သစ်ခက်သံလွင်ကဗျာ၊ ဒီလူည ၏ "လမ်းနာမည် အမှန်နဲ့ နေထိုင် ခြင်း"

လမ်းနာမည် အမှန်နဲ့ နေထိုင် ခြင်း
POS
ငါ့မိဘတွေက အသက် ၅၀ / ၆၀ ရောက်ကြပြီ
မနေ့တနေ့ကမှ ငါတို့လမ်းနာမည်ဟာ လှုပ်လာတယ်
ငါဟာ ခရေလမ်းမှာနေတယ်
မဟုတ်ဘူး။ ငါဟာ ခရေလမ်းမှာ နေထိုင်သူမဟုတ်ဘူး
ဟုတ်ပါတယ်။ ငါတို့ရဲ့အိမ်ထောင်စုဇယားမှာ ငါတို့နေထိုင်တာ
ခရေလမ်းဖြစ်ကြောင်းလွှတ်တော် ကိုယ်စားလှယ်ကြီးတယောက်ရဲ့ နှုတ်ပြောစကားနဲ့
ငါနေထိုင်ရာလမ်းဟာ ခရေလမ်းဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တယ်
ဒါဆို ငါ့အဘွားဟာ လမ်းနာမည်အမှန်နဲ့ သေခဲ့တာပေါ့
အဲ့ဒီအုတ်ခုံလေးကို ကျော်လိုက်တာနဲ့ ငါ့ကစားဖော်
သူ့ငယ်ချင်းတွေဟာလည်း ခရေလမ်းသားတွေပဲ
ငါတို့ အဲ့သလိုအတူတူရှိခဲ့ပြီး အတူတူ ဂစ်တာတွေတီးခဲ့ကြ
ငါတို့ အဲ့သလိုအတူတူ ကင်းစောင့်တဲ့ညတွေဆို ပျော်ပျော်ဖြတ်သန်းခဲ့ကြ
ခု ငါ့အသက်က ၃၀
ဒီတော့မှ ငါ့သူငယ်ချင်းတွေဟာ ခရေလမ်းသားတွေမဟုတ်ဘူးတဲ့
အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့နှုတ်ပြောစကားနဲ့
ငါ့သူငယ်ချင်းတွေ ခရေလမ်းသား မဟုတ်ကြတော့ဘူး
ဟုတ်ပါတယ်။ သူတို့ရဲ့အိမ်ထောင်စုဇယားမှာတော့ ခရေလမ်းသားတွေပါပဲ
ဟုတ်ပါတယ်။ သူတို့ရဲ့လက်သန်းတွေမင်ဆွတ်ခဲ့ကြတုန်းကလည်း သူတို့ကခရေလမ်းသားတွေပါပဲ
ဒါပေမဲ့  ခုတော့မဟုတ်တော့ဘူး
သူတို့လမ်းက ကတ္တရာ ငါတို့လမ်းက ဂဝံလမ်း ငါတို့လမ်းတွေ မတူကြတော့ဘူး
သေဆုံးသွားတဲ့ ငါ့သူငယ်ချင်း တယောက်လည်း
သူနေထိုင်ရာ လမ်းအမှန်ကို သိမသွား ရှာခဲ့ဘူး
သူ့မိန်းမနဲ့ သူ့ကလေးကို သူဟာ ခရေလမ်းသားဖြစ်ကြောင်း ပြောခဲ့မှာပဲ
ဒါပေမဲ့ ခုတော့ သူဟာ ခရေလမ်းသား မဟုတ်တော့ဘူး
သူ့အိမ်ထောင်စုဇယားမှာ သူဟာ ခရေလမ်းမှာ နေထိုင်ပေမယ့် သူဟာ ခရေလမ်းသားမဟုတ်ဘူး
" ခရေလမ်းသားတွေက အချဉ်တော့မဟုတ်ဘူးနော် "
ဘောလုံးချိန်းကန်ပြီးပြန်လာတိုင်း သူပြောတတ်တဲ့ စကားကို ငါ ပြန်ကြားမိတယ်
ဘာမှယူမသွားနိုင်ပေမယ့် မင့်စိတ်ထဲ သေရာပါခဲ့တဲ့ လမ်းနာမည်က အမှားကြီး
မဟုတ်ဘူးသူငယ်ချင်း။ မင်းဟာ ခရေလမ်းသား မဟုတ်ခဲ့ဘူး
မလေးကို ဆယ်နှစ်မကရောက်နေတဲ့ ငါ့သူငယ်ချင်းတယောက်လည်း
သူဟာ ခရေလမ်းသားမဟုတ်ကြောင်း ငါ ဘယ်လိုပြောရမလဲ
သူ့အကောင့် ငါ့မှာမရှိသလို သူ့ဖုန်းနံပါတ်လည်း ငါမသိ
သူဟာ ခရေလမ်းသားအမှတ်နဲ့ ဒီလမ်းလေးကိုထားပြီး ဘဝကို ဆန်နေတာ
သူပြန်လာရင် သူထားခဲ့တဲ့လမ်းဟာ ခရေလမ်းမဟုတ်ကြောင်းသိမယ်
ဟုတ်တယ်။ မင်းဟာ ခရေလမ်းသားမဟုတ်ခဲ့ဘူး
ကိုယ်နေထိုင်ရာလိပ်စာတောင် မှန်အောင်မတပ်နိုင်တဲ့အဖြစ်က ဆိုးလွန်းတယ်ကွာ
အဲ့ဒီနာရေးဖိတ်စာတွေပေါ်မှာ ခရေလမ်းအမှတ်နဲ့ သေဆုံးသူတွေဟာ
သူတို့သေဆုံးခဲ့ကြတာ ခရေလမ်းမှာမဟုတ်ကြောင်း သိများသိခဲ့ရင်
ငါအဲ့သလို တွေးမိရင် လိပ်စာမှန်မှန်သေခွင့်ရတဲ့ ငါ့အဘိုးအတွက် ကျေနပ်မိတယ်
သေဆုံးသူရဲ့ဖိတ်စာပေါ်မှာတော့လမ်း နာမည် မှန်သင့်တယ်မဟုတ်လား
ငါတို့မှာ သိပ်ပြီးများများစားစား ပိုင်ဆိုင်တာ ဘာရှိတာမှတ်လို့
သမီးနဲ့ သားနဲ့မိသားစု အနွေးဓာတ်လေးနဲ့ လမ်းနာမည်လေးနဲ့

နောက်ဆုံး ငါတို့နာရေးဖိတ်စာ ပေါ် ချန်/ကျန်ခဲ့မှာ။   ။


      ဒီလူည
         5.5.17
            7:05 pm

Comments