ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၁၉ )
အိမ်အလွမ်းကဗျာများကိုဖတ်ကြည့်ခြင်း
ကိုနိုင်း
ကိုနိုင်း
ကျနော့်အိမ်ကလေးရဲ့ပြတင်းတံခါးကိုဖွင့်လိုက်ပါတယ်။ ပြတင်းတံခါးအဖွင့်မှာကာထားတဲ့ ဇာခန်းဆီးကို အသာဖယ်ပြီး လောကကြီးကို မျှော်ငေးပြီးကြည့်နေမိပါတယ်။ ကျနော့်အတွေးတွေဟာ ငြိမ်သက်စွာ လွင့်မျောသွားကြပါတယ်။ ခပ်လှမ်းလှမ်းဆီမှာလှမ်းမြင်နေရတဲ့ အိမ်ကလေးတွေ၊ အိမ်ကလေး တွေပေါင်းလိုက်ရင်
မြို့ရွာတွေပြန်ဖြစ်သွားပါတယ်။ ဒီမြို့ရွာတွေ ပေါင်းလိုက်ရင်
တိုင်းပြည်တပြည်ပေါ့။
ဘာပဲပြောပြော ဒါက မိသားစုတွေရဲ့ပေါင်းစည်းမှုတခု။ ကျေးလက် တောရွာတရွာ၊မြို့တမြို့၊ တိုင်းပြည်တခုမှာ စုပေါင်းနေထိုင်ကြတဲ့ မိသားစုကြီးတခုပေါ့။ ကျနော်တွေးမိလိုက်တဲ့အချိန်မှာ ဇွန်လ Family Life မဂ္ဂဇင်းထဲက ကဗျာဆရာနရီ (မြိတ်) ရဲ့ မိသားစု တိုင်းပြည် ကဗျာကို ဖတ်လိုက်မိပါတယ်။
အဖေကခေါင်းဆိုရင်
အမေကခိုင်ကျည်အောင်ချည်နှောင်ထားတဲ့ကြိုး
အဖေက ဥပဒေဆိုရင်
အမေက ဦးဆောင်ကောင်းပေါ့
ကျနော်တို့တတွေက
တိုင်းသားပြည်သူတွေပေါ့။
အဖေ့စကား တသွေးတသံ တမိန့်ဆိုလျှင်ဖြင့်
အမေနဲ့ကျနော်တို့ ခမျာ၊ ဦးတည်ရာ လိုက်နာရုံပေါ့
အဘိုးအို ထင်းချိုးတဲ့ပုံပြင်
အဘိုးအို သရက်ပင်စိုက်တဲ့ပုံပြင်
(၅၅၀) နိပါတ်တွေထဲက ဆောင်ရန်ရှောင်ရန် လူမှုရေးအဘိဓမ္မာ
ဒါတွေဟာ အမိမြန်မာကြီးပွားရာအကြောင်းတွေပါပဲ။
ငါတို့ဟာ၊ တိုင်းရင်းသား
အားလုံးဟာ မြန်မာတွေပါပဲ
တစိတ်တဝမ်းမှ မကွဲလေနဲ့၊ ကိုယ့်တိုင်းပြည် ကိုယ့်ဧရာဝတီ
မြစ်ကြီးလေးသွယ် မြစ်ငယ်ငါးရာ
မြန်မာကို ကမ္ဘာက ဦးညွတ်စေမယ်
မိဘတွေဝတ္တရားကျေပါလျက်
သားနဲ့သမီးတွေ သူတလူ ငါတမင်းဖြစ်ဖြစ်နေက
ကျွန်ဘဝနဲ့ နီးပေလိမ့်။
ကံကိုချည်း အားမကိုးလေနဲ့၊ ဉာဏ်အသိနဲ့စိတ်ဖြာစေချင်ပေါ့
ငါတို့အိမ်အသွင်ဆန်းဖို့
ငါတို့ပြည် အမြင်လန်းဖို့
ထီးမပြီးခင် ငြမ်းမပျက်ကြလေနဲ့
အချစ်တွေ အမုန်းမဖြစ်ဖို့
အပြုံးတွေ ပြုံးကြစို့ တို့မိသားစုတိုင်းပြည်။
ကဗျာလေးရဲ့အသံကိုနားထောင်လိုက်ရတာ ချိုမြနေတယ်။ ဒီကဗျာထဲကလို ကျနော်တို့တိုင်းပြည် မှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားညီအကို၊မောင်နှမတွေ စိတ်ဝမ်းမကွဲမပြားပဲ အစဉ်အမြဲနေထိုင်နိုင်ခဲ့မယ် ဆိုရင်၊ အတိတ်ဆိုးတွေရှိခဲ့မှာမဟုတ်ဘူးလို့တွေးမိရင်း ကုန်လွန်သွားခဲ့တဲ့ ကာလပေါင်းများစွာကိုနှမျော တသနေမိတယ်။ ကျနော်တို့ လွန်ခဲ့တဲ့နှစ်ကာလတွေက အကြောင်းတွေ ကို ပြန်မတွေးမိချင်ပါဘူး။ ဒါပေမဲ့လည်း မတွေးပဲနဲ့လည်းနေလို့မရနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ကောင်းသည်ဖြစ်စေ၊
ဆိုးသည်ဖြစ်စေ မေ့ဖျောက်ပစ်လို့မရတဲ့ သမိုင်းစာမျက်နှာတွေပါပဲ။ တခါက
အတိတ်ကိုပြန်တွေးရင်း စိတ်တွေနွေလယ်ည လို ပူလောင်လာပါတယ်။ ဗြူတီမဂ္ဂဇင်း ထဲက ကဗျာဆရာ နေမျိုး ရဲ့ နွေလယ်ည ကို ဖတ်မိလိုက်ပြန်ပါ တယ်။
မြင်းဇောင်းထဲမှာ
မြင်းဟာမတ်တပ်ရပ် အိပ်နေတယ်
သမဆိုင်ရှေ့
လမ်းပေါ်မှာ
လမ်းကြိတ်စက်က
အမှောင်ထဲရပ်လို့
ရပ်ကွက်စာကြည့်တိုက်က
စာအုပ်တွေငှားပြီး
ဓာတ်တိုင်တွေအောက်
လမ်းလျှောက်ရင်းပြန်လာ
ဟစ်တလာ၏ သစ္စာဧကရီ
နွေရာသီရဲ့ညတွေလေ
အဖေကမအိပ်သေး
တက်ထရွန်အင်္ကျီက ဖြူဖွေးလို့
နွေညလေပြည်ထဲမှာ
မြင်းသေးနံ့တွေရလို့
အိမ်နောက်ဖေးမီးရောင်မှာ ပလူတွေ
ငါ လူငယ်ဘဝ
အိမ်ကျဉ်းကျဉ်းကလေးမှာနေခဲ့တုန်းကလေ။
ကဗျာဆရာနေမျိုးရဲ့ကဗျာကိုဖတ်ရင်
မီးကို မီးနဲ့ငြှိမ်းခဲ့ဖူးတယ်
ကြယ်တွေ ကြွေတာများခဲ့ဖူးတယ်
မီးခိုးတွေလည်း ခွေနေတဲ့မြစ်ပေါ့။
ဒီနေ့
နေက နောက်ပြန်လှည့်နေပြီ(လား)
လေညှင်းနုနု ရင်ထုလို့
အိမ်ပြန်ရင် လသာပါ့မလား….တဲ့
သမိုင်းစာမျက်နှာတွေ မျက်နှာကောင်းပါ့မလား ….တဲ့
လွှတ်တော်အသံ ပြည်သူ့အသံ ….တဲ့
ကျနော်(တို့) ဟာ
အိပ်မက်နဲ့ပျော်သူ
ချစ်ခြင်းမေတ္တာနဲ့ပျော်သူ
အရေးတော်ပုံနဲ့ ပျော်သူ။
ကဲ၊ ကဗျာဆရာပြောတဲ့အတိုင်းဆို ဒီနေ့လည်း အိမ်ကိုလွမ်းနေရဦးမယ်ပေါ့။ ရှေ့ကိုလျှောက်ချင်ပေမယ့် နေလုံးကြီးက နောက် ပြန်လှည့်နေပြီလေ။ နောက်ကိုပဲပြန်ရောက်နေမှာပါပဲ။ ဒီလိုဖြစ်နေတာကလည်း လွှတ်တော်အသံ ပြည်သူ့အသံတွေက ဒီခေတ်ရဲ့သမိုင်း စာမျက်နှာလိုရေးနေ ပါပြီ။ ဒီခေတ်က အိပ်မက်ထဲကမနိုးထနိုင်သေးပါဘူး။ အိပ်မက်ထဲက အရေးတော်ပုံကို ပြန်မက်နေတာပါပဲ။
ကဗျာဆရာကပြောသလို အိမ်အပြင်မှာရောက်နေရတာ ၂၄ နာရီတဲ့။ ကျနော်တို့လည်း အိမ်အပြင်ရောက် နေပေမယ့်
အိပ်မက်ထဲမှာ လမ်းလျှောက်သလိုလျှောက်နေခဲ့ရတာ ၂၄ နာရီကြာခဲ့ပါပြီ။
နောက်ထပ်လည်း ၂၄ နာရီပေါင်းများစွာ။ အိမ်ကိုပြန်ချင်လှပါပြီ။ ဒါပေမဲ့
အိမ်ပြန်တဲ့အခါ သမိုင်းတော့ လှစေချင်ပါတယ်။ မိသားစုကို
သမိုင်းလှလှလေးလက်ဆောင်ပေးချင်ပါတယ်။ ပြောမယ်ဆိုရင် အချစ်တွေ တပုံကြီးယူသွားပြီး လက်ဆောင်ပေးချင်ပါတယ်။ မြို့ကြီးတမြို့လုံးတောင် လက်ဆောင်အဖြစ် သယ်ဆောင် သွားချင်ပါတယ်။ ဇွန်လထုတ် မိုးမခမဂ္ဂဇင်းထဲက ဆရာမောင်ကြူးရင့်ရဲ့ အချစ်မြို့ကဗျာ ကိုဖတ်ရင်း စိတ်ကူးယဉ်လိုက်မိ ပါတယ်။
အချစ်ရေ
အချစ်ကိုရိတ်သိမ်းချင်ရင်
အချစ်ကိုစိုက်ပျိုးပြီး
နှလုံးသားနဲ့ ထယ်ရေးငင်ရမှာပဲ
ရောမမြို့ကြီးဟာ
တနေ့တည်းတည်ဆောက်တာမဟုတ်ဘူး
အချစ်ရေ
အမြင့်ပျံချင်ရင်
တောင်ပံသန်ဖို့လိုတယ်
သံလွင်ခက်ကိုတွေ့ဖို့
ကမ်းရှာငှက်ဟာ ပျံသန်းရတာပဲ
ရောမမြို့ကြီးဟာ
တနေ့တည်း တည်ဆောက်ခဲ့တာမဟုတ်ဘူး
အချစ်ရေ
ကြယ်အစုအဝေးက
ကောင်းကင်ကိုသိမ်းပိုက်တယ်
လရောင်က
ကမ္ဘာမြေကိုသိမ်းပိုက်တယ်
အချစ်ကျောက်တိုင်ကို
ခိုင်ခိုင်ဆောက်ရမှာပဲ
ရောမမြို့ကြီးဟာ
တနေ့တည်း တည်ဆောက်ခဲ့တာမဟုတ်ဘူး
အချစ်ရေ
အိပ်မက်ရင်ခွင်မှာ
အနမ်းဦးနဲ့အိပ်စက်ဖို့
ဘဝကိုခံကတုတ်လုပ်ပြီး
မဆုတ်ခွာတမ်းရှေ့ဆက်ရမှာပဲ
ရောမမြို့ကြီးဟာ
တနေ့တည်း တည်ဆောက်ခဲ့တာမဟုတ်ဘူး
အချစ်ရေ
ငါတို့ နမ်းဆွတ်ချင်တာ
နှင်းဆီရောင်အချစ်မြို့ဖြစ်တယ်
လင်းပွင့်မှုနဲ့သန့်စင်ဖို့လိုတယ်
ဘဝနဲ့ ရိုးသားမှုကို၊မြုပ်နှံရမှာပဲ
ရောမမြို့ကြီးဟာ
တနေ့တည်း တည်ဆောက်ခဲ့တာမဟုတ်ဘူး။
ဒါပါပဲ၊ ရောမမြို့ကြီးဟာ တနေ့တည်း တည်ဆောက်ခဲ့တာမဟုတ်ဘူးဆိုတာလည်း သိနေခဲ့ကြ ပါတယ်။ ကျနော်တို့လည်း တနေ့နေ့တော့အိမ်ပြန်ကြရမှာပါပဲ။ အိမ်ပြန်ရောက်ချိန်မှာ သမိုင်းလှလှလေး လက်ဆောင်ပါသွားချင်ပါတယ်။ အခုအချိန်မှာ အိမ်ကိုလွမ်းနေရဦးမှာပေါ့။
ကိုနိုင်း
သုံးသပ်မိသောကဗျာများ။
၁။ နရီ(မြိတ်)၊ မိသားစုတိုင်းပြည်၊ Family Life မဂ္ဂဇင်း၊ ဇွန်လ ၂၀၁၇။
၂။ နေမျိုး၊ နွေလယ်ည၊ ဗြူတီမဂ္ဂဇင်း၊ ဇွန်လ ၂၀၁၇။
၃။ တင်ညွန့်မြိုင်(သာစည်)၊ ၂၄ နာရီပြင်ပ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ဇူလိုင်လ ၂၀၁၇။
၎။ မောင်ကြူးရင့်၊ အချစ်မြို့၊ မိုးမခမဂ္ဂဇင်း၊ ဇွန်လ ၂၀၁၇။
သူရိယနေဝန်းဂျာနယ်၊ Vol 1. No 155. 8 July .2017
Comments
Post a Comment