သစ်ခက်သံလွင်ကဗျာ၊ ကိုကျူး၊ ထက်လူအောင် နှင့် ရာမညမင်းငြိမ်းချမ်းတို့၏ ကဗျာများ

အေ ကာ င်း မြ င် သ မား
Pinterest
မြေတူးသူက မြေကိုတူးလို့
အုတ်စီသူက အုတ်ကိုစီလို့
ဆေးခြယ်သူက ဆေးကိုခြယ်လို့
နံရံပေါ်က ပန်းချီကား အမည်ဟာ "လမ်း"
ရေမြောင်းက လမ်းရဲ့ တဖက်တချက်စီ
မြို့ မှာလည်း နေချင်တယ်
မြို့သူ/သား လို့လည်း အထင်ခံချင်တယ်
မြောင်းထဲ ရေစီးမှ
မြောင်းထဲ အမှိုက်မပစ်မှ
မြောင်းဟာ အနုပညာမြောက်နေမှ
မြောင်းထဲ ဇောက်ထိုးကျနေသော သင့်ဆီ
မြို့ ကို လှလှပပ
လမ်းခင်းလိုက်ပါတယ် ။

ကိုကျူး
၁၈ မေ ၂၀၁၇
...
မှော်ဆရာ
Etsy
နေရောင်က ပူပြင်းလွန်းတယ်
အရွက်ဖားဖားသစ်ပင်လေးလို ငါဟန်ဆောင်
လမ်းထောင့်မှာ အရိပ်လေးပေးမယ်
ကလေးတွေလာကစားတဲ့အခါ
သစ်သီးတွေကို ခြွေချပေးလို့
စစ်ပွဲတွေများပြားလွန်းတယ်
တူတလက်လို ငါဟန်ဆောင်
သေနတ်ပြောင်းတွေကို ရိုက်ချိုးပစ်မယ်
စစ်ကြောင့်ပျက်စီးသွားတဲ့အိမ်တွေ
ပြန်ဆောက်တဲ့အခါ သံလေးတွေငါရိုက်ပေးမယ်
ရေချိုတွေနည်းပါးလွန်းတယ်
မြစ်တစင်းလိုငါ ဟန်ဆောင်
မြို့ရွာတွေကို ဖြတ်ပြီးစီးမယ်
ငါးလေးတွေကူးခတ်တဲ့အခါ
ရေစီးကို ငါနှေးပေးမယ်
အမှောင်တွေများပြားလွန်းတယ်
ဆီမီးခွက်လေးလို ငါဟန်ဆောင်
အလင်းရောင်တွေပေးမယ်
လူတွေအိပ်စက်မှ အလင်းရောင်ကိုမှိတ်
တိတ်တိတ်လေး ငါငြိမ်းလိုက်မယ်
အခြားလိုချင်တာရှိလည်းပြောကြပါ
ကဗျာထဲကမှော်ဆရာတယောက်
သူ့နှလုံးအိမ်ကို သူပြန်ထုတ်လို့
စာသားတွေကို သွေးစက်နဲ့ရေး
ကမ္ဘာကြီးအတွက် တေးတွေ
နာပျော်ဖွယ်ရှိကြပါစ ။
              
ထက်လူအောင်
သယံဇာတကျိန်စာ
Counterlight's Peculiars - blogger
မိုးကောင်းဆဲအချိန်က
အငမ်းမရစားသုံး
ဟထားတဲ့ပါးစပ်ကြီးတွေ
အငွေ့ထောင်ထောင်ထ
အနံ့အရသာနဲ့ပြည့်စုံတဲ့
မြစ်ဆုံအမွှာညီအမကို
ညစာမချန်
ပြိုင်တူခပ်သောက်နေကြတယ်။
သဘာဝကုန်စုံပေါင်းစု
လျှပ်စစ်ထုထည်ကြီးလည်းပါဝင်
ဒီရေတောတွေပြုန်း
အဆီအနှစ်တွေဆုံးရှုံးလည်း
ဂရုတစိုက်ပြုပြင်လိုစိတ်မရှိ
စရိုက်ဆန်ဆန်ဆုံးဖြတ်မှုနောက်
မြစ်မင်းဧရာရဲ့အသွေးအသား
အလိုရမ္မက်ကြီးစွာ
သူတို့စားသုံးနေကြတယ်။
ဘယ်မေ့နိုင်မလဲ
လျှာဖျားမှရစ်မူးဖွယ်အရသာ
အလိုအလျောက်အကောင်ပေါက်လာတဲ့ဥ
အိပ်ကပ်ထဲတလျောလျောဝင်လာတယ်
ရာဇာဝင်များရဲ့သတိုးသမီးသွေး
အလောတကြီးစုပ်ယူနေတုန်း
ဇူဇကာပုဏ္ဏားလို့သတ်မှတ်တော့
မက်မပြေသူအချို့က
တောက်တခေါက်ခေါက်
မနက်စာနောက်ကျပေါင်းများလို့
ဆင်ခြေထပ်တက်ပြန်တယ်။
ခြားနားမှုတွေစီးမိုးထားတဲ့
အခြားရုပ်ဝတ္ထုထက်
ချဉ်ငံစပ်တွဲစပ်ထားတဲ့
မြန်မာနိုင်ငံရဲ့လက်ကိုအန်တုမရခဲ့တာ
ငါတို့တွေသာအသိဆုံး
နောက်ဆုံးတော့
ကံကြမ္မာဖန်လာလို့
သမုဒ္ဒရာဝမ်းတထွာအတွက်
ကြိုးစင်ပေါ်ကဧရာဝတီကို
ထာဝရမသေဆုံးသွားဖို့
သယံဇာတကျိန်စာတိုက်ပွဲ
မနက်ဖြန်ရဲ့လက်ဆင့်ကမ်းတာဝန်။

ရာမညမင်းငြိမ်းချမ်း

Comments