သစ်ခက်သံလွင်၊ အောက်မေ့ဂါရဝပြု ခြင်း-"ဘဝထဲက ကဗျာရှင် သို့မဟုတ် ဆရာကြီး(ဦး)တင်မိုး လွမ်းချင်း"

"ဘဝထဲက ကဗျာရှင် သို့မဟုတ် ဆရာကြီး(ဦး)တင်မိုး လွမ်းချင်း"
 ခင်လွန်း
Photo- KL , June 2006

တနေ့မှာ ဆရာနဲ့အမှတ်မထင် ဆုံပြန်ပါတယ်။ မယ်ပဆိုတဲ့ နယ်စပ်မြို့လေးရဲ့အစွန်တနေရာပေါ့။ ဆရာက ကျနော့်ကိုလည်း အမှတ်မထင်ထားဘဲ ဗြုန်းခနဲမြင်လိုက်တော့ အံ့အားသင့်နေပါသေးတယ်။ ဒီနေရာက သူပုန်တွေလို့ခေါ်ရမယ့် လူတွေ အခြေချရာနေရာ စခန်းသာမဟုတ်လား။ အဲဒီမှာ စကားစမြည်ပြောကြရင်း “မင်းဆိုးကို မိုးကြိုးပစ်မယ်” ဆိုတဲ့ကြွေးကြော်သံနဲ့ ထုတ်ဝေနေတဲ့ မိုးကြိုးဆိုတဲ့သတင်းစာမှာ အယ်ဒီတာ လုပ်နေတဲ့ ကျနော့်ကို ဆရာပြောခဲ့တာက “ အင်း ..ဗမာပြည်မှာတုန်းက ဖူးခဲ့တဲ့အိပ်မက်က ဒီရောက်တော့ ပွင့်ပြီပေါ့ ” တဲ့။

“ တကယ်ကြတော့ ကဗျာဆရာဆိုတာ ပညာရှိ မဟုတ်ပါဘူး၊ ခံစားသူ သက်သက်ပါပဲ ” ဆိုတဲ့ ဆရာ (ဦး) တင်မိုး ပြောခဲ့တဲ့စကားကို တနေ့ကဆုံရတဲ့အကြောင်းကိစ္စတခုနဲ့ယှက်နွယ်ပြီး နားနဲ့ဆတ်ဆတ်ပြန် ကြားနေရသလိုခံစားမိရင်း ဆရာ့ကိုသတိရနေမိပါတယ်။ ဒီနေ့ဆိုရင်ပဲ ဆရာလွန်ခဲ့သည်မှာ ၈ နှစ်ရှိပြီပဲ။
အကြောင်းကိစ္စတခုဆိုတာက ကဗျာစိတ် စာစိတ်အပေါ် မြတ်နိုးစွာဘဝလုပ်ပြီးနေခဲ့တဲ့ ကျနော့်လို ပညာရေး နဖူးစာမှင်ရည်ကျဲပါးလှသူကို စာမတတ်ရကောင်းလား ဘွဲ့မရတန်ကောင်းလားဆို ပြီး မေးလေးငေါ့ကာ ခပ်နှိမ်နှိမ်လေးပြောလာသူတွေအပေါ် ကျနော်က.. သြော် အမိုက်မဲလေးတွေရယ် လို့ ပြန်မြင်မိပြန်ပြီး သူတို့လေးတွေခမျာ ကဗျာဆရာဆိုတာအပေါ် ဆရာမြင်တဲ့သဘောထားမျိုး ဘယ်လိုထားနိုင်ကြရှာမလဲပေါ့။ (ခက်တာက ကိုယ့်ကိုယ်ကို ကဗျာလူသားထင်တာလည်းပါရဲ့) ဒါနဲ့ပဲ ဆရာ့ကိုမြင်ယောင် သတိရနေမိတာ ပါ။
...

ပုံ-၁
ဒါကိုဆက်စပ်ပြရရင် ၁၉၇၀ နှောင်းပိုင်း ကာလများထဲက တရက်သားညနေခင်းလေး တခုမှာ ယနေ့ စာပေဟောပြောပွဲ မင်းသားကြီး အဖြစ် ထင်ပေါ်ကျော်ကြားလှတဲ့ ဆရာကြီး ဂျက်(ကွမ်းခြံကုန်း) ခေါ် မြန်မာစာ ပါမောက္ခ ကြီး မောင်သာချိုရယ်၊ ကဗျာအကျော်များဖြစ်ကြတဲ့ ဆရာနေစိမ်နဲ့ လှိုင်းသစ်အယ်ဒီတာ ဆရာ ယမုံ ရယ်၊ ပြီးတော့ ကျနော်ရယ်တို့လေးဦးသားဟာ ဆရာ့နေထိုင်ရာ အင်းစိန် မင်းကြီးညို လမ်း မကြီးဘေး ရိပ်ဆာယာကောင်းလှတဲ့ ကုက္ကိုပင်ကြီးများအောက်က ဗိသုကာလက်ရာမြောက်လှရာနေအိမ်ဆီကို ချီတက်ခဲ့ကြပါတယ်။
ကျနော်တို့လက်ထဲမှာ ကဗျာစာမူဖိုင်တတွဲနဲ့ပေါ့။ ကျနော်တို့ ကဗျာသမား သူငယ်ချင်း ၅ ယောက်အစုလေး ကဗျာလုံးချင်းတအုပ် စိုင်းပြင်းနေကြရာမှာ အဖွင့်အမှာအဖြစ် ဆရာ့မိတ်ဆက်စကားလေး ထည့်ချင်ကြတာ ကိုး။ 

ပုံ-၂

တကယ်တော့ဆရာဟာ ကျနော်တို့အားလုံးထဲ က မောင်သာချိုနဲ့မှ ရင်းချာတာပါ။ မောင်သာချို က မြန်မာစာ အဓိကကျောင်းသားဆိုတော့ ဆရာ ရင်း တပည့်ရင်းတွေကိုး။ ပြီးတော့ အဲဒိ့ကတည်း က မောင်သာချို ဆိုတာက စာပေလောကမှာ လမ်းလေးတော်တော်ပေါက်ထားနှင့်ပြီ။ မြဝတီ တိုက်ထုတ် ဒို့ကျောင်းသားစာစောင်က အစ ငွေတာရီမှာ၊ ရှုမဝမှာ၊ စစ်ပြန်မှာ… စသဖြင့်။ ကျန်ကျနော်တို့က ကျောင်းလောကထဲက မဟုတ် ကြတော့။ 


ဒါပေမဲ့လည်း ဆရာက ကျနော်တို့အားလုံးကို စိတ်ဝင်တစားရှိရုံမျှမက ရင်းနှီးနွေးထွေးစွာနဲ့ မိတ်ဆက် စကားပြောပါတယ်။ ကျောင်းသားမဟုတ်တော့လည်း ဘဝသမားပေါ့ဗျာတဲ့။ ဘဝထဲမှာ ကဗျာက ရှိတာပါတဲ့။ ကျနော့်ကိုလည်း ကလောင်အမည်ပေးထားတဲ့အတိုင်း ကိုခင်လွန်း ကိုခင်လွန်းပဲ ခေါ်ဝေါ်ပါတယ်။ (ကျနော် ကဗျာစရေးခါစက ကိုခင်လွန်းဆိုပီး “ကို” တလုံးရှေ့က ပါပါတယ်)/ ဆရာအဲဒီ့လို ကိုထည့်ခေါ်တာကို ကျနော်ခံစားရသလိုပြောရရင် အင်မတန်မှ သိမ်ငယ်သလိုလို ရှက်ရွံ့သလိုလို ခံစားမိပါတယ်။ ဆိုတော့ နောက်ပိုင်း မိုးဝေမဂ္ဂဇင်းမျိုး မှာ ရေးဖြစ်တော့ ရှေ့က “ကို” တလုံးကို ဖြုတ်ပစ်လိုက်ပါတော့တယ်။ ဆရာသမားတွေက "ကို" ကြီး ထည့်ထည့်ခေါ်နေတော့ ကျနော်အနေကြပ်လှတာကိုး။ ကိုယ်က ဘာမှ လည်း မဟုတ်ဖဲနဲ့များပေါ့။
...

ပုံ-၃

ဒီ့နောက်ပိုင်းမှာတော့ “ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ” ဆိုတဲ့ ဆရာရဲ့စာတွေကို စာပေစင်မြင့်တွေမှာ မကြာမကြာ ဖတ်ခဲ့ရပါတယ်။ ဘဝထဲမှာ ကဗျာဆိုခဲ့တာကိုး။
မောင်သာချိုနဲ့တကွ အစောကပြောခဲ့တဲ့ ကျနော်တို့သူငယ်ချင်းတွေ အိပ်မက်ဖူးဆိုတဲ့ စာပေအနုပညာ မဂ္ဂဇင်းတခု တည်ထောင် ထုတ်ဝေဖြစ်တဲ့အခါမှာလည်း ဆရာနဲ့မကြာခဏ ဆုံဖြစ်ကြပါတယ်။ ဆရာ့ဆီက ကျနော်တို့အိပ်မက်ဖူးမှာဖော်ပြချင်လို့ ကဗျာတပုဒ် ချီးမြှင့်ပေးဖို့ သွားပူစာကြတဲ့အခါ ဆရာမေးခွန်း ထုတ်ခဲ့တာလေးကိုလည်း ခုထိ မှတ်မိနေပါသေး တယ်။ အိပ်မက်ဖူးဆိုတော့ အိပ်မက် မက်ဖူးတာကို ပြောတာလား….အိပ်မက်ရဲ့အဖူးလေးတွေကို ပြောတာ လားတဲ့။ မပွင့်သေးတဲ့ အဖူးလေးဘဝလားပေါ့။
ကျနော်တို့က လူတွေမက်နေကြတဲ့ အိပ်မက်တွေ ဖူးတော့ ဖူးဝေနေပြီလို့ ယူထားတာပါဆရာဆိုတော့ သူ ကြိုက်သတဲ့။ ဖူးပြီး ပွင့်ရမှာပေါ့တဲ့။


ဒီလိုနဲ့ မှတ်မှတ်ရရ ကျနော်တို့အိပ်မက်ဖူးမဂ္ဂဇင်း အမှတ် (၁)မှာ ဆရာရဲ့ မဂ္ဂဇင်းကဗျာရှည်တပုဒ် ပါဝင် ပါတယ်။ ဒါ ပထမဆုံးမဂ္ဂဇင်း ကဗျာရှည် တပုဒ် ဖြစ်သလို နောက်ဆုံး ကဗျာရှည်တပုဒ် လည်း ဖြစ်နိုင်ပါ တယ်။ ကျနော်မှတ်မိသလောက် မဂ္ဂဇင်းကဗျာရှည်ကို အဲဒီ့တပုဒ်ပဲ ဆရာရေးခဲ့တယ် ထင်မိလို့ပါ။ (ဆရာကြီးမောင်စွမ်းရည်ရဲ့စာတပုဒ်မှာတော့ ဆရာ့ကိုကဗျာရှည် မရေးခဲ့ဖူးဘူးလို့ဆိုထားတာ ဖတ်ဖူးပါ တယ်။ သေချာအောင် ပြည်တွင်းက အိပ်မက်အတူ ဖူးခဲ့ကြသူများကိုလှမ်းမေးပြီး ကဗျာအမည်နဲ့တကွ အတည်ပြု ရပါအုံးမယ်)


၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကျနော်ထိုင်းဘက်ကမ်းကိုလွှင့်ထွက်လာတော့ တနေ့မှာ ဆရာနဲ့အမှတ်မထင် ဆုံပြန်ပါတယ်။ မယ်ပဆိုတဲ့ နယ်စပ်မြို့လေးရဲ့ အစွန်တနေရာပေါ့။ ဆရာက ကျနော့်ကိုလည်း အမှတ် မထင်ထား ဘဲ ဗြုန်းခနဲမြင်လိုက်တော့ အံ့အားသင့်နေပါသေးတယ်။ ဒီနေရာက သူပုန်တွေလို့ခေါ်ရမယ့် လူတွေ အခြေချရာနေရာ စခန်းသာမဟုတ်လား။ အဲဒီမှာ စကားစမြည်ပြောကြရင်း “မင်းဆိုးကို မိုးကြိုးပစ်မယ်” ဆိုတဲ့ကြွေးကြော်သံနဲ့ ထုတ်ဝေနေတဲ့ မိုးကြိုးဆိုတဲ့သတင်းစာမှာ အယ်ဒီတာလုပ်နေတဲ့ ကျနော့်ကို ဆရာပြောခဲ့တာက “ အင်း ..ဗမာပြည်မှာတုန်းက ဖူးခဲ့တဲ့အိပ်မက်က ဒီရောက်တော့ ပွင့်ပြီပေါ့ ” တဲ့။
...

ပုံ-၎

၂၀၀၆-မှာ အမေရိကားမှာနေနေရတဲ့ဆရာ သားတပည့်တွေရှိရာ ထိုင်းနယ်စပ်ကိုရောက်ပြန်တော့ ကျနော်တို့ ဆုံကြပြန်ပါတယ်။ လူငယ်တွေမျိုးဆက်သစ်တွေများလှတဲ့ ကျနော်တို့ရဲ့ သတင်းစာတိုက် (မြန်မာနိုင်ငံလွတ်လပ်သည့် သတင်းအေဂျင်စီတိုက်) မှာ ဆရာ့ကို သြဝါဒအနေနဲ့ စာပေအနုပညာဆိုင်ရာ စကားတွေချီးမြှင့်ပေးဖို့ကျနော်က ဖိတ်ခေါ်တဲ့အခါ ဆရာက လက်ခံပြီး ဟောပြောပါတယ်။ ကျနော်တို့သတင်းစာတိုက်သာမက ထိုင်းနယ်စပ်မြို့လေးမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားစာပေသမားတွေ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အင်အားစုတွေ တက်ရောက် နားထောင်ကြ ပါတယ်။ အဲဒီ့နေ့ (၇၊ ၆၊၂၀၀၆) ဆရာပြောခဲ့တဲ့အထဲမှာ ကျနော်အဖွင့်မှာပြောခဲ့သလို … “ တကယ်ကြတော့ ကဗျာဆရာဆိုတာ ပညာရှိ မဟုတ်ပါဘူး၊ ခံစားသူ သက်သက်ပါပဲ ” စကားကိုပြောခဲ့တာပါ။
ကျနော်တို့လို ပညာရေးမှာ ခမ်းနားကြီးကျယ်မှုမရှိခဲ့တဲ့လူတွေအတွက် ဆရာ့အဆိုဟာ ဆွဲယူပြီး ကာဗာလုပ်စရာဖြစ်တော့တာပါပဲ။ ပညာရှိနဲ့ အတန်းပညာကိုတောင် ကျနော်တို့ဖြင့် မခွဲခြားတတ်တော့ ပါဘူး။ ပညာတွေတတ်မှ ကဗျာရေးရပါသလားလို့ ပညာတတ်များလည်း ဆင်ခြင်ပေးကြပါကုန်။
...

ပုံ-၅
၂၀၀၇ မှာ ဆရာဆုံးပါတယ်။ ထိုင်းနယ်စပ် တောတောင်ထူထပ်လှတဲ့ ဒုက္ခသည်စခန်းတနေရမှာ အဲဒီ့ သတင်းကိုကြားကြရတော့ ဆရာ့သားသမီးတပည့်တပန်းတွေဟာ ဆရာ့ကိုလွမ်းဆွတ်တသမှုနဲ့အတူ ကုသိုလ်ကောင်းမှုပြုပွဲနဲ့ အောက်မေ့ပွဲလေးလုပ်ကြပါတယ်။ ဆရာ့ကဗျာတွေ ရွတ်ကြ ဖတ်ကြ မျက်ရည်ကျ ခဲ့ကြပါတယ်။ 

နောက်တနှစ် ၂၀၀၈ ဇန်နဝါရီရောက်တော့ မြန်မာပြည်ကနေ နယ်စပ်ကိုရောက်လာတဲ့ ကဗျာ ဆရာအောင်ဝေးအပါအ၀င် နယ်စပ် အခြေစိုက် စာပေသမားတွေကို ဖိတ်ခေါ်ပြီး ကျနော်တို့ခေတ္တ နားခိုရာ ဒုက္ခသည်စခန်းလေးမှာ စာပေဟောပြောပွဲတခု လုပ်ပါတယ်။ 


အဲဒီနေ့က ဇန်နဝါရီ ၂၂ ။ မြန်မာလို က ပြာသိုလပြည့်နေ့။ တခါ ဆရာဆုံးတာ တနှစ်ပြည့်မြောက်တဲ့နေ့။
ဟောပြောခဲ့တဲ့ဆရာများက နယ်စပ်ကို မကြာခင်ကမှရောက်လာတဲ့ ခရမ်းပြာမြင်းရိုင်းကြီး အောင်ဝေးနဲ့ နယ်စပ်အခြေစိုက် တော်လှန်ရေး စာရေးဆရာ ကျွန်းပြန်ကြီး ရဲဘော်ရှောင်း၊ ကဗျာအိုးဝေဆရာအကျော် ငြိမ်းဝေနဲ့ ဆရာမခိုင်မာကျော်ဇောတို့ပါ။ စာပေဟောပြောပွဲကို ကျနော်က “လမင်းငါးစင်း လင်းတဲ့ ည” လို့ အမည်ပေးပါတယ်။ 


ဟောပြောတဲ့ဆရာများရယ် ပြာသိုလပြည့်ညကြီးရယ် တောမြိုင်ကြီးထဲက လျပ်စစ်မီးကင်းမဲ့တဲ့ ဒုက္ခသည် စခန်းထဲမှာ အပြိုင်လင်းနေကြတယ်လို့ ဆိုလိုတာပေါ့ခင်ဗျာ။
..
အဲဒီ့နေ့ဟာ ကျနော်စောစောကပြောသလို ဆရာ့ကွယ်လွန်ခြင်းနှစ်ပတ် လည်နေ့လည်းဖြစ်နေ၊ စာပေ ကဗျာတွေနဲ့ ဖုံးလွှမ်းနေမယ့် ညလည်းဖြစ်နေမှာမို့ ဟောပြောပွဲစင်မြင့်ရဲ့တနေရာမှာ အမှတ်တရ သင်္ကေတ အဖြစ် ကျနော်ဟာ ဖန်မီးအိမ်လေးတလုံးကို ထွန်းညှိထားခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီ့ဖန်မီးအိမ်လေးက ကဗျာဆရာ ခင်ရင်မောင် (နိုင်ငံရေး အကျဉ်းသားဟောင်း စက်မှုကျောင်းသား ကိုစောမင်းထိုက်ကျော်) တို့ မောင်နှံရဲ့ မင်္ဂလာဦးလက်ဆောင် ဖန်မီးအိမ်လေးပါ။
..
အခုတော့ ကျနော်ဟာလည်း ပင်လယ်အတန်တန် မြစ်ယံအသွယ်သွယ်ခြားရာ ကမ္ဘာမှာ ရောက်နေပြီ။ ဆရာ့ကိုလွမ်းဆွတ်လှသော်လည်း ကျနော့် အလွမ်းကို ဝေမျှခံစားမယ့် လူက မရှိသလောက်။
ပင်လယ်ထဲ ရေငတ် ဆိုတဲ့စကားမှန်လွန်းပါဘိတောင်းဆရာရယ်…
ဆရာကွယ်လွန်ခြင်း ၈ နှစ်မြောက် နေ့မှာတော့ ဒီစာနဲ့ ကျနော့်ရင်ထဲ ဖန်မီးအိမ်လေးထွန်းညှိလျက်သာ ကန်တော့လိုက်ပါတယ်ဆရာ။

.......
ဓာတ်ပုံများ။ ။ 
၁ -ဆရာနဲ့ မှင်စာလေးလိုမဲမဲသဲသဲဖြစ်နေတဲ့ကျနော်။ ၂။ မိုးကြိုးသတင်းစာတိုက် စာပေစကားဝင်းအပြီး မိုးကြိုးအဖွဲ့သားများနဲ့ အမှတ်တရ။ ၃။ နို့ဖိုးဒုက္ခသည်စခန်းမှာလုပ်တဲ့ စာပေဟောပြောပွဲကြော်ငြာ၊ ၄။ စာပေဟောပြောရင်း လွှမ်းမိုးသီချင်းနဲ့ အမှတ်ပြည့်ရသွားတဲ့ ကဗျာဆရာမ ခိုင်မာကျော်ဇော။ ၅။ လွမ်းမိတဲ့တရား ဆိုပြီး ဒုက္ခသည်တွေကြား လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ ဆရာအောင်ဝေး။
- မှတ်ချက်- ဆရာငြိမ်းဝေ(ကဗျာအိုးဝေ) ဓာတ်ပုံကို အလွယ်တကူရှာမရတဲ့အတွက် ထည့်မပေးလိုက်နိုင်တဲ့အပေါ် တောင်းပန်အပ်ပါတယ်။
....
-ယခုအမှတ်တရ စာကိုမိုးမခမှာ တင်ပြီးဖြစ်ပါတယ်။

Comments