သစ်ခက်သံလွင်ကဗျာစင်မြင့်၊ ထက်လူအောင်၊ အောင်မော်ဦးနှင့် မောင်နောင်မွန်တို့၏ကဗျာများ

တနင်္ဂနွေ စိတ်ကူး
Abstract Art
စိတ်ကူးလေးကို ကွေးပြီးလွှင့်တင်လိုက်တယ်
မိုးတိမ်တွေနဲ့ချစ်တင်းနှောလို့
သက်တံဖြစ်သွားမလား
ငှက်ကလေးတွေ လေးမြားအထင်နဲ့
ကြောက်နေလေမလား
မိုးစက်ဆိုလည်း မိုးစက်
ကြယ်ဆိုလည်း ကြယ်
ဘာဖြစ်ဖြစ် ခင်တွယ်ရတယ်
ရောက်လေရာမှာ ပန်းတွေပွင့်ဖို့ပဲ
သေနတ်သံတွေ တိတ်ဖို့ပဲ
သတ်ဖြတ်မှုတွေမဖြစ်ဖို့ဘဲ
ဘယ်အရာနဲ့ထိထိ
ငြိမ်းအေးမှုအသံသာ မည်ချင်တယ်
အရှိန်ကုန်တဲ့အခါ
တောတောင်တွေပေါ် ကျရောက်ခိုလှုံရင်း
စိမ်းလန်းသော ခေတ်တွေ
ငြိမ်းချမ်းသော နှစ်တွေ
အေးမြသော မြစ်တွေနဲ့
စိတ်ကူးလေး စီးဆင်းပါစေ ။

ထက်လူအောင်
  ...
 မြို့ကြီးပြကြီး ဖွံ့ဖြိုးရေး
blog.lisacall.com
ချကွ
လမ်းဟောင်းပေါ်
တံဆိပ်သစ်ကပ်မောင်းကြ
အလုအယက် တိုးဝှေ့တက်ကြ
တယောက်အပေါ်တယောက်နင်းတက်ကြ

မီးစင်ကြည့်ကရတဲ့အခါ
အတိတ်ကို စိတ်မှာမှတ်ကြ

ရန်ကုန်ရေ တခုခုတော့ ရွေးမှဖြစ်မယ်
ဘတ်စ်ကားတွေကို ခရီးသည်တွေ
ဝိုင်းထားပေါ့။

အောင်မော်ဦး 
၂၇၊ ဇန်နဝါရီ၊ ၂၀၁၇။
  ...
စမ်းသပ်ခန်း ကကြွက်ငယ်
Hans Kanters Surrealist Art
 သွေးစွန်းနေသောဖန်လှောင်အိမ်ထဲက
ငါ့နှလုံးခုန်သံကိုနားထောင်ပေးပါ
ငါ့ရဲ့အသက်ရှုခွင့်ကိုလွတ်လပ်ခွင့်ပေးပါ
ငါ့ရဲ့ရှင်သန်ခွင့်တွေကို တောက်လောင်ခွင့်ပေးပါ
ငါ့ရဲ့သေခြင်းတရားကို အသုဘကမ္မဋ္ဌာန်းသေချာရှူပါ
ငါ့ရဲ့လွတ်လပ်ခွင့်တွေကို အပြည့်အ၀ချုပ်နှောင်ထားလိုက်ပါ
ဒါဟာ ခင်ဗျားတို့အတွက် အကျိုးရလဒ်တခုမဟုတ်လား။

ပြဋ္ဌာန်းစာအုပ်ထဲက သီအိုရီတွေကို 
ငါ့ရှေ့မှာရွတ်ပြပါ
ငါ့ကိုယ်ပေါ်မှာရှာဖွေပါ
ပုံပျက်ပန်းပျက်ရှင်သန်မှုတခုအတွက်
နယူတန်ရဲ့
သက်ရောက်မှုနဲ့တန်ပြန်သက်ရောက်မှုတွေ
အကြောင်းနဲ့အကျိုးတွေက လက်တွေ့ဆန်ဆန်သက်သေပြဖို့အတွက်
အင်အားချိနဲ့နဲ့ရယ်ပါ။

အောင်မြင်မှုတွေ ကျရှုံးမှုတွေအတွက်
ပေးဆပ်ခဲ့ရတဲ့ ငါလိုဘ၀တူတွေအတွက်ကတော့
ငါ့ရဲ့လုပ်ဆောင်ချက် ကိုယ်စားမပြုနိုင်ပါ။

လောကဓံရဲ့စမ်းသပ်ချက်တွေကြား
သိသိလျက် ခံစားနေရတာကိုက
ငါနဲ့ငါ ဘ၀တူအတွက် ထူးမခြားနားပြဇာတ်တပုဒ်လို။

နောက်ဆုံးဆိုရင်
ငါကိုယ်ငါ အဆုံးစီရင်ခွင့်ပေးပါ
သေချာတဲ့စမ်းသပ်မှုတခုအတွက်
အရသာခံပြီး လုပ်ပြချင်လို့ ...။

မောင်နောင်မွန်
 

Comments