သစ်ခက်သံလွင်ကဗျာများ၊ ထက်လူအောင်၊ မိုးညဖြူ(တွံတေး)နှင့် သော်တာစံ(ကလေး)တို့၏ကဗျာများ

Fine Art America
ဇနီးသို့
ထက်လူအောင်

မိုး နှင်း သစ်ရွက် နေရောင်
ကြယ် တိမ် လမင်း ပန်းပွင့်
တခုချင်းစီတိုင်း မင်းနာမည်ရေးထိုးမယ်
ငှက်ကလေးတွေလည်း အော်မြည်ပါ
ကလေးတွေလည်း ရယ်မောပါ
ချ စ်သူတွေလည်း ကြည်နူးပါ
စမ်းချောင်းလေးလည်း စီဆင်းပါ
အရာတိုင်းရဲ့ကောင်းမြတ်ခြင်းများ
မင်းရရှိပါ
မျက်နှာဝိုင်းလေးရေ
မင်းပါးမှာ သနပ်ခါးဖွေးတဲ့အခါ
မင်းဘေးမှာ လေပြည်သွေးတဲ့ခါ
မင်းနားမှာ တေးသံကြားတဲ့အခါ
မင်းပျော်ပါ မင်းရယ်ပါ
ဒါကပဲ ငါ့ကမ္ဘာ ။
...
Art Tattler
နေ့အသေနဲ့ မနက်ဖြန်များ
 မိုးညဖြူ  ( တွံတေး ) 

ငါဟာငါမဟုတ်ကြောင်း
သတ္တလောကကြီးကပြခဲ့
ဒရွတ်တိုက်ဆွဲခေါ်သွားတဲ့ လောကဓံအောက်မှာ
ရိုးသားခြင်းဟာ ပြားပြာဝပ်လို့ ။

ဒလစပ်ပစ်ခတ်နေတဲ့ ယဉ်ကျေးမှုထဲ
ကိုယ့်ကျင့်တရား ဂုဏ်သိက္ခာ တခုခြင်း တရစ်ခြင်း
ရိုက်ချိုးခံရတာလား ကျီစယ်ခံရတာလား
ရုပ်ပျက်ဆင်းပျက်နဲ့လျှောက်သွား
ဘဝကို လက်ထိုးအန်လိုက်ရတယ် ။

သွေးစိမ်းစိမ်းထွက်သလို
အရှင်လတ်လတ် ငရဲခန်းဝင်ရသလို
မျက်ကန်းတယောက်လို
ခေါ်မကြား အော်မကြား နားကန်းတယောက်လို
ဘဝတွေဟာ ငလျင်လှုပ် နာတာရှည်ရောဂါတွေရလို့ ။
...
Xun Art Gallery
မျှော်လင့်နေသော အလင်းတန်းများ
သော်တာစံ (ကလေး)
 
လောကမှာ
လူအဖြစ်ရှင်သန်ရပ်တည်ခွင့်ဟာ
အဆမတန် ခက်ခဲနေပါသလား
စစ်ပွဲတွေဖြစ်မှ ရှင်သန်ခွင့်ရမယ်ဆို
လူ့အဖြစ်ကို ကျွန်တော်တို့် မလိုလားတော့ဘူး
အဖေမဲ့သွားတဲ့ မိသားစုဟာ
မင်းမဲ့သွားတဲ့ တိုင်းပြည်တစ်ခုပါပဲ
သားသမီးမဲ့သွားတဲ့ မိသားစုဟာ
ပြည်သူမဲ့သွားတဲ့ တိုင်းပြည်တစ်ခုပါပဲ
တရားသော စစ်
မတရားသော စစ်
ဘာစစ်မှမဖြစ်စေချင်ဘူး
စစ်ဖြစ်ပြီဆိုတာနဲ့
အရင်ဆုံးထိခိုက် နစ်နာ ဆုံးရှုံးတာက
မြေစာပင်တွေပဲမဟုတ်ပါလား
လူလောက်အသိဉာဏ်ရှိတာ မရှိဘူးဆို
အသိဉာဏ်ရှိတဲ့လူတွေက
ဘာ့ကြောင့် စစ်ပွဲတွေ ဆင်နွှဲနေရတာလဲ
ဘာ့ကြောင့် စစ်ပွဲတွေ ဆင်နွှဲနေကြတာလဲ
အသိဉာဏ်ရှိလွန်းလို့လား
အသိဉာဏ်မဲ့လွန်းလို့လား
မွေးကတည်းက အကောင်ပေါက်လာတဲ့ အတ္တကြောင့်လား
အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့လား
အကြောင်းပြချက်တွေက ဘယ်တော့မှဆုံးမှာလဲ
စစ်ပွဲတွေကြောင့် ဆုံးပါးသွားတဲ့သူတွေကို သွားမေးရမှာလား
အခုဆို ကမ္ဘာ​ကြီးဟာ
ဆောင်းရင်ခွင်မှာ အေးချမ်းနေရှာပြီ
သူတို့တွေ
အေးချမ်းမှုကို ရှာမတွေ့ကြသေးဘူးလား
`အန္ဓီဘူတော အယံ လောကော´
`လောကကြီးသည် မှောင်အတိပြီး၏´ တဲ့
သံလွင်ခက်ကိုကိုက်ချီထားတဲ့ ချိုးဖြူငှက်ကလေးရေ ...
ငြိမ်းချမ်းရေးအလင်းတန်းတွေ
ခဏချင်း ပက် ဖျန်း ပေး ပါ လှည့် ..... ။

25 : 11 : 2016


Comments