ဧဏီမင်း - ဆိတ်သုဉ်းသင်္ကြန်

Art - POS
ဆိတ်သုဉ်းသင်္ကြန်
ဧဏီမင်း
(သစ်ခက်သံလွင်) ဧပြီ ၁၆၊ ၂၀၂၅

သင်္ကန္တရဲ့အဆုံးတိုင်းမှာ
အပြောင်းအလဲတွေကို မြင်ရတယ်

ဒီနှစ်ဟာ
မနှစ်ကနဲ့ မတူဘူး
ဒီကနေ့ဟာ
မနေ့ကနဲ့ မတူပြန်ဘူး

ဆံပင်အရောင်တွေ ပြောင်းတယ်
လမ်းတွေပြောင်းတယ်
ချစ်ခြင်းမေတ္တာတွေပြောင်းတယ်
မြေဆီလွှာတွေပြောင်းတယ်
(လူတချို့)
အရောင်တွေ ပြောင်းသွားတယ်

မအေးမြတဲ့ သင်္ကြန်မှာ
ရေတွ ဘယ်လိုလောင်းလောင်း
ကမ္ဘာကြီးကတော့ ပူကောင်းဆဲ

လူတွေက
မေတ္တာနဲ့ ကိုယ်ချင်းစာတရားလောင်းဖို့တော့ မေ့နေတတ်တာမျိုး

ဒီနွေဟာ ပူလွန်းတယ်
အတာဟာ ကမ္ဘာကို မစားဘဲ
လူတွေပဲ စားနေတော့ ခက်တယ်

ဒီလူမှာ
ဒီအတာမှာ
ဒီသင်္ကြန်ကိုရှာမတွေ့တာ
လေးနှစ်လေးမိုးတောင် ကြာခဲ့ပြီ မေ။

၁၄ ဧပရယ် ၂၀၂၅

Comments