တွန့်ကြေကြေ ကျောတခင်းစာ
ငြိမ်းပြေ
(သစ်ခက်သံလွင်) ဧပြီ ၁၆၊ ၂၀၂၅
တံတားဟာ မနက်လင်းလုလုမှာ မှုန် မှိုင်းလို့နေတယ် ၊ မြူမှုန်လေးတွေကြောင့် မှုန်နေတာဖြစ်နိုင်သလို တံတားရဲ့ ဘယ်ညာဘေးနှစ်ဘက်က ထရံယက်ကြတဲ့ ဝါးဆိုင်တွေဆီက စွန့်ပစ်ပစ္စည်းအနေနဲ့ ထွက်လာတဲ့ ဝါးတိုဝါးစတွေကို မီးရှို့တာကြောင့်လဲ ဖြစ်နိုင်လောက်မယ် ၊ သေချာတာကတော့ တခါတရံ ဖြတ်သွားဖြတ်လာရှိတဲ့ ဆိုင်ကယ်တစီးတလေနဲ့ ဈေးလာတဲ့ ဘေးတွဲတစီးလောက်ကလွဲရင် တံတားပေါ်မှာ လူသွားလူလာ မရှိသေးပါဘူး၊ တံတားပေါ် စ ရောက်တဲ့အခါ ဘေးဘက်ဆီမှာရှိတဲ့ လူတကိုယ်စာ လျှောက်လမ်းလေးပေါ် ကို တက်တယ်၊ လူလျှောက်လမ်းလေးပေါ် ရောက်တဲ့အခါမှာတော့ ခြေလှမ်းတွေက အလိုလိုမြန်လာပါတာလဲ ထုံးစံလို ဖြစ်နေပါပြီ၊ တခြားသော နည်းလမ်းတွေထက် လမ်းလျှောက်တဲ့အလုပ်ကို ပိုပြီးလုပ်ဖြစ်တာက လျှောက်ပြီးတဲ့အခါ လူက ပေါ့ပေါ့ပါးပါးရှိနေတာကို သဘောကျလို့လဲ ဖြစ်မှာပါ၊ အတော်လေးအေးတဲ့ ရက်မျိုးတွေမှာ ခပ်ရွရွပြေးဖြစ်တာကလွဲရင် ပုံမှန်လမ်းလျှောက်နေရတာကိုပဲ သဘောကျနေမိတာလဲ ပါကောင်းပါမှာပေါ့ ၊ ပေအရှည် ကိုးရာလို့ ထိပ်နှစ်ဘက်မှာ ကဗ္ဗည်းထိုးထားတဲ့ ဒီတံတားကို ခြောက်ခါပတ်လျှောက်ပြီးတဲ့အခါ ခြေလှမ်းပေါင်း သုံးထောင့်ငါးရာကျော် ရတယ်လို့ ဖုံးက ရေတွက်ပေးတယ် ၊ ဒီကိန်းဂဏန်းတွေအရဆိုရင် လူတယောက်ရဲ့ တနေ့တာအတွက် ကိုယ်လက်လှုပ်ရှားမှုဟာ လုံလောက်တန်ကောင်းပြီလို့ တွေးရင်းနဲ့ အိမ်ပြန်လာခဲ့မြဲပါပဲ ။
လျှောက်ဖြစ်တဲ့အခါတိုင်း အဖော်နဲ့ လျှောက်ရတာထက် တယောက်ထဲ လျှောက်ရတာကို သဘော ပိုကျမိတာပါပဲ ၊ ဘယ်သူ့မှ စောင့်နေစရာ မလိုသလို ဘယ်နေရာမှာမှလဲ ဝင်ခေါ်နေစရာလဲမလိုအပ်လို့ပါ၊ ဘယ်နှစ်ခေါက် လျှောက်မယ်လို့ ညှိနေစရာ မလိုအပ်သလို ဘာလောကဝတ်မှလဲ ပြောနေစရာ မလိုဘူးမဟုတ်လား ၊ တွေးချင်ရာကို တွေးနေနိုင်သလိုပဲ ပြောချင်ရာကို ဘယ်သူ့မျက်နှာမှမထောက်ပဲနဲ့ ပြောနေလို့ ရသေးတယ်မဟုတ်လား ၊ ကိုယ့်တကိုယ်ရည်စာ ဘာကိုမှမထိမခိုက်ပဲ အပေါ့ပါးဆုံးနေရတဲ့ ခဏတာအခိုက်အတန့်တွေမို့ သဘော ကျတာလဲပါမှာပေါ့၊ အတိတ်ကိုလဲ ပြန်သွားနိုင်သလိုပဲ မရောက်လာသေးတဲ့ အနာဂတ်ကိုလဲမျှော်ကြည့်လို့ ရနိုင်သေးတယ်မဟုတ်ဘူးလား၊ ကိုယ့်ဘာသာ ရေးချင်ရာ ရေးဖြစ်တဲ့ စာတိုလေးတွေက ဒီလိုလျှောက်ရင်း တွေးမိတဲ့ အတွေးတွေကတဆင့် ဖြစ်လာတာဆိုရင်လဲ မှားမယ်မထင်ပါဘူး၊ တခါတလေလဲ စိတ်လိုလက်ရ သီချင်းတပုဒ်ကိုလဲ ညည်းမိချင်ရင် ညည်းလို့ ရနိုင်သေးတာပေါ့ ။
လမ်းလျှောက်လို့ နောက်ဆုံးအခေါက်ရောက်တဲ့အခါ အလည်ခေါင်လို့ ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ လမ်းမီးတိုင် ငါးတိုင်မြောက်ရဲ့ အကျော်နားဆီမှာ ရပ်တယ် ၊ မနက်စောစော လေထဲမှာပါတဲ့ ရေငွေ့ကို ရှူရတာ ကျန်းမာရေးအတွက် ကောင်းတယ်ကွ ဆိုတဲ့ အဖေ့ညီတော်မောင်ရဲ့ စကားကို နားယောင်ပြီးတော့ ရေငွေ့ရှူသွင်း ရှူထုတ်လုပ်ရင်း အကြောလျှော့တတ်သလို လျှော့ဖို့အတွက် ရပ်ဖြစ်တာပါ ၊ တံတားတလျှောက်မှာ လမ်းမီးတိုင် ဆယ်တိုင်ရှိလို့ ငါးတိုင်မြောက်ကို အလယ်ဗဟိုလို့ ထင်မိတာဖြစ်နိုင်သလိုပဲ ချောင်းဟာလဲ ငါးတိုင်မြောက်ရဲ့အလယ်လောက်ဆီမှာ စီးနေတာမိုလို့လဲ ဖြစ်နိုင်ပါတယ် ၊ လေထုဆိုတာ ကိုယ့်အထက်ဝန်းကျင်မှာ ပျံ့နှံ့တည်ရှိတာ မှန်ပေမယ် ချောင်းပေါ်မှာ ရပ်နေမှ ရေငွေ့ရမှာလို့ ရီချင်စရာကောင်းတဲ့ အတွေးက စိတ်ထဲမှာ ရှိနေတာမို့ အဲဒီနားမှာပဲ ရပ်ဖြစ် အကြောလျှော့ဖြစ်နေခဲ့တာပါ ၊ ချောင်းကလေးကတော့ အောက်ဘက်ဆီမှာ ငြိမ်ငြိမ်သက်သက် မြစ်ဆီကို စီးနေမြဲပေါ့ ။
တရက်ကျတော့ တံတားအလယ်မှာရပ် အကြောလျှော့နေရင်း တဘက်ကမ်းရဲ့ ခပ်လှမ်းလှမ်းမှာ မီးရောင်မြင်လို့ သတိထားကြည့်မိပါတယ် ၊ ချောင်းထဲမှာ ငါးထိုးတဲ့သူ ရှော့ခ်တိုက်တဲ့သူဆိုရင် ကမ်းပါးစပ်ချောင်းစပ်မှာ ရှိရမှာဖြစ်ပေမယ့် ခုမြင်ရတဲ့မီးရောင်က ကမ်းပါးနဲ့ ခပ်လှမ်း လှမ်းဆီမှာမို့ စိတ်ဝင်တစားနဲ့ ကြည့်ဖြစ်မိတာပါ ၊ အားသွင်းလို့ရတဲ့ တရုတ်မီးလုံးလေးနဲ့ တခုခုလုပ်နေပုံရတဲ့ လူတယောက်ဆီက လာတဲ့မီးရောင်ပါ ၊ ဆက်ကြည့်နေမိတဲ့အခါ မီးမွှေးလိုက်လို့ ရလာတဲ့အလင်းက တရုတ်မီးလုံးလေးကို အားဖြည့်ပေးလိုက်သလို ဖြစ်သွားသလိုမို့ ထိုးထိုး ထောင်ထောင် တိုင်လိုလိုဟာတွေကို မသဲမကွဲ မြင်ရပါတယ် ၊ ကိုင်းလုပ်သူတွေ မောလာတဲ့အခါ ခနနားဖို့ ဆောက်တဲ့ တဲပေါက်စလေးတွလိုမျိုး မဟုတ်ပဲ လူနေလို့ ရလောက်တဲ့ တဲနီးပါးမို့ စိတ်ဝင်စားမှုက လိုတာထက် ပိုလာပါတော့တယ် ၊ ဒါနဲ့ အကြောပြီးအောင် မလျှော့တော့ပဲ အဲဒီတဲကို အပေါ်က စီးမြင်ရတဲ့အထိ လျှောက်လာခဲ့မိတယ်၊ အပေါ်တည့်တည့် ရောက်တဲ့အခါ သေချာငုံ့ကြည့်မိတော့ တိုင်ထူပြီးကာစ တဲတလုံးရဲ့ ရှေ့ဘက်မှာ လူရွယ်တယောက် ထင်းမီးနဲ့ ရေနွေးအိုးတည်လို့၊ နံဘေးမှာ ဓာတ်ဗူးနှစ်လုံးကလဲ ချလို့ ၊ ပန်းကန်ခွက်ယောက် အသုံးအဆောင်အနည်းငယ်နဲ့ အဝတ်အစားတချို့ ပွစာကျဲနေတာကိုလဲတွေ့ရတယ်၊ စူးစူးစမ်းစမ်း လိုက်ကြည့်နေမိတဲ့ခဏမှာပဲ တယောက်ယောက်က ကိုယ့်ကို စိုက်ကြည့်နေတဲ့အခါ မသိစိတ်ကအလိုလိုသိလိုမျိုးနဲ့ မီးရောင်အောက်ကလူဟာ အပေါ်ကို ဆတ်ကနဲမော့ကြည့်ပါတယ်၊ ကိုယ့်ဘာသာ စူးစမ်းလိုစိတ်နဲ့ကြည့်နေမိတဲ့အကြည့်ကို အားနာမိလို့ ကပြာကယာ နောက် ဆုတ်လိုက်ရင်းက အိမ်ရှိရာကိုပြန်လာခဲ့မိတယ်၊ အဲဒီအချိန်က စလို့ မနက်စောစော လမ်းထလျှောက် ဖြစ်တဲ့အခါတိုင်း အဲဒီတဲလေးကို ဂရုတစိုက် ကြည့်ဖြစ်တဲ့အကျင့်က ရလာတော့တာပါပဲ ။
စ ဆောက်တုန်းက ဝါးလုံးတွေကို တိုင်အဖြစ်သုံးတဲ့အထဲမှာ မျောတိုင်ခပ်လှီလှီလေးတွေလဲ တတိုင်စ နှစ်တိုင်စ ရတတ်သမျှ ညှပ်ထည့်ထားတာလဲ သတိထားမိတယ် ၊ မရ ရရာနဲ့ ဆောက်ရပုံရလို့ သစ်နဲ့ဝါး ရောမသုံးရတာတွေ ဘာတွေ သိပ်အလေးထားဟန်မတူပါဘူး၊ သူလိုအပ်တဲ့အရှည်ရှိရင် တိုင်လုပ်လို့ရပြီလောက်ပဲ ခေါင်းထဲထည့်ပုံပါ၊ တိုင်တွေထူပြီးတဲ့အခါ အလွယ်ပြောရရင် အမိုးမိုးဖို့တန်း စချတာပါပဲ၊ ဝါးတခုပဲ ပေါပေါသီသီရှိပုံရတော့ ဝါးကို တန်းလုပ်ချတယ်၊ ဒီနေရာမှာတော့ အရင်းအဖျားလောက်တော့ သိပုံရတယ် ၊ ဝါးဖျားလေးတွေဟာ တံစက် မြိတ်ဘက်ဆီကို စင်းနေတာပါပဲ ၊ နောက်တရက်နေတော့ ဘယ်ကရလာတယ်မသိတဲ့ မိုးကာစပေါ့ အောက်ဘက်ကအခေါ် ဝါတာဖရူးပေါ့ ၊ အဲဒါ အုပ်ပြီး အမိုးလာပါတယ် ၊ အေးနေတဲ့ရာသီဆိုတော့ ခမျာမှာ နှင်းတောထဲ အိပ်နေရရှာတာလို့ မအီမသာ ဖြစ်နေရတဲ့စိတ်က အဲဒီအမိုးကို မြင်ပြီးကတည်းက ဘဝင်တမျိုးလဲ ကျမိပါတယ် ၊ ကိုယ်က ဘာတခုမှမကူညီပေးနိုင်ခဲ့ပေမယ့် ကျေနပ်စိတ်နဲ့ ပီတိဖြစ်ခဲ့ရတာတော့ သေချာခဲ့ပါတယ် ၊ အဲလိုနဲ့ အမိုးက စလိုက်တာ အကာ အရံတွေအထိ တရက်ပြီးတရက်ရောက်လာပါတော့တယ် ၊ တခြားထူးထူးထွေထွေ မကာနိုင်ရှာပါဘူး ၊ မိုးကာစ အစုတ်လေးတွေပဲခေါ်ခေါ် ဝါတာဖရူးစအစုတ်လေးတွေပဲ ခေါ်ခေါ် အရောင်မတူတာလေးတွေ ပတ်ပတ်လည်ကာရံပြီးသွားခဲ့ပါတယ် ၊ တချို့နေရာကျတော့လဲ စက္ကူချပ်ဖာတွေပေါ့ ၊ ကိုယ့်အမြင်မှာ တဲလေးတလုံးလို့ သိမှတ်ထားပေမယ့် သူ့အတွက်တော့ နန်းတော်တမျှ ဖြစ်ချင်ဖြစ်နေမှာပေါ့ ၊ လူနေတော့အိမ် ရဟန်းနေတော့ကျောင်း တောင်းတဲ့လူနေတော့ဇရပ် ဘုရင်နေတော့နန်းတော် လို့ အမျိုးမျိုးခေါ်ကြပေမယ့် အခေါ်အဝေါ်နဲ့ သုံးစွဲတဲ့ပစ္စည်းတွေသာ ကွာခြားသွားကြတာ၊ အဓိကကတော့ ရာသီဥတုဒဏ်ကိုခံနိုင်ဖို့ပဲ အကာအကွယ်ယူကြရတာပဲ မဟုတ်ပါလား ။
သူ့ရဲ့နန်းတော်လေး တထီးတနန်းရှိလာတဲ့အခါမှာတော့ သူ့အပေါ်မှာ သွားရပ်ကြည့်ချင်စိတ်ကမရှိတော့ပါဘူး ၊ လုံလုံခြုံခြုံရှိသွားပြီလို့ စိတ်မှာထင်မိလို့လဲဖြစ်ကောင်းဖြစ်မှာပါ ၊ အချိန်တန်တဲ့အခါ သူ့တဲလေးထဲက မီးလုံးလေးကိုင်လျက်သား ထွက်လာမယ် ၊ မီးမွှေးပြီးရင် ရေနွေးအိုးတည်မယ် ၊ ရေနွေးဆူလာပြီးရင် ဓာတ်ဗူးထဲကို ထည့်မယ် ၊ ပြီးရင် ထမင်းအိုးတလုံးလောက် တည်နိုင်ကောင်းတည်နိုင်မယ် ၊ အဲဒါတွေ ပြီးသွားရင် သူဘာတွေများ ဆက်လုပ်မှာပါလိမ့် လို့ တွေးမိပြန်တယ်၊ သူတယောက်ထဲ နေတာလား ၊ သူ့မိသားစုကရော ဘယ်မှာလဲ ၊ သူက စပြီး စွန့်ခွာခဲ့တာလား ၊ သူ့ကို စွန့်ခွာသွားကြတာလား ၊ ဒါဟာ ဘဝသစ်တခု ပြန် စ တာလား ၊ ဘဝအဆုံးကို ရောက်သွားတာလား ၊ အတွေးတွေသာ လုံးလည်ချာလည်လိုက်ရုံကလွဲရင် အဖြေရတဲ့အထိ မရောက်ခဲ့ပါဘူး ၊ နေ့ဘက် ထင်သာမြင်သာ ရှိတဲ့အချိန် လာကြည့်ဖြစ်ရင် ဘယ်လိုလူဆိုတာ သိနိုင်ပေမယ့်လဲ သွားမကြည့်ဖြစ်ခဲ့ပါဘူး ၊
တဲအိမ်တွေ တိုက်အိမ်တွေ ပျဉ်ထောင်အိမ်တွေ အထပ်မြင့်တိုက်ခန်းတွေ အဆင့်မြင့်ကွန်ဒိုတွေ အဆောင်သဘောမျိုး အခန်းကန့်ထားတဲ့အိမ်တွေ စသဖြင့် အခေါ်အဝေါ်နဲ့ အမျိုးအစားကွဲ ပြားကြပေမယ့် အဓိပ္ပါယ်သဘောကတော့ ကျောတခင်းစာနေရာလေးတခုပါပဲ၊ ဒီကျောတခင်းစာနေရာတခုအတွက် မြို့ကြီးပြကြီးတွေမှာ အသက်ရှူဖို့ မေ့လုမတတ် အလျဉ်လိုကြရပေမယ့် ဟောဒီတောမြို့လေးမှာတော့ မြိုပြလောက် ကသီဖုတ်ဖက်ဖြစ်ဖို့ မလိုအပ်ခဲ့ပါဘူး၊ ကျူးကျော် လို့ တံဆိပ်ကပ်ပြီး လာရောက်တားဆီးမယ့်သူလဲ ရှိမယ် မထင်မိပါဘူး ၊ ဘယ်သူမှမနေချင်တဲ့ မလှမ်းမကမ်းမှာလဲ အမှိုက်သရိုက်တွေရှိနေတဲ့ နေရာမျိုးမှာ ကျောတခင်းစာအတွက် ကိုယ်တတ်နိုင်ရာနဲ့ဖန်တီးခြင်းဟာ ကမ္ဘာပေါ်မှာနေထိုင်ကြတဲ့ အခြားသူတွေအတွက် ဘာဘေးထွက်ဆိုးကျိုးမှလဲ ရှိမနေလောက်ပါဘူး ၊ အခါအခွင့်လို့စကားပြောခွင့် ရခဲ့ရင်သာ သူ့တဲနံရံရဲ့ အဆင်သင့်တဲ့တနေရာရာမှာ တဟေတီကျွန်းပုံလေးတပုံချိတ်ထားစေချင်တဲ့အကြောင်း ပြောချင်မိရုံ လောက်ရယ်ပါ ၊ သူ့အိမ်နဲ့သူ အခြေတကျဖြစ်သွားပြီမို့ ကိုယ်လဲ ပြန်သင့်ပြီလို့ စိတ် လျှော့ရင်းက အိမ်ရှိဘက်ဆီ ခြေဦးလှည့် လျှောက်လာခဲ့မိတယ် ၊ အဲဒီအချိန် အောက်ကို ငုံ့ကြည့်မိတဲ့အခါ တည်ထားတဲ့ ရေနွေးအိုးဆူလို့ ဓာတ်ဗူးထဲကို လောင်းထည့်နေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ။
တဆက်တည်း အမှတ်ရလာမိတဲ့ ဆရာအေးမင်းစောရဲ့ ဆောင်းရက်များကဗျာထဲက စကားလုံးအချို့ကိုလဲ ရေးပြချင်မိပါတယ် ၊
အိမ်ရှေ့မှာ စိုစွတ်တဲ့ မြက်ခင်းပြင်ရှိမယ်
အိပ်ရာထဲ ခွေခေါက်နေတဲ့ မွေးနေ့ဟာ တဲတဲလေး
သေတ္တာထဲသိမ်းထားတဲ့ အရေပြားက
ခါတိုင်းလို သမ်းဝေလို့
နံရံပေါ်ချိတ်ထားတဲ့ ပုံတူဟာ တွန့်ကြေလို့
နောက်ဆုံး
လည်ပင်းတဆုံး ဆွဲတင်လိုက်သမျှ လက်ကျန်သာ
ရှင်သန်ခြင်းဖြစ်ခဲ့ ..... တဲ့ ။ ။
ငြိမ်းပြေ
Comments
Post a Comment