သစ်ခက်သံလွင် ကဗျာစင်မြင့်၊ သင်းရည်လွင်၊ ထက်လူအောင်နှင့် မင်းလွင်တို့၏ကဗျာများ

မီး ဆိုတာငြိမ်းရတယ်
DecorArtive
တဖြည်းဖြည်း
အရောင်တွေရင့်မှည့်လာတဲ့အခါ
မကောင်းဆိုးဝါးလို အနာတရတွယ်လာတော့တာ
မြင်းတကောင်ပြေးနှုန်းမျိုးနဲ့ မိသားစုများဆီ
လျင်လျင်မြန်မြန် ။
အိမ်လေးတွေခမျာ မီးဖိုလိုဖြစ်သွား
ဘဝတွေကတော့ သစ်သီးကြွေပေါ့
ကမ်းခြေမှာလှိုင်းပုတ်လိုက်သလို
လွင့်စင်လာခဲ့တော့တာပဲ ။
မိမဲ့ ဖမဲ့သတင်းမှာ
အိုးမဲ့ အိမ်မဲ့စာရင်းမှာ
ကျောင်းမဲ့စာပျက်စာရင်းမှာ
လယ်ပျောက်ယာပျောက်စာရင်းမှာ
စုန်းမတယောက်ကျိန်စာလို
ခြေထောက်ပေါက်နေခဲ့တယ် ။
ပြတင်းတွေမဖွင့်ကြဘူး
အန္တရယ်ဆိုတာ အလင်းအမှောင်မရှောင်ဘူး
ဘုရားသခင်နားပူရှာမယ်
ဒါပေမဲ့
ဘုရားသာ အားကိုးစရာအမှတ်နဲ့ 
တင်းတိမ်နေရသူတို့  အတွက်
သည်မီးတွေ မငြိမ်းမခြင်း
ကောင်းကင်ကိုသာမော့ကြည့်နေကြတယ် ။ ။

သင်းရည်လွင်
စစ်ပွဲအကြောင်း တွေးမိတဲ့အခါ
anthonyfreda.wordpress.com
ကြိုးတန်းလန်းနဲ့ မိုးပျံပူဖောင်းလေး
ပွဲတော်လူအုပ်ထဲက ကောင်းကင်ကိုတက်သွား
ဘယ်ကလေးလက်ထဲက လွတ်သွားသလဲ
သူ့လက်ထဲ နောက်တလုံးဝယ်ဖို့ ပိုက်ဆံရှိရဲ့လား
ငါတွေးမိသလို သူ့နားရှိတဲ့လူတွေ တွေးမိပါ့မလား ။
စစ်ပွဲနားက ရွာလေး
စာသင်ကျောင်းလေး ပျက်စီးသွား
ကလေးတွေရဲ့အိပ်မက်များ
ကောင်းကင်ကိုတက်သွား
ဘယ်ကလေးတွေ မိဘနဲ့ကွဲသွားလဲ
ငါ မတွေးမိတော့ဘူး
ငါမတွေးခင် ငါ့ဦးခေါင်းကိုကျည်ဆန်မှန်သွားခဲ့။

ထက်လူအောင်
ဆောင်းနှောင်းရက်တရက်မှာ
ifavART
 မြင့်တက်လိုက် နိမ့်ဆင်းလိုက် 
ချားရဟတ်စီးသူများပမာ ငါတို့ဟာ
နေ့စဉ်ဘဝထဲ တဝဲလည်လည်
နံနက်နေရောင်အောက် ပွဲဈေးတန်းဟာ
ပလက်စတစ်စအိတ်ခွံတွေကြား ခွေးတွေလမ်းသလား

လှည့်သူမရှိတဲ့ ချားရဟတ်ဟာ
တဒီဒီ လည်နေတုန်း။

မင်းလွင်

Comments