သစ်ခက်သံလွင်အက်ဆေး၊ ကိုဇော်(ကလေးမြို့)၏ " ညတွေ၊ လင်းပွင့်မှုတံတား / ကြယ်များ "



ညတွေ၊ လင်းပွင့်မှုတံတား / ကြယ်များ 

ကိုဇော်(ကလေးမြို့)
ဝန်ခံပါရစေ ။
ညတွေက စ လင်းပွင့်မှုတံတားအထိ အပိုင်း ၇ ပိုင်း၊ အားလုံးကို စကားပြေဆိုပြီး ချရေးခဲ့တာပါ ။ ပြန်ကြည့်တော့ မညှာမတာပြောရရင် ကဗျာစွဲမကျွတ်တဲ့ စကားပြေတစ္ဆေတွေပါပဲ။ ညှာညှာတာတာပြောရရင်တော့ ကဗျာနဲ့စကားပြေကြားက အလွှာပါးကို ချဲ့ ထွင်ထားတာပါ ဘာညာပေါ့ ။
အရေးအသားလို့သာ ပြောပါရစေ ။
တသက်လုံး ကဗျာရေးလာတာကို ငဲ့ညှာသောအားဖြင့်ပေါ့။ အခြားဘာကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ဖတ်တယ် ဆိုရင်ပဲ တင်ကြိုကျေးဇူး တင်လိုက်ချင်ပါတယ်။
အရေးအသားများပါ ။ ။
ညတွေ၊ လင်းပွင့်မှုတံတား / ကြယ်များ
*********************************************
ညတွေ
*********
၁ ။
ဟုတ်ပါတယ် ။ မှောင်နေခဲ့တဲ့ ညတွေပေါ့ ။ ကြယ်ရောင်နဲ့လင်း၊ အနာဂတ်ကို ရှင်းရှင်းလင်းလင်း မသဲကွဲခဲ့တဲ့ ညတွေအကြောင်းပေါ့ ။
ပန်းရနံ့အချို့ ဟာလည်း နှစ်ကိုယ်စာ မွှေးမြခဲ့တဲ့အကြောင်း မဖြစ်မနေထည့်ပြောရမယ့်ညတွေလေ။ ဆိပ်ဖလူးပွင့်တွေ တဖြောဖြော ကြွေကျနေခဲ့ပုံဟာလည်း ညတွေကိုကိုယ့်မှတ်ဉာဏ်ရဲ့အောက်ဆုံးအလွှာ ကနေဆွဲထုတ်ဖို့ရာ ခိုင်ခန့်သေချာတဲ့အတိတ်ရဲ့ သဲလွန်စကောက်ရိုးမျှင်များပါပဲ။ ပုလဲသွယ် ပန်းကုံးလေးရဲ့  အစဟာ ညတညဖြစ်ခဲ့တဲ့အကြောင်း ၊ တဘဝလုံး ဆိုညည်းရမဲ့ ဒီတေးသီချင်းရဲ့ အစဟာလည်း အဲဒီည ဖြစ်ကြောင်း ထပ်လောင်းပြောခွင့်ပြုပါလေ ။
ဆွတ်ပျံ့ စွဲငြိနေတဲ့ အာရုံသိအရ အဲဒီညဟာ လ မသာခဲ့ပါဘူး။ ကြယ်အဆင်းနဲပ ရောင်ပြန်လင်းနေတဲ့ ချစ်သူ့ပါးပြင်ဝင်းဝင်းလေးဟာ ကိုယ့်ကို ညှို့ နေခဲ့တာ။ ကြည်လဲ့နေတဲ့ ချစ်သူ့မျက်ဝန်းတွေရယ်၊ တိုးတိတ် ညင်သာတဲ့ ချောင်းရေစီးသံရယ်နဲ့ကိုယ်ရင်ခုန်သံတွေ မြန်ခဲ့ရ ၊ တဘဝလုံးနမ်းမဝတဲ့ ပါးပြင်လေးကို အပိုင်ရခဲ့တယ်။ အချိန်တွေက သိပ်မြန်တယ်။ ဘဝမှာ မိုးတွေသည်းဦးမယ်လို့ဘယ်သိခဲ့မှာလဲ။ မွှေးတယ်။ 

၂ ။

မိုးဟာ သူ့ ချည်းမလာပါလား။ လေပြင်းမုန်တိုင်းကြားက တကွဲတပြားဘဝတွေ။ ကိုယ်တို့ ဘာအမှား လုပ်ခဲ့မိကြပါသလဲ။ လက်သီးဆုပ်ကို ဖြည်ကြည့်လိုက်တော့ ချစ်သူပလက်ဖဝါးတွေ မရှိတော့ဘူးလေ။ 

၃ ။ 

မိသားစုကို ပန်းလိုပြန်သီဖို့အတွက် လေလွင့်သွားတဲ့ ပွင့်ချပ်လေးတွေနေရာမှာ ဘာနဲ့အစားထိုးလို့ရမှာလဲ ။ ဒဏ်ရာနဲ့ချိတ်ဆက်ထားရတဲ့ သီချင်းမှာ နာကျင်ဆွေးမြေကဖွယ်အတီးပိုဒ်ကို ကိုယ်တို့အတူတူ တီးခတ် ခွင့်တောင် မရခဲ့ပါဘူးလေ ။
လူမစုံတဲ့ ညစာထမင်းဝိုင်းတွေနဲ့တအိမ်ရဲ့အလင်းကို နောက်တအိမ်က ငေးလိုပရီလို့။ ညတွေထဲ
ခေတ်ကို တိတ်တိတ်လေးခေါက်သိမ်းလို့။ အိပ်မက်ဆိုးကြီးထဲကို ခေါင်းတိုးအိပ်ခဲ့ရတဲ့ ညတွေ အကြောင်းပြန်ပြောဖို့ ကိုယ်စီကိုယ်ငှ မသေနည်းကို မျှယူခဲ့ကြပြီ။ 

၎ ။ 

တကယ်တော့ ဘယ်အရာမှ မလွယ်ကူခဲ့ပါဘူး ။  ကူးခတ်ရင်းပျံသန်းရင်း ဆယ်လမွန်တွေ ကြိုးကြာတွေ ဗေဒါပျံတွေဟာ ကြယ်တွေအဖြစ် ဘဝပြောင်းသွားကြ ။ ညတွေရဲ့ အဓိပ္ပာယ်ကို ကိုယ်တို့လောက် ကျယ်ကျယ်ပြန့်ပြန့်ဘယ်သူကများ တေးသီပြနိုင်ပါ တော့မလဲကွယ်။ ကြယ်ကြွေသံတွေ ထည့်ရေးနိုင်တဲ့ အထိ ကိုယ်တို့အသက်ရှင်ချင်တယ်။ ဒီသီချင်း ကိုဆိုရင်းနဲ့ ပဲ သေချင်တယ် ။ ကြယ်တွေကြွေတာ သိပ်လှတယ် ။ အခု မိုးလင်းပါပြီလား ။ ကိုယ်တော့ မထင်ပါဘူးကွယ်။ ကြယ်တွေ ပိုမိုလင်းလက်နေကြပြီ ။ 

၅ ။ 

ညတွေ မှောင်လွန်းတယ် ။ 

၆ ။ 

ချစ်သူရေ ။ ကိုယ်တို့လက်ထပ်ကြမယ်လေ ။ ဒီတခါတော့ ပွင့်ချပ်လေးတွေ လေမလွင့်အောင် ပုလဲသွယ် ပန်းကို သေချာသီကြမယ် ။ ညတွေကို အံတုမွှေးမြ၊ ကြယ်တွေ လင်းနေကြဆဲမှာပဲပေါ့ ။ 

၇ ။ 

ခေတ်ကို အချစ်ထဲထည့်ပွင့်ကြမယ်ကွယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့ ခိုင်ထူးသီချင်းထဲကလို ဘယ် အမှောင်ဘယ်လိုမှောင်လည်း တနေ့တော့ လင်းရမယ်ပေါ့ ။ ရက်စက်တဲ့ညတွေကိုတော့ မေ့မရမယ့် အတူတူ ရင်ထဲမှာပိုးမွေးသလို မွေးလို့ပေါ့။ နောက် မျိုးဆက်ကိုလင်းရမယ်ပေါ့။ အမှန်တွေ သင်ပေးမယ်ပေါ့။ ကိုယ့်အသားကိုယ်လှီးလို့သူတို့သွားမယ့် အနာဂတ်အတွက် ခြေလှမ်းတွေ အားဖြစ်စေပေါ့ ။ ကောင်းမွန်တဲ့  အရုဏ်မှာ သူတို့ နိုးထပါစေပေါ့။ ကိုယ်တို့ဟာ အမှောင်ထဲမှာလင်းခဲ့တဲ့ သက်ရှိကြယ်တွေ ဖြစ်ကြောင်းပေါ့ ။ ကြွေကျ မွှေးမြခဲ့တဲ့ကြယ်တွေကို မြတ်နိုးစွာ ချစ်ခင်စေကြောင်းပေါ့ ။ ခေတ်ကိုပေါင်းထည့်ဖို့  ဉာဏ်ရည်
ဉာဏ်သွေးတွေ ကောင်းစေကြောင်းပေါ့ ။ ညပေါင်းများစွာမှာ ဆိပ်ဖလူးပန်းတွေ ပွင့်ခဲ့ကြောင်းပေါ့ ။
အမှောင်ထဲကဘဝတွေဟာလည်း ကိုယ့်ကိုယ်ကိုယ်ထွန်းညှိထားတဲ့ ကိုယ်ပိုင်အလင်းရောင်တွေ ရှိခဲ့တဲ့
အကြောင်းပေါ့ ။ ညတွေမှာ ကြယ်တွေ လင်းခဲ့ကြပုံ ဒါမှမဟုတ် ရဲရင့်စွာ ကြွေခဲ့ကြပုံပေါ့ ။ 

၈ ။ 

အချစ်ဟာ ခေတ်ပျက်ကြီးထဲမှာတောင် မွှေးတယ်ကွယ် ။
မေတ္တာစစ်တို့ ရဲ့ ဘယ်ခေတ်ဖြစ်ဖြစ် တရားမပျက် တဲ့ ဓားထက်ထက်တွေလို ညတွေထဲ သင်းပျံခဲ့ပုံဟာ လွမ်းစရာပါ။ 

၉ ။ 

အခု မိုးလင်းပါပြီလား ချစ်သူ ။
အလဲလဲအကွဲကွဲ သီချင်းထဲက စာသားတွေ ။ ညတွေ ။ ဆိပ်ဖလူးပန်းတွေ ။ ကြယ်တွေ ။ ချောင်းရေစီးသံကို ထာဝရဆန်တက်နေမဲ့ ကိုယ်တို့ရဲ့ အမှတ်တရအနမ်းတွေ ။ ဆယ်လမွန်တွေ ။ ကြိုးကြာတွေ ။ ဗေဒါပျံတွေ ။ ထားပါကွာ။ အခု မိုးမလင်းသေးဘူးပဲထားလိုက်ပါ။ ညတွေမှာလည်း လင်းလုလုနီစွေးနေတဲ့ အရုဏ် အကြောင်း သီချင်းကောင်းကောင်းတွေ ရှိတယ်လေ ။
ချစ်သူရေ ...
ညတွေထဲ
ကိုယ်တို့ကြိုတင် ဆိုညည်းခဲ့တဲ့ သီချင်းတွေ ။
ညတွေအကြောင်း
******************
၁။

ညတွေအကြောင်း ဆက်ရေးချင်တဲ့စိတ်နဲ့ အိပ်ပျက်ရတဲ့ညတွေမှာ ထုံးစံအတိုင်း လမသာခဲ့ပါဘူး။ ကြယ်တွေက ကိုယ်နဲ့ ရေစက်နီးတယ် ။ 

၂။ 

အချို့ ကြယ်တွေဟာ အခြားသောစကြဝဠာက နေတွေဖြစ်ပါသတဲ့။ ကြယ်ဟန်ဆောင်ထားတဲ့ နေတွေပေါ့။ သူတို့ရဲ့ မှုန်ပျပျလွမ်းဖွယ့်အရောင်ဟာ ကိုယ်တို့ဆီကို ရောက်ဖို့ရာ အလင်းနှစ်သန်းပေါင်းများစွာ ကြာသတဲ့။
ချစ်သူရေ
ကိုယ်တို့နဲ့ဝေးခဲ့တဲ့အချို့ကြယ်တွေဟာ အလင်းနှစ်သန်းပေါင်းဘယ်လောက်အကွာမှာ ရောက်နေကြပြီလဲ။ သူတို့ပွင့်ရဲ ကြွေရဲခဲ့တဲ့ညတွေထဲမှာပဲ ကိုယ်တို့ရှိနေကြသေးတယ်ဆိုတာဟာ သူတို့ကို ဘယ်လောက် အထိများ အံ့အားသင့်စေမှာပါလိမ့် ။ တကယ်တော့ ကိုယ်ဟာ ညတွေကို တဖက်လှည့်နဲ့ ချစ်ခဲ့မိသူပါ။ 

၃။ 

ချောက်ချားစေခဲ့သည်ဖြစ်စေ မှောက်မှားစေခဲ့သည်ဖြစ်စေ ညတွေကို ကိုယ်ချစ်တယ်။
ကောက်ရိုးမျှင်ညတွေနဲ့ ချစ်သူကို ထုံးဖွဲ့နိုင်ခဲ့တယ်လေ။ ရုန်းထွက်လွတ်လု မလွတ်လုမှာ ညတွေဟာ သိပ်လှတာပါပဲ။ ဖမ်းစားညှို့ ယူ ခံထားရမှုကိုပဲ ဆုအဖြစ်နဲ့ ထွေးပွေ့ ရယူထားခဲ့မိပါတယ်။ အမှောင်ထဲမှာ ကြယ်တွေအဆန်းတကျယ် တောက်ပခဲ့ပုံ၊ ခမ်းနားစွာကြွေကျသွားခဲ့ပုံတွေနဲ့ တန်ဆာဆင်ထားတဲ့ညတွေ အကြောင်း ကိုယ်တို့သမီးလေးတွေကို ပြောပြခွင့်ရမှာပါ။ ညတွေထဲမှာပဲ ကိုယ်တို့ကခုန်ခဲ့၊ သီဆိုဖွင့် ဖောက်ခဲ့၊ ဟစ်အော်ငိုကြွေးခဲ့၊ ထွက်ပြေးခဲ့၊ လဲကျခဲ့၊ ပြန်ထခဲ့ကြတာတွေဟာ နတ်သမီးပုံပြင်ထက်တောင် ပိုလင်းခဲ့တယ်လေ ။ 

၎။ 

ကြယ်တွေငိုတတ်ပါသလား။ မသေချာပါ။ ကိုယ်တို့ငိုသံတွေတော့ ကြယ်တွေကြားမယ်လို့ ထင်တယ်။ အသံနဲ့အလင်းမှာ ဆုံမှတ်တခုတော့ ရှိမှာပေါ့။ ကိုယ်တို့တခါနမ်းလိုက်တိုင်း ကြယ်တွေ ပိုမိုလင်းလက် သွားခဲ့တယ်လို့ ယုံမှတ်နေမှုဟာ အပြစ်ရှိတယ်လို့ ကိုယ်မထင်ပါဘူး။ ကိုယ်တို့ရဲ့ အမှောင်ကိုဖြတ်သန်းပုံ ဖြတ်သန်းနည်းဟာ ကြယ်တွေဆီကရတာ။ ညများစွာ ။ အနည်းဆုံးတော့ အဲဒီအမှောင်ညတွေ အကြောင်း ကို ကြယ်ရောင်အားကိုးနဲ့ တေးကဗျာတွေ ရွာသွန်းဖြိုးနိုင်ခဲ့ပါပြီ။ 

၅။ 

ချစ်သူရေ
ညတွေအကြောင်း တေးသီကြပါစို့။
ကိုယ်တို့အိုမင်းရင့်ကျက်ခဲ့ပုံကို အလှဆုံးဖွဲ့ စပ်ကြမယ်လေ။
ချစ်မေတ္တာနဲ့တွဲချည်ထားတဲ့ လက်အစုံကနေ ကြယ်တွေလို ဖြာရောင်လင်းခဲ့တဲ့အကြောင်း ။
ကိုယ်တို့ခြေလှမ်းတွေဟာလည်း အရုဏ်ကိုသာ ဦးတည်ထားခဲ့တဲ့အကြောင်း ။
လင်းဖို့ရာ မှောင်ခဲ့တာပါလို့ သေချာစေမယ့်ညတွေအကြောင်းပေါ့ ချစ်သူရေ ။
ကြောက်ဖို့ကောင်းတဲ့ညတွေအကြောင်း
*************************************
၁။ 

ညတွေဟာ မိုးမှောင်ရင် သိပ်ကြောက်ဖို့ကောင်းတာပါပဲ။ ကြယ်တွေကိုလွမ်းတဲ့စိတ်က ကိုယ့်ကိုသိမ်ငယ် ကျုံ့ဝင် သွားစေတယ်။ ယိမ်းနွဲ့ နေတဲ့ သစ်ပင်တွေရဲ့အရိပ်ဟာ ကိုယ့်ကို ဝပ်တွားချောင်းမြောင်းနေရင်း နာနာဘာဝလက်တွေလို နီးကပ်လာခဲ့ပြီ။ ဝင်းခနဲပြက်တဲ့ လျှပ်စီးတချက်မှာ ချစ်သူ့ နှုတ်ခမ်းတွေ တုန်ရီဖျော့ တော့နေတာ မြင်ဖူကြပါသလား။ အလင်းရောင်ထဲကလူတွေကို နာကျင်စွာ မေတ္တာပို့သဖူးပါသလား။ တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားတဲ့ ချစ်သူရဲ့ကိုယ်ငွေ့ နွေးနွေးနဲ့ မိုးရေထဲမှာ အိပ်ပျော်သွားဘူးပါသလား။ မိုးတိမ်မည်းမည်းတွေကြားမှာ တဖျတ်ဖျတ်လင်းနေတဲ့ ကြယ်တစကိုငေးရင်း ဒီတညတော့ ငါတို့ မသေနိုင် သေးပါဘူးလို့အံကြိတ်အားတင်းဘူးပါသလား။
ကိုယ်တို့ဟာ အမှောင်ထဲမှာတောင် တယောက်အပြုံးကို တယောက် မြင်ခဲ့ကြရတယ်။ 

၂။ 

ကြယ်တွေဟာ ကိုယ့်လမ်းကိုယ်သွားတယ်ကွယ့်။ ညတိုင်း လ မသာဘူးဆိုတာသိလို့ လင်းနေကြတာ မဟုတ်ပါဘူး။ မကြွေမချင်း လင်းတယ်ဆိုတာ ဘယ်လောက်လှတဲ့ သစ္စာလဲ။ နေ့ခင်းဘက်တွေမှာလည်း သူတို့  ရှိနေပါသတဲ့။ အလင်းရောင်က ကွယ်ထားတာလေ။ အလင်းရောင်က တခုခုကို ကွယ်ထားနိုင်တာ ကျိန်စာပဲ။
ချစ်သူရေ
အဲဒီ ကြောက်မက်ဖွယ် မိုးတိမ်မည်းမည်းတွေရဲ့ အထက်ကောင်းကင်မှာ သူတို့ ရှိနေတယ်။ ကြောက်ဖို့ကောင်းတဲ့ ညတွေမှာလည်း သူတို့ ရှိနေတယ်။
ကိုယ်တို့မမြင်ရတဲ့ကြယ်တွေပေါ့။ 

၃။ 

မမြင်ရတဲ့ အမှန်တရားတွေ တနေရာရာမှာ သေချာပေါက်ရှိနေတယ်ဆိုတဲ့အသိနဲ့ ကြောက်ဖို့ ကောင်းတဲ့ ညတွေကို အားတင်းဖြတ်ကျော်ခဲ့ကြရပုံဟာ ကိုယ်တို့သမိုင်းရဲ့ အလင်းလက်ဆုံးအပိုင်းတွေ ဖြစ်လာတော့ မှာပါ။ 

၎။ 

လျှပ်စီးတွေကို ရဲရဲကြည့်ကြပါစို့ ချစ်သူ။
အလင်းထဲမှာ ကျင့်သားရ ရှင်သန်ရပ်တည်နိုင်ဖို့ အတွက် သင်ခန်းစာတွေ အဖြစ်နဲ့ ပေါ့။ 

၅။

မည်းမှောင်တဲ့မြစ်ပြင်ဟာ မိုးထဲမှာ လှိုင်းထန်နေမှာ သေချာတာပေါ့ချစ်သူရယ်။
တည်ဆောက်ခဲ့တဲ့ လှေငယ်ဟာ ဟိုဘက်ကမ်းက အလင်းရောင်ဆီ ရောက်ဖို့ပါ ။
ကြောက်ဖို့ကောင်းတဲ့ညတွေကို ကိုယ်တို့ရအောင် ချစ်ခဲ့တဲ့အကြောင်း။
လမ်းပြလျှပ်စီးကို အမှောင်ထဲမှာ ကျေးဇူးတင်တတ်ခဲ့တဲ့အကြောင်း ။
မိုးရေတွေကို မော့သောက်ခဲ့တဲ့အကြောင်း။
မျက်ရည်အချို့  ပါဝင်ခဲ့တဲ့အကြောင်း။
ကြယ်တွေ လင်းစေကြောင်းရယ်လို့ မျှော်ရည် နမ်းခဲ့တဲ့ ကိုယ်တို့နှုတ်ခမ်းတွေ အကြောင်းပေါ့ကွာ ။
ညတွေရဲ့ ရနံ့ 
*************
၁။ 

တပင်လုံးကြွေကျသွားပါစေဦးတော့ အမှောင်ထဲမှာပဲ အဖူးစီရရီလေးတွေဟာ ကြယ်ရောင်မှာ ကခုန်ဖို့  ဖြူဖွေးစပြုလာခဲ့တဲ့အကြောင်းနဲ့ညတွေကို အသက်ဆက်ခဲ့ရတယ်။ ညတွေထဲလွင့်ကြွေသွားခဲ့တဲ့ ဆိတ် ဖလူးပန်းလေးတွေကို ကိုယ့်ရင်ဘတ်မှာ တက်တူးထိုးထားတယ်။ နာကျင်စွာ မွှေးအီနေတဲ့ ညမွှေးပန်းတွေ အကြောင်း ကဗျာတပုဒ် ရခဲ့တယ်။
ညတွေကို ကျေးဇူးတင်ပါတယ်။ 

၂။

ခေတ်ကိုရေးတိုင်းဆွေးရတယ်။ 

၃။ 

ကြယ်တွေလည်း
မကြည့်ရဲအောင် ကြွေခဲ့တယ်။
ခရေပွင့်ကြွေလေးတွေသာဆိုရင်တော့ တပွင့်ချင်းစီလိုက်ကောက်ပြီး အမြတ်တနိုးသီကုံးလို့  လည်မှာဆွဲထားလိုက်ချင်တယ်။
ချစ်သူရေ
ကေသာမှာ ကိုယ်ပန်ပေးခဲ့တာဟာ ကြွေကျခဲ့တဲ့ ကြယ်တွေပါ။ ချစ်သူရှိုက်ယူ မွှေးမြခဲ့တဲ့ ရနံ့ဟာလည်း ရဲရင့်တဲ့ကြယ်တွေရဲ့ အသက်ဓာတ်တွေပေါ့ ။
အားဖြစ်စေ ။ 

၎။ 

ကြယ်တွေ ကြွေတဲ့ရနံ့ နဲ့ ပန်းတွေ ကြွေတဲ့ရနံ့ဟာ လွမ်းဆွတ်ထိတ်လန့် နာကျင်ဖွယ်ရာ တူညီနေကြ ကြောင်းကို ကိုယ်တို့သဘောတူခဲ့ကြတယ်နော် ။
ဝေတဲ့ရနံ့နဲ့ ကြွေတဲ့ရနံ့ကြားက အလွှာပါးပါးလေးအကြောင်းကိုလည်း ညပေါင်းများစွာကိုယ်တို့ ပြောခဲ့ကြ ။
အံ့ဖွယ် ။
အလင်းနှစ်သန်းပေါင်းများစွာ မွှေးမယ့် ကြယ်တွေပါ။ ကြီးစဉ်ငယ်လိုက် မစီစဉ်ပါနဲ့ကွယ် ။ တန်းတူရည်တူမွှေးတဲ့ကြယ်တွေပါ။ စကြဝဠာတံတိုင်းမှာ ချိတ်ဆွဲပြသထားတဲ့ ကြယ်တွေရဲ့ ရနံ့ကို ကပ်ကမ္ဘာတဆုံး ငေးကြရတော့မယ်။ 

၅။ 

ကြယ်တွေ ကြွေပြီးတဲ့အခါ ဘယ်ရောက်သွားပါသလဲ။ ကိုယ်ကတော့ ပိုမိုတောက်ပတဲ့ကြယ်တွေအဖြစ် ပြန်လည်ထွန်းသစ်လာတယ်လို့ ထင်တယ်။
လှ ။
တချို့ ညတွေမှာ ကောင်းကင်မဆန့်တော့တဲ့အထိ ကြယ်တွေလင်းပြည့်နေတာ သိပ်မွှေးတယ်။ 

၆။ 

ကိုယ်တို့  သီကုံးခဲ့တဲ့ ပန်းခြောက်လေးတွေအကြောင်း ပြန်ပြောချင်သေးတယ် ။ ရနံ့တွေ ကုန်သွားပြီလို့  ထင်ခဲ့တာ မှားတယ်။ ပန်းခြောက်လေးတွေကို ညင်သာဖွဖွ ဆုပ်ကိုင်ထားကြရင်းနဲ့ ညရဲ့ကောင်းကင်ကို မော့ကြည့်နေတဲ့အခိုက်မှာ အလင်းနှစ်များစွာကို ဖြတ်သန်းလာတဲ့ ရနံ့တွေဟာ ရင်ထဲအထိ တစိမ့်စိမ့်မွှေးမြ နေတော့တာ။ ကြားရလားတဲ့ ။
ချစ်သူ့ စကား မှတ်သားဖွယ် ။ 

၇။ 

ရံခါ ကြယ်စုံ လထွက်ကြုံသေးတယ်။
ညခင်းသာမှာ ကန်ရေပြင်ဟာ ကြည်လင်ငြိမ်သက်နေခဲ့ဖူးပါတယ်။ အဲသလို ညတွေပဲ ဖြစ်မှာပါ ။ သမီးလေးတွေဟာ ကိုယ်တို့ဘဝထဲကို တယောက်ချင်းစီ ရောက်ရောက်လာခဲ့ကြတာလေ ။
အခုထက်ထိ နမ်းမဝပါလား ချစ်သူရယ်။
ကြီးကျယ်မြင့်မြတ်သောစီးဆင်းမှု
********************************

၁။ 

ပန်းတွေပျိုးနေတာပေါ့လေ ဆိုတော့ ကြယ်တွေပျိုးနေတာလေ တဲ့။ ချစ်သူက ။ သမီးလေးနှစ်ယောက်ကို လက်တစ်ဖက်စီမှာတွဲပြီး ညတွေထဲ လမ်းလျောက်ထွက်တတ်သူ။
ပိုမိုလုံခြုံသတဲ့လား ။
ကြယ်ရောင်လှုံ ကြတာတဲ့လား ။
နတ်သမီးတစ်သင်းလုံး ကြယ်သီချင်းကို ပြိုင်တူဆိုကြတော့ သူတို့  ဆံနွယ်တွေမှာ ကြယ်ရောင်တွေ တောက်ပနေခဲ့ကြပုံဟာလည်း ညတွေက ကိုယ့်ကိုပေးတဲ့ လက်ဆောင်ပါ ။
ပန်းရနံ့ တွေနဲ့အတူ တေးများလွင့်ပျံ့ ခဲ့တဲ့ ညတွေပေါ့ ။ 

၂။ 

ပန်းသံတိတ်မှ အိပ်မယ်ဆိုရင်တော့ အရုဏ်နဲ့ လွဲတော့မှာပေါ့ကွယ်။
ကိုယ်တို့  ဟာ ညတွေကို စီမံခန့်ခွဲနိုင်ခဲ့တယ်လို့  ထင်ပါတယ် ။ ကြယ်တွေက ကူတယ်လေ ။ 

၃။ 

ချစ်သူဟာ
သမီးနှစ်ယောက်ရဲ့ ပညာရေးဆိုပြီး ကဗျာတွေ တညလုံး ရွတ်ရွတ်နေတော့တာပါပဲ။ ကလေးတွေ အိပ်ပျော်သွားပြီလေ ။ ကြယ်တွေက ငေးကြည့်နားထောင်နေလို့ ပါ ။ ကိုယ်လည်းပဲ ညတွေကို အပိုင်းလိုက်ခွဲခွဲပြီး ကဗျာတွေထဲ ထည့်ထည့် စီတော့တယ် ။ ကဗျာတွေ စီစီညီညီနဲ့ ကိုယ်တို့ အိမ်ကလေးရဲ့ နံရံတွေဟာလည်း ကြယ်နံ့ တွေ တသင်းသင်းပေါ့ ။
ညလည်ယံမှာ ကြယ်ရောင်ကို အလင်းပြန်နေတတ်တဲ့ ကိုယ်တို့  အိမ်အမိုးခုံးခုံးကလေးဟာ ကိုယ်တို့ ဘဝရဲ့ အရေးပါတဲ့ ညသက်တံ။ အိမ်အဝင်လမ်းက ညမွှေးပန်းရုံဟာလည်း သမီးနှစ်ယောက်ရဲ့ အသက်ရှူသံတွေအတိုင်း ညတွေမှာ ယိမ်းနွဲ့ မွှေးအီ ။ ခြံထောင့်က ခရေပင်ကြီးဟာလည်း ပွင့်ချွေသံတဖြုတ်ဖြုတ်နဲ့  သမီးနှစ်ယောက်ရဲ့ အိပ်ဖန်စောင့် ။ ခေါင်းရင်းက ဆိပ်ဖလူးပင်ခြေမှာတော့ ကြယ်တွေနဲ့အပြိုင် ပန်းမွေ့ ယာ ။
ပုလဲသွယ်နှစ်လုံးကိုတပြိုင်နက် ငုံဥ ထားတဲ့ ကမာကောင်လို ကိုယ်တို့  မြေကမ္ဘာပေါ်ကအိမ်ကလေးဟာ ကြယ်ရောင်အောက်မှာ လှလိုက်တာ ။

၎။ 

ကြယ်ပန်းလေးနှစ်ယောက်ဟာ တညပြီးတည အရပ်ကြီးတွေ ရှည်လာလိုက်တာကွယ် ။ ကိုယ်ကတော့ သူတို့ရဲ့ အသက်တွေကို ကိုယ့် နားသယ်စပ်က ဆံပင်ဖြူတွေနဲ့ မှတ်ထားတယ် ။ 

၅။ 

လှိုင်းမထန် လေမသန်တဲ့ ညတွေမှာ မြစ်တွေ ချောင်းတွေဟာ တိတ်တိတ်ကလေးစီးဆင်းနေကြတာ သိပ်ပြီး ကြီးကျယ်မြင့်မြတ်တယ် ။
ကိုယ်တို့  အိပ်အိပ် နေတုန်းမှာ ကိုယ်တို့ အသက်တွေက သမီးလေးနှစ်ယောက်ဆီကို တိတ်တိတ်ကလေးများ စီးဆင်းသွားသလားလို့  ထင်မိတယ်။
သိပ်ကျေနပ်ဖို့  ကောင်းတာပါပဲ ။
ကိုယ်တို့သာကြယ်တွေဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့ရင်ခွင်ထဲကိုပဲ သေချာချိန်ရွယ်ကြွေကျကြမယ်ကွယ်။
ရှးကြယ်ဟောင်းတို့သွားရာလမ်း
*******************************
၁။ 

ပြည့်စုံဝင်းပတဲ့ ကြယ်တွေဟာ အရွယ်ရောက်လာတဲ့ သဘောပေါ့နော် ။ အရွယ်ရောက်လာတဲ့ ကြယ်တွေဟာ တစင်းနဲ့တစင်း အရောင်အဝါချင်း စကားပြောကြတယ်လို့ ကိုယ်ထင်တယ် ။
ညတွေမှာ ကြယ်တွေကိုကြည့်ပြီး ပြုံးနေတဲ့ ချစ်သူဟာလည်း ကြယ်တွေပြောတဲ့ အလင်းစကားကို ကြားမယ်လို့ပဲ ကိုယ်ထင်တယ် ။ အလင်းရောင် ဘာသာစကားကို အမှောင်ထဲက ကြယ်တွေကပဲ ဝတ်မှုန်ကူးတဲ့နည်းနဲ့ လက်ဆင့်ကမ်းခဲ့တာ ။
စကြဝဠာရဲ့ ဘာသာစကားပါပဲ ။
အမှောင်မှာ နစ်မွန်းဘူးသူတိုင်း အဲဒီစကားကိုတတ်မြောက်တယ်။
အမှောင်မှာ ရုန်းကန်ဘူးသူတိုင်း အဲဒီစကားကိုနားလည်တယ် ။
အမှောင်ကို ဖြတ်သန်းဘူးသူတိုင်း အဲဒီစကားနဲ့ဆက်သွယ်တယ် ။
ကြယ်တွေဆီက ဆင်းသက်လာတဲ့ ရဲရင့်သော အနုပညာပါ ။ 

၂။ 

ကိုယ်တို့ကို ကြယ်တွေ အဓိကသင်ပေးကြတာဟာလည်း မသေအောင်နေနည်းပဲလို့ ထင်မိတယ်။
အမှောင်ထဲမှာ အသက်ရှူနည်းပေါ့  ။
ဘဝကို ချစ်မေတ္တာနဲ့ စီရင် ထုံးဖွဲ့နည်း ပေါ့ ။
အရုဏ်ကို မျက်နှာမူနည်း ပေါ့ ။
အလင်းကို မျှဝေ သုံးစွဲနည်း ပေါ့ ။
အမှောင်ထဲမှာ ကြယ်ရောင်ကို ပျော်ရွှင်စွာ ဖျော်သောက်နည်း ပေါ့ ။
တေးကဗျာနဲ့  ပန်းရနံ့ ကို တွဲချည်နည်း ပေါ့ ။
စကြဝဠာ ဘာသာစကားကို လက်ဆင့်ကမ်းနည်း ပေါ့ ။
မိုးလင်းတော့မယ် ။ 

၃။ 

ကြယ်တွေရဲ့ သွားရာလမ်းကတော့ ကြွေကျခြင်းပါပဲ ။
လှပပြည့်စုံတဲ့ ပေါက်ကွဲလင်းဖြာမှု အပြီးမှာ ပေါ့  ။
ကြယ်တွေအတွက်တော့ သူတို့သက်တမ်းတလျောက်လုံးရဲ့ အလင်းလက်ဆုံးအပိုင်း၊ ဉာဏ်ပညာရဲ့ အထွဋ် ၊ အနုပညာရဲ့ အမြင့်မားဆုံး ဈာန်ဝင်စားမှု ဆိုပါတော့ ။
ကိုယ်ပိုင်အလင်းရောင်နဲ့  ကိုယ့်ကိုယ်ကိုယ်တောက်စားမှုအပြီးမှာ တသံသရာလုံးစုလာတဲ့ အလင်းတွေကို တလောကလုံးစာ လင်းပွင့်ချန်ထား ထွက်ခွာသွားကြပုံတွေဟာ စကြဝဠာရဲ့ ရတနာ ။
လင်းပွင့်မှုတံတား
*******************

၁။ 

ညတွေထဲမှာ ချစ်ရတဲ့ကြယ်တွေက ကိုယ်တို့ကို အဓိကသင်ပေးခဲ့ကြတာဟာ မသေအောင်နေနည်းမဟုတ်ခဲ့ရင်တော့ လှပစွာသေဆုံးနည်းပဲ ဖြစ်ရမယ်။
၂။ 

ကြယ်တွေရဲ့သမိုင်းမှာ အလင်းလက်ဆုံးအပိုင်းက
လင်းဖြာပေါက်ကွဲ
ကြွေကျဆဲ အခိုက်အတန့်ဆိုတော့ ကိုယ်တခုခုကို သေချာသိသွားခဲ့ပြီလို့ ထင်တယ် ။ 

၃။ 

ကိုယ်တို့  သမီးကလေးနှစ်ယောက်ဟာ သိပ်လင်းတာပါပဲလား ချစ်သူရယ် ။ 

၎။ 

ရောင်နီလာတော့မယ် ။
အရုဏ်မတက်ခင်မှာ အမှောင်ဆုံးအခိုက်အတန့်ဆိုတာ ရှိတယ် ။ ညကိုချစ်တဲ့ ကြယ်တွေ
ကြွေဖို့ အကောင်းဆုံး အချိန် အပိုင်းအခြားပေါ့ကွာ ။ အဲဒီ အမှောင်ဆုံး အခိုက်အတန့်မှာ ကြယ်တွေဟာ ကြွေကျခြင်းနည်းနဲ့ ညကို အရုဏ်ဆီ တံတားထိုးပေးခဲ့ကြတာ ။
ကိုယ်တို့ ဘယ်အချိန် သေရမယ်ဆိုတာသိပါပြီ ။ ကိုယ်တို့ အောင်စာရင်း ထွက်ပါပြီ ။ လောကမှာ ဝမ်းသာ အားရ
ကြွေကျသွားတဲ့ ကြယ်တွေရှိတယ်ဆိုတာသိပါပြီ ။ ကျေနပ်မှုတွေ ဖြာဝေနေတဲ့ ကိုယ်တို့ရဲ့ လင်းပွင့်မှု တံတားမှာ သမီးလေးနှစ်ယောက်က အချိန်ကိုက်ဖြတ်သန်းပြေးလွှား၊ အရုဏ်ဆီကို အရောက် သွားကြ တော့မှာဆိုတဲ့ သေချာမှုဟာ သိပ်ကိုလှပအားကောင်းတဲ့ မေတ္တာတရား မဟုတ်ပါလားကွယ် ။ 

၅။ 

အို စကြဝဠာ
ကျေးဇူးတရားကို လက်ခံတော်မူပါ ။
ချစ်သူရေ
ကိုယ့်လက်ကို ခိုင်ခိုင် တွဲထားကွယ့် ။
ကြယ်တွေ ပြုံးကြည့်နေဆဲမှာပဲ ကိုယ့်တို့တာဝန်ကျေကြမယ်။ မေတ္တာတရားရဲ့ ကောင်းမှုနဲ့ ကိုယ်တို့ အကြိမ်ကြိမ် ထွန်းသစ်ခွင့်တွေ ရကြဦးမှာ သေချာတယ် ။
ဒီတခါတော့
နေရောင်မှာပွင့်မယ့် ပန်းကလေးတွေအတွက် နေ့ခင်းဘက်ထွက်တဲ့ကြယ်တွေအဖြစ် ပြန်လာကြမယ်ကွယ်။ 
ကိုယ်တို့ တကယ် ချစ်ခဲ့တယ် ။ ။ 

ကိုဇော်(ကလေးမြို့ )
31.8.2016
Top of Form

Comments