန်မရှိတဲ့အခါ ကျွန်မအတ္တရှိပါစေ
 ကျွန်မအတ္တဟာ သူတို့အနန အဖြစ်
 သားအိမ်များ ချိတ်ဆက် ဆက်လက်ချီတက်
 ပွင့်လင်းလူ့အဖွဲ့အစည်း တနင်္ဂနွေကျ မသေပြီ
 ဘယ်သူပြောလဲ။
လောကကြီးမှာလူတယောက်မရှိတော့တဲ့အခါ အစားထိုးနေရာယူနိုင်တဲ့လူတွေ များပါလိမ့်မယ်။ တချို့လူတွေပျောက်ဆုံးသွားရင်, သူ့နေရာကိုအစားထိုးလို့မရနိုင်ပါဘူး။ မီးမီးလိုလူမျိုးဟာ လောက အတွက် အစားထိုးလို့မရနိုင်တဲ့လူစားမျိုးပါ။ မီးမီးကဘယ်လိုလူစားမျိုးလဲ။
၈၈ ကျောင်းသားခေါင်းဆောင် ”ကိုမင်းဇေယျ”က ဒီလိုပြောပြပါတယ်။”
မီးမီးနဲ့ပတ်သက်လာရင် ဘဝမှာ အမှတ်တရတွေအများကြီး၊ မြီးကောင်ပေါက်အရွယ် အကသကျောင်းသူ ဘဝကနေပြီး ရှစ်လေးလုံးအရေးတော်ပုံမှာပါဝင်ခဲ့တယ်ပေါ့နော်၊ တကယ့်ကို တက်တက်ကြွကြွ လန်းလန်း ဆန်းဆန်းနဲ့ပါဝင်ခဲ့တယ်။ နှစ်သုံးဆယ်လုံးအတူတူတွဲလုပ်လာခဲ့ကြတာ၊ သူ့ရဲ့တက်ကြွတဲ့စိတ်ဓာတ်၊ သူ့ရဲ့ ဖော်ရွေတဲ့အပြောအဆိုလေးတွေဟာ အားလုံးပေါ်မှာ အမြဲတမ်းသက်ရောက်မှုရှိတယ်။ သူဟာ အာဏာရှင် တွေနဲ့ပတ်သက်လာရင် တကယ့်ကိုထက်ထက်သန်သန်တက်တက်ကြွကြွနဲ့ဆန့်ကျင်တဲ့သူ။ အဲ့ဒီိကိစ္စနဲ့ပတ်သက်လာရင် သူ့မှာစေ့စပ်ညှိနှိုင်းမှုလုံးဝမရှိဘူး” လို့ပြောခဲ့ပါတယ်။ 
သူမရဲ့စိတ်ဓာတ်ဟာ အင်မတန်ရဲရင့်ပါတယ်။ သူမရဲ့ရပ်တည်ချက်ဟာလည်း အင်မတန်ပြတ်သား ရဲရင့်ပါတယ်။ သူမဆိုတဲ့မီးမီးဟာ အစားထိုးလို့မရနိုင်တဲ့စံပြအမျိုးသမီးသူရဲကောင်းတယောက်ပါ”။ ကဗျာဆရာ ”ဇော်လူစိမ်း” ရဲ့”မီးမီးကို မိတ္တူကူးမရဘူး”ဆိုပြီး ဒီလိုရေးလိုက်ပါတယ်။
 ပညာတတ်ကြိမ်လုံးနဲ့သာ ရိုက်ကြ
 အဲ့ဒီကျောင်းသူလေးကို ကူးမရ
 နှလုံးသားကိုစစ်ဖိနပ်နဲ့တက်နင်းကြ
 အဲ့ဒီမိန်းကလေးကို ကူးမရ
 ဘဝတခုလုံး ကြိုးကွင်းစွပ်ထားတာတောင်
 အဲ့ဒီအမျိုးသမီးလေးကို ကူးမရ
 စာရွက်အလွတ်ထဲ ဒို့မျက်ရည်သာကျ
 မီးမီးကိုတော့ မိတ္တူကူးမရ။
အထက်တန်းကျောင်းသူလေးအရွယ်ကတည်းက မတရားမှုကိုရင်ဆိုင်တွေ့ပြီး တော်လှန်ခဲ့တဲ့”မီးမီး”ဟာ အစားထိုးလို့မရနိုင်အောင် ရှားပါးတဲ့အမျိုးသမီးသူရဲကောင်းတယောက်လို့ပြောနိုင်ပါလိမ့်မယ်။ သူမ, မရှိတော့ရင် သူမပျောက်ကွယ်သွားရင် နှမျောစွာနဲ့တမ်းတနေရမယ့်လူတွေ အများကြီးရှိနေပါတယ်။ အဲဒီလိုပဲ သူမကိုတမ်းတနေရမယ့်အချိန်တွေကလည်း ကာကကြာရှည် တည်ရှိနေဦးမှာပါ။
၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ”ထွန်းမြင့်အောင်” က ဒီလိုတမ်းတမ်းတတ ရေးဖွဲ့လိုက်ပါ တယ်။ 
”ပြန်လှည့်လာခဲ့မီးမီးရာ” တဲ့။
 မတရားတော့မလုပ်နဲ့ လက်ပိုက်ကြည့်နေမှာ
 မဟုတ်ဘူးဆိုတဲ့
 ကြိမ်းဝါးသံတွေတောင် ဆုံးအောင်မရွတ်လိုက်ရပဲ
 တရားမျှတမှုကို ဆွဲထူဖို့
 တုတ် ဓား လက်နက်တွေကြား လက်သီးလက်မောင်းတန်းပြီး
 တစ်မုဟုတ်ချင်း ရောက်လာတတ်သူ။
 ကူပါကယ်ပါဆိုတဲ့
 ဒုက္ခ ညည်းချင်း
 တဆင့် စကား
 သဲ့သဲ့လေးကြားရုံနဲ့တင်
 မဆိုင်းမတွ ကိုယ့်ဒုက္ခကို ဘေးချ
 လက်ဗလာမှာ
 ကိုယ်စိတ်နှစ်ပါးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး
 ခုနှစ်ရက်သားသမီးရဲ့ အပူထဲ
 ခုန်ဆင်းမျှဝေ ခံစားရဲသူ။
 သူ…
 ခုတော့
 မီးမီးရေ
 ငါတို့ရင်ထဲမှာ … ဗလာ
 ငါတို့ရင်ထဲမှာ …အနာ
 ငါတို့စာမျက်နှာမှာ နင်ဟာ..ကြယ်တာရာ။
 ပြန်လာခဲ့ပါလားကွာ
 နင်စိုက်ပျိုးခဲ့တဲ့ ကြယ်တာရာပန်းတွေကို
 ငါတို့မျက်ရည်တွေနဲ့ စိမ်းစိမ်းစိုစို ရှိစေရမယ်လေ။
 နင်…
 ခုပဲ ပြန်လာခဲ့လိုက်ပါလား။
သူမကတော့ လူ့ဝ၀ထဲကိုပြန်လာလို့မရနိုင်တော့ပါဘူး။ သူမစိုက်ပျိုးထားခဲ့တဲ့ကြယ်တာရာပန်းလေးတွေကိုသာ ဆက်လက်ရှင်သန်ဖွံ့ထွားအောင်ပြုစုပေးနိုင်ဖို့ပဲ လိုနေပါတော့တယ်။ သူမပြုစုပျိုးထောင်ခဲ့တဲ့ကလေးငယ်တွေများပြားစွာလောကကြီးထဲမှာ ကျန်နေခဲ့မှာပါ။ အဲဒီလိုပဲ။
သူမရဲ့သမီးငယ်နဲ့သားငယ်နဲ့မြေးငယ်လေးတို့လည်း လောကကြီးမှာ ကျန်နေခဲ့ပါတယ်။ သူမပျိုးထောင်ကူညီခဲ့တဲ့ကြယ်ပန်းလေးတွေကိုကူညီစောင့်ရှောက်ပြုစုပျိုးထောင်ပေးနေသလို၊ သူမသွေး ရင်း ကြယ်ပွင့်လေးတွေကိုလည်း လောကအလယ်မှာတောက်ပတဲ့ကြယ်ပွင့်တွေဖြစ်လာနိုင်အောင်လည်း ကျန်ရစ်ခဲ့တဲ့ရဲဘော်ရဲဘက်တွေမှာ တာဝန်ရှိနေပါတယ်။
”သင်စရာမလိုတဲ့အလွမ်းတွေပေးခဲ့သူ(သို့မဟုတ်) ကောင်းကင်ပေါ်ပျံတက်သွားတဲ့ကြယ်” လို့”သာယာ ဝတီအကျဉ်းထောင်ပြန်မီးမီးအတွက် သာယာဝတီနိုင်ကျဉ်းဟောင်းများရဲ့ဂုဏ်ပြုကဗျာ” လို သူမ စိတ် ဓာတ်၊ သူမစေတနာ၊ သူမဝေဒနာတွေကို သူမမွေးဖွားခဲ့တဲ့သူမရဲ့ကြယ်တွေကို ဆင့်ပွားနိုင်မယ်ဆိုရင်။
(ဆက်လက်ဖော်ပြပါဦးမယ်)
ကိုနိုင်း
မြအေး (ကြွေ)။ မင်းကိုနိုင် (……) အမှတ်တရစကား။ ပြုံးချို (သူအလုပ်တွေဆက်လုပ်နေသလိုပဲ)။ နာကူအသင်းခေါင်းဆောင် ဦးကျော်သူ (အမှတ်တရစကား)။ ခရမ်းပြာထက်လူ (Monday ကဗျာ)။ မင်းဇေယျ(အမှတ်တရစကား)။ ဇော်လူစိမ်း (မီးမီးကိုမိတ္တူကူးမရဘူး)။ ထွန်းမြင့်အောင်(ပြန်လှည့်လာခဲ့ မီးမီးရာ)
-
သူရိယနေဝန်းဂျာနယ် Vol 1 No 212. 25 Aug 2018 ဖော်ပြပြီးဖြစ်သည်။ 
Comments