သစ်ခက်သံလွင်ကဗျာ၊ မင်းငြိမ်းအေး ရဲ့ "ငါတစ်ကောင်"

osnatfineart.com
 ငါတစ်ကောင်
မင်းငြိမ်းအေး
(သစ်ခက်သံလွင်) အောက်တိုဘာ ၅၊ ၂၀၁၇ 
 

မြေနဲ့ထိအောင်လျောက်
ဒီမြေမှာမင်းလဲကျဖူးတယ်
အရေခွံလဲတဲ့ရာသီပဲကွာ
ဘုရားတောင်အားမနာဘူး
ခင်ဗျားသိသလိုသိချင်တယ်
ခင်ဗျားဘဝမျိုးတော့မလိုချင်ဘူး
လက်ကောက်ဝတ်ဖြတ်လည်း
ငါ့ကဗျာနဲ့ငါအလွတ်ရပြီးသား ။

ဒီမြေပေါ်မှာ
ဘုရားနည်းတယ်
ကဗျာများတယ်
ကဗျာဟာဘုရားဖြစ်ဖို့မတန်သေးဘူး
ဘုရားတွေကဗျာရေးတယ်ပြောရင်
ဘယ်သူယုံမှာလဲ
ခွာဆုပ်ရေလန်၊ကြပ်ခိုးခံပြီးမှ
ထိုက်တန်စွာ
အပင်းစို့တာပေါ့
ဒီအပင်းကရှမ်းပြည်ကလာတယ်
ရှမ်းမလေးတွေကို
ငါချစ်တယ်
သားသမီးစည်းပွားမှမဟုတ်ဘူး
သွေးချင်းဆိုတာ
သွေးတော့ရင်းရတယ်
နန်း
နမ်းဖူးတယ်
ဘဝပေးခဲ့တယ်
ကျေပါတော့ ။

တစ်သက်လုံးဟိန်းဟောက်လာပြီးမှ
မြေခွေးနဲ့အလိုမတူချင်ဘူး
မင်္ဂလာမပြည့်တဲ့အိမ်မှာ
မင်္ဂလသုတ္တံနတ္တိတံထိ
ဆိုကြရွတ်ကြတော့လည်း
မိုးမှမလင်းတာ
မနက်လင်းရင်
ငါနေကောင်းသွားပြီပန်းကလေးရေ
ဒီလိုကဗျာတွေနဲ့
ဘုရားလား
ကျွန်တော်အမှတ်မှားလို့
ကန့်တော့၊ကန့်တော့
ဘဝရဖို့လွယ်တယ်
အသက်ဝင်ဖို့လွယ်တယ်
သေတာလည်းလွယ်တယ်
မသေတာလည်းလွယ်တယ်
ကဗျာလည်းလွယ်တယ်
ဒါဆိုဘာခက်လဲ
မသိဘူး
ခက်တာတော့၊ငါသိတယ် ။

ချေပါတယ်
ချေဂွေဗားရား
အသူရာထက်နက်တဲ့ချောက်ကို
ငါထိုးပြမယ်
ကြီးမြတ်တယ်၊ လီနင်
အောက်တိုဘာကုန်လည်း
စက်တင်ဘာပေါ့
အောင်ဆန်း
ဆေးရိုးလှန်းနေပြီ
မပြောပါနဲ့ကွာ
နားလည်ပေးပါ
အီစွပ်
အိပ်တော့
ဒီပုံပြင်ငါဆက်ပြောမယ် ။

ဒီမိုကရေစီမရလည်း
နေပါစေတော့ကွာ
ငါတို့အရှုံးနဲ့အနိုင်ပိုင်းလို့ရတာပဲ
ခွပ်လက်စဒေါင်းကလေးရေ
အမာရွတ်ကနာရင်
အနာမကျက်သေးဘူးဟ
ထမီကိုဇောက်ထိုးလှန်လို့ရတယ်
အလံကိုဖာမအုပ်နဲ့ ။

ငါတစ်ကောင်နဲ့
မုဆိုးလိုက်တယ်
ငါတစ်ကောင်နဲ့
တီကိုတူးတယ်
ငါတစ်ကောင်ကိုရတယ်
ငါတစ်ကောင်ကိုရေးတယ် ။

Comments