သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မင်းလွင်၊ ဝါကျဖြူနှင့် ဝေယုတို့၏ ကဗျာများ

ကြွက်
တကောင်ဟာ သူအိပ်နေတုန်း ပါးစပ်ထဲဝင်သွားတယ်
သူ့စိတ်ထဲလျှောက်ပြေးရင်း ချောင်ကြိုချောင်ကြားက
မေ့နေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ကိုက်ချီလိုက်
သူ့အိပ်မက်ဟောင်းတွေကို တူးဆွလိုက်နဲ့လုပ်နေတာ

တစ်ရက်မဟုတ် နှစ်ရက်မဟုတ်

ချွဲကျိချွန်မြနေတဲ့ကြွက်သွားတွေဟာ သူ့ဦးနှောက်ထဲက
သတင်းစာခေါင်းစီးစာလုံးတွေကို တစစီကိုက်ဖြတ်ပြီး
ပြန်အန်ချလိုက်တဲ့ အန်ဖတ်ပုံကြီးထဲ သူ့အတိတ်က
ဒဏ်ရာဟောင်းတွေဟာ သွေးစက်တွေနဲ့အတူမျောလို့

မိုးတွေစရွာတဲ့နေ့တနေ့မှာသူဟာ
ကြွက်သတ်ဆေးတပုလင်းသောက်ချလိုက်တယ်။

မင်းလွင
...
စနက်တံနဲ့ငြိနေတဲ့အလင်း 
Pinterest
 စနက်တံချွတ်ပြီး
ရေးခဲ့တဲ့ ပြဇာတ်တွေ 
ဇာတ်ပေါင်းခန်းမပါတဲ့ 
မျက်ဝန်းထဲကထွက်ကျလာတဲ့ 
အနီရောင်အလင်းတန်း 
ခရီးရှည်။ 

နေဝင်ချိန် နဲ့ နေထွက်ချိန်ကို 
ကျမငဲ့မကြည့်ချင်တော့ဘူး 
ဘဝအက်ကွဲရာတွေနဲ့ ဆက်တွဲထားတဲ့ 
သဘာဝအက်ကြောင်းတွေ 
အလင်းထုတ်လွှတ်ရာ 
ပါးစပ်ပေါက်မှာ ထင်ထင်ရှားရှား ။ 

ဝါကျဖြူ
...
အရူးစွမ်းကောင်း 
Pinterest
မိုးကိုမျှော်ကြည့်ပြီးမှ
မြေကြီးကိုလက်နဲ့ဆွဲကုတ်လိုက်တာ
နူးညံ့သိမ်မွေ့မှု ။

ဟောဟိုမှာ
ဂိုးတိုင်ဘားတန်းပေါ် လက်လွတ်လျှောက်ပြနေတာ
ရင်သပ်ရှုမော အံ့မခန်းပ
ဟန်ချက်တည်ငြိမ်မှု ။

မယုံရင် ရှုစားကြ
သူ့မျက်ခုံးမွှေးကိုမီးရှို့လိုက်ပြီ
မီးတောက်ကလေးနဲ့ ဂုတ်ထိပ်တံတားပဲ
အရူးစွမ်းမှု ။

ဂစ်တာတီးပြစမ်းပါ
ပုဆိုးခါးတောင်းကျိုက်ပြီး
ကွေးနေအောင် အသဲကွဲတဲ့အထိ
ကပြလိမ့်မယ်
ပေါ့ပါးပျော်ရွှင်မှု။

ဟောဒီကန်ကြီးထဲကရေ
ငါကုန်အောင် ချိုးပြမယ်
သူ့ကိုယ်သူပက်လက်လှန်ပြီး
ပင်လယ်ကိုမှောက်ခုံကြီးလုပ်ပစ်လိုက်တာ
အဆန်းတကြယ်ပျံသန်းမှု ။

နေညိုချိန်ဆိုက်တော့
လက်ယက်တွင်းကလေးတွေဆီမှာ
သူ့အဝတ်အစားတွေရဲ့ရနံ့ ထုံသင်းကျန်ရစ်တယ် ။

မသေဆေးစားသူတွေထဲမှာ
သူလည်းတစ်ယောက်အပါအဝင်ပေါ့
ငါတို့နှလုံးသားတွေ
ဝဖီးနေလိုက်ကြပုံများ ။ ။

ဝေယု

Comments