တီတီအယ်လ်( အက်စ်ပီဒဗလျူ)- ပုံပြင်ထဲမှာတွေ့တယ်အိပ်မက်ဆိုးနဲ့ ပိတ်မိနေတဲ့ကလေးတစ်ယောက်

Art by POS
ပုံပြင်ထဲမှာတွေ့တယ်အိပ်မက်ဆိုးနဲ့
ပိတ်မိနေတဲ့ကလေးတစ်ယောက်
တီတီအယ်လ်( အက်စ်ပီဒဗလျူ)
(သစ်ခက်သံလွင်) မေ ၂၀၊ ၂၀၂၅

အဲဒီနေ့က
ကစားစရာအသစ်တွေရောက်လာမယ်လို့
မေမေဆရာမကပြောတယ်။
တကယ်ရောက်လာတော့
သေနတ်တွေနဲ့ဗုံးတွေ
ကစားမလား နားမလား မဟုတ်ပဲ

ဗုံးကျဲမှာလား တိုက်မလား
အဲဒီနေ့ကစလို့
မေမေဆရာမနဲ့ ဝေးခဲ့ရတယ်။

အဲဒီနေ့က
ပန်းကန်ပြားပျံကြီးကျလာမယ်လို့
အမေကပြောတယ်။

တကယ်ကျလာတော့
ဗုံးသံတွေ သေနတ်သံတွေနဲ့
အံ့ဩစရာ ပန်းကန်ပြားပျံကြီးအစား
စစ်လေယာဉ်ပျံကြီးတွေ တဝီဝီ ပျံသန်းလို့
ကြည့်နေမလား ပြေးမလား
အဲဒီနေ့ကစလို့
မိသားစုထမင်းအိုးလေး ကွဲခဲ့ရတယ်။

တောင်တန်းကြီးတွေနဲ့ ဝေးခဲ့ရသလို
မိသားစုတွေနဲ့လည်း ကွဲခဲ့ရ
ကြာတော့
မောင်လမင်းမောင်ဆိုတဲ့ နာမည်လေးပျောက်ပြီး
ဒုက္ခသည်ဆိုတဲ့ နာမည်ဆိုးနဲ့ ယဉ်ပါးလာ
ငတ်ချင်းပြတ်ချင်းနဲ့ ခံနိုင်ရည် ရှိလာ
အကြင်နာမဲ့တဲ့ စစ်အတ္တ
သူပုန်အတ္တတွေကြား
မေတ္တာတရားဟာ ဆီလိုရှားပါးလာ။

မောင်လမင်းမောင်ရဲ့ နိုင်ငံသားစီစစ်ရေးကဒ်မှာ
အမည်= ဒုက္ခသည်
ဖခင်အမည်= စစ်တလင်း
မိခင်အမည်= တိုက်ပွဲမှာကျမေမေ ဆရာမ
ပညာအရည်အချင်း= မရှိ/မသိ
နေရပ်= ဒုက္ခတို့ပေါက်ရောက်ရှင်သန်ရာမြေကြီး
ဘယ်မှာလဲ အကြင်နာတရားရယ်
ဘယ်မှာလဲ မေတ္တာတရားရယ်။

ပြည်တွင်းစစ်ထဲ
ဘဝတွင်း နစ်နစ်ထဲကို ဖိတ်စင်ကျ
ဘယ်လိုမှ ပြန်မရတော့ ဘဝမှာ
အဖေက ဘယ်မှာ
အမေက ပြန်မလာ
ဘယ်ဆီဘယ်ဝယ်များ ထွက်ခွာသွားလေသလား။

အဲဒီနေ့တွေကိုအစပြုလို့
ပြန်ရောက်မလာတော့တဲ့ အမျှော်နဲ့ ယဉ်ပါးရင်း
အားလုံးနဲ့ ဝေးခဲ့ရတယ်
ဝေးနေရဦးမယ်။

အားလုံးပြီးသွားပြီဆိုတဲ့တစ်နေ့
ကစားစရာ အသစ်တွေနဲ့ ကစားမယ်
ကစားလည်း ကစားမယ်
နားလည်း နားမယ်
ပန်းကန်ပြားပျံကြီး ကြည့်မယ်
ကြည့်မယ် ကစားမယ် နားမယ်။

ပုံပြင်အဆုံးမှာ
မျက်ရည်တွေ စီးကျလို့
နားထောင်သူတွေဆီမှာ
မေတ္တာနဲ့ ကရုဏာတရားကို တွေ့တယ်
ထပ်တူ မျက်ရည်ကျမိတယ်
ပုံပြင်ထဲမှာ တစ်ခုခုကိုတွေ့တယ်။ ။


Comments