နွေညို - ငါတို့ရင်ဘတ်ကို ထိုးစိုက်နေတဲ့ ကြယ်တွေ

Art by SKB

ငါတို့ရင်ဘတ်ကို ထိုးစိုက်နေတဲ့ ကြယ်တွေ
နွေညို
( သစ်ခက်သံလွင်) မေ ၁၄၊ ၂၀၂၅

ကျိုးကြေနေတဲ့ စိတ်နဲ့
ကဗျာတွေ မရေးဖြစ်ဘူး
စာအုပ်တွေ မဖတ်ဖြစ်ဘူး
ချစ်တဲ့သူတွေနဲ့ တွေ့တော့
လွမ်းစရာတွေ နာစရာတွေ
မနက်ဖြန် ငါတို့အိပ်‌ရေးဝဖို့
ညည ခေါင်းမပြားရတဲ့
‌ညတွေ ကြာခဲ့ပြီ
ခက်နေတဲ့ ခေတ်ကို
ခေါက်ထားမရတော့
ဂေါက်ဂက်လိုက်နေတဲ့
စနစ်ထဲ နစ်ပြီးရင်းနစ်ပေါ့
ရေပေါ်ဆီတွေ ရေလိုမနေတတ်တော့
ရေဟာ ရေ ဆီဟာ ဆီပါပဲ
မထူးဆန်းတော့ပါဘူး
မထူးဇာတ်လည်း
မခင်းတော့ပါဘူး
အမှတ်မထင်လည်း
ငဲ့မကြည့်မိတော့ပါဘူး
မိုးရွာတဲ့ အခါ မိုးရွာသလို
နေပူတဲ့အခါ နေပူသလိုပေါ့
တက်ကျိုးနေမှတော့
ငါတို့လက်နဲ့ ငါတို့လှော်ပြီး
ငါ့တို့အားလုံး
ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်
ခရီးတွေဆက်မယ်
နေ့စဉ် ဝမ်းနည်းမှုဟာ
ကြယ်တွေ တစ်လုံးပြီးတစ်လုံး ကြွေနေတာပါပဲ
နေ့ရှိသ၍
ငါတို့ ရင်ဘတ်တွေထဲ တနင့်နင့်နဲ့
လာထိုးစိုက်‌ နေတဲ့ ကြယ်တွေ များများလာတယ် ။   ။

10.5.2025

Comments