သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ငြိမ်းဝေ(ကဗျာ့ အိုးဝေ) ၏ "ကျုံ့ဝင် ပြန့်ကား သတ္တ၀ါကောင်ရဲ့ ညည်းချင်း "

ကျုံ့ဝင် ပြန့်ကား သတ္တ၀ါကောင်ရဲ့
ညည်းချင်း
KT#
ဒီကနေ့မနက်
“ယက်ပ်တူရှန်ကို” ရဲ့ “ဇိုင်မာလမ်းဆုံ” ကို ဖတ်တယ်
ပါရှန်ကဗျာဆရာ
“ရူမီ” ရဲ့ “လက်ရွေးစင်ကဗျာစာအုပ်” ကို မြည်းတယ်။
အော်
ငါဟာ
ဘာမဟုတ်တာတချို့ကို
ချိန်ခွင်ပေါ်တင်ခဲ့မိတာ အခါခါ။
မနေ့တုန်းက
အိမ်ရှေ့ကုက္ကိုပင်ကြီးမှာလာငြိနေတဲ့ စွန်ကလေးကို
သနားလို သနားခဲ့
ဒီကနေ့မနက်
အမှားတခုလုပ်ခဲ့မိတဲ့ ကလေးတယောက်လို
ဝမ်းနည်း။
လက်ကလေးမြှောက်ပြလိုက်စမ်းပါ
သေနတ်ချက် ဖောက်လိုက်စမ်းပါ
မအိုစာရယ်
ကွမ်းတယာ ရေတမှုတ်လောက်နဲ့များ
ငါ့ဘ၀ကို
ငါ့ဘာသာ စည်းသုံးချက်တားတော့မယ်ထင်ရင်
မင်း
မှားပြီပေါ့။
ငှက်တွေ အိပ်တန်းတက်တုန်းက
ငါ
လိုက်သွားခဲ့ပြီး
ပန်းတွေ
နေရောင်နဲ့အတူ ခေါင်းပြူလာရင်လည်း
ငါဟာ
YBS ၆၅ ဘတ်စ်ကားအိုကြီးပေါ်မှာ
နားကြပ်ကလေး စိတ်မှာချိတ်
နှလုံးသားကို စေ့ဆွဲပိတ်ရင်း လိုက်လာနိုင်တာပဲလေ။
ကိစ္စမရှိပါဘူး
ငါ့မှာ
ကဗျာတွေရှိတယ်
ပင်လယ်ပြင်အစပ်က ကောက်လာတဲ့
နေရောင်ခြည်ပိတ်စတွေရှိတယ်
စည်းချက်ညီညီ ခေါင်းတမော့မော့ နီးလာနေတဲ့
ရေလှိုင်း ဇာခြည်တွေ ရှိတယ်
ဆော်လောင်းရွာကလေးထိပ်က
အနက်ရောင် ချင်းခွေးလေးဟောင်သံ ရှိတယ်
“မာမာအေး” ရဲ့
“ဒီည ကဗျာရေးပါအုန်း မောင်ရယ် ” ရှိတယ်
သူ့အတွက် နေ့
သူ့အတွက် ည
ရှိတယ်။
ငါ
နေပျော်
သေပျော်ခဲ့ပါပြီ
ကွမ်းတယာ ရေတမှုတ်ကို
ပြန်ယူသွားပါ
မအိုစာ
လုံလောက်တဲ့တနေ့မှာ
ကဗျာတပုဒ်လောက်နဲ့
ငါ့တံခါး
ငါ
အသေအချာဆွဲပိတ်လိုက်မှာပါ။ ။

ငြိမ်းဝေ( ကဗျာ့အိုးဝေ )
၁၃၊ ၂၊ ၂၀၁၇
မနက်ခင်း ၁၀: ၃၂

Comments