မိုးမြင့်ယံ - မျက်ရည်အမာများကျကွဲသံ

Art by Aung Htet
မျက်ရည်အမာများကျကွဲသံ 
မိုးမြင့်ယံ
(သစ်ခက်သံလွင်) မေ ၁၈၊ ၂၀၂၅

ဒီတိုင်းပြည်အပြင်ဘက်က ညီငယ်ရေ
နေထိုင်းကောင်းပြီး ဘေးကင်းကျန်းမာပါစေကွာ
အကိုတို့ ဘဝတွေကတော့
ပူပြင်းလောင်မြှိုက်ခြင်းတွေအောက်မှာ
အားတင်းရုန်းကန်နေတုန်းပါပဲ
ညီငယ်လည်း သတင်းတွေဖတ်ရမှာပေါ့
နွေဟာ နွေပီသစွာပဲ
အပူရောင်တွေနဲ့ ဖြန့်ကျက်အုပ်မိုးထားတုန်းပါလေ
 မတ် ၂၈ ၊ ၂၀၂၅
ဒီနိုင်ငံရဲ့ အထက်ပိုင်းတခုလုံး
ရစရာမရှိအောင်ကြေမွသွားခဲ့ရတာကိုပေါ့
ဒီနွေထဲမှာပဲ
မျက်ရည် ချွေးစက် သွေးကွက်တွေနဲ့
အော်ဟစ်ငိုညည်းသံတွေ
တိုင်းတပါးကနေ ညီငယ်လည်း ကြားမယ်ထင်ပါရဲ့
တို့ညီအစ်ကိုတွေ ငယ်ငယ်ကသံပြိုင်ရွတ်ခဲ့ဖူးတဲ့
" မတ် ၊ ဧပြီ ၊ မေ နွေသုံးလ ကလေးတို့မှတ်ထားကြ "
ဆိုတဲ့ ဆယ့်နှစ်လရာသီ အလွယ်မှတ်ကဗျာလေးထဲကလိုပဲ နွေဟာ နွေပီသခဲ့ပါတယ် ညီငယ် ရယ်
နာကျင်မှူတွေ မရပ်တန့်သေးခင်
နာကျည်းစရာအဖြစ်ဆိုးနဲ့
မေလဟာ ဖြူစင်ခြင်းတွေကို သွေးစွန်းစေခဲ့ပြန်တယ်
ဒီပဲယင်း တဲ့
အိုးထိမ်းကွင်း တဲ့
လူမဆန်တဲ့ ယုတ်မာကောက်ကျစ်မှု ပြယုဂ်တခုရဲ့
မုတ်သုန်အဦးမှာ
အညွှတ်အဖူးတွေအချိုးခံလိုက်ရတဲ့
အနာဂါတ်တွေအတွက်
ယောကျ်ားရင့်မာကြီးတယောက်ပေမဲ့လည်း
မင်းအစ်ကို ငါ ငိုမိပါရဲ့ ညီလေးရယ် ။

17. May. 2025

Comments