သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ မင်းလွင်နှင့် သင်းရည်လွင်တို့၏ကဗျာများ

တတိယကမ္ဘာ၏ထွက်ကုန်များ
KT#
ကဗျာဆရာ၊ဖာသည်နဲ့ အရူးအမျိုးမျိုးကပဲ
ငါတို့တတိယကမ္ဘာရဲ့ထွက်ကုန်တွေလား။
သေချာတာက
အဆင်​​ပြေနေသူတွေဟာ ကဗျာမရေးဘူး၊
ဖာခံမစားဘူး၊ရူးမသွားဘူးဆိုတာပဲ။
``အဆင်မပြေမှုတွေ အစီအစဉ်​ကျနလွန်းတဲ့´´လို့
ရေးခဲ့တဲ့ မောင်ချောနွယ်ဟာ အဆင်မပြေခဲ့ဘူး။
ငါတို့ညီမတွေ ဖာခံစားနေရပြီး
ငါတို့ညီ​လေးတွေ ရူးသွားကြတယ်။
မတူပါဘူး သူငယ်​ချင်း
မင်း ကဗျာရေးတယ်ဆိုတာ
ပိုပြီးအဆင်ပြေအောင် လော်ဘီလုပ်ဖို့။
မင်းမိန်းမ သူများနဲ့ သွားအိပ်တာနဲ့
မင်းသားလေး ဆေးစွဲပြီး ရူးသွားတာတွေက
သူတို့ကို အချိန်မပေးနိုင်လောက်အောင်
မင်းက အဆင်​​ပြေလွန်းနေလို့ပါ။
ကဗျာဆရာအတု၊ ဖာသည်အတုနဲ့
အရူးအတုတွေပေါ့ကွာ။
အစစ်တွေအားလုံးဟာ
ဘဝနဲ့ ရင်းခဲ့ရသူချည်းပါ။
အဆင်​​ပြေနေသူတွေနဲ့ အဆင်မပြေသူတွေ
သူတို့အကြားက တိုက်ပွဲကပဲ
ဒီကနေ့ခေတ်ရဲ့ လူတန်းစားတိုက်ပွဲပေါ့။
ဘာပဲဖြစ်​ဖြစ်
ပထမကမ္ဘာကလူတွေဟာ
တတိယကမ္ဘာကလူတွေအပေါ်
အမြင်အတုတွေနဲ့ ကြည့်မြဲပါ။
အစစ်မှန်သမျှ ဘဝနဲ့ရင်းရတယ်ဆိုတာ
ငါတို့ ယုံကြည်ထားဆဲအရာပါ။

နရီမင်း
၁၀- ၁- ၂၀၁၇
..
စီတန်းလှည့်လည်ပွဲ
KT#
ငါ ဈေးဝယ်စင်တာကအထွက်
စီတန်းလှည့်လည်သူတွေနဲ့ဆုံခဲ့
ငါ့ မျက်လုံးက နည်းနည်းမှုန်တော့
သူတို့အလံတွေ တံဆိတ်တွေ
ဗီနိုင်းစာသားတွေ မသဲကွဲဘူးပေါ့
ဒါပေမဲ့ ငါခံစားမိ
ဆောင်းညနေခင်း နေရောင်ဟာ
လမ်းမပေါ်က ရုတ်တရက်ပျောက်သွား
တလမ်းလုံး သုဿန်တစပြင်ပမာ
အသံချဲ့စက်က အသံတွေဟာ 
လမ်းပေါ်ဖိတ်လျှံကျ အညှီအဟောက်များဖြစ်
အော်ဂလီဆန်စရာ အနံ့ထောင်းထောင်းထလို့
ညစ်ပုတ်ပုတ် အကွက်တွေပေကျံခဲ့တယ်
အဲဒါ ဇွမ်ဘီတွေလေ စီတန်းလှည့်လည်နေတာ
တက္ကစီသမားက နှာခေါင်းပိတ်ပြီးပြောတယ်
သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို မိစ္ဆာကြီးဆီ
ယဇ်ပူဇော်ပြီး ဇွမ်ဘီဖြစ်လာသူတွေတဲ့
ဒီကမ္ဘာမှာ ကောင်းမြတ်ခြင်းတရားတွေ
မရှိတော့ဘူးလို့ ငါခံစားမိတဲ့အထိပဲ
တလမ်းလုံးဟာ အမှောင်နက်ထဲရောက်လို့
ကျက်သရေမင်္ဂလာဆိုတဲ့ စကားလုံးကို
မှတ်ဉာဏ်ထဲ ပျောက်မသွားအောင် 
ငါအကြိမ်ကြိမ်အခါခါ ရွတ်မိရဲ့
နောက်တလမ်းက မောင်းဗျာလို့
တက္ကစီသမားကို ပြောလိုက်တယ်
နောက်ဆုံးအနေနဲ့ ဇွမ်ဘီတကောင်
သူ့ရဲ့ မဲညစ်ညစ် နှလုံးကို လက်ကကိုင်ပြီး
တရားသော မိစ္ဆာကြီးသို့လို့ အော်နေတာ တွေ့ရတယ်။

မင်းလွင်
လူသတ်သမား
KT#
 ဇာတ်လမ်းက အပျက်ပျက်ပဲ
သူက
အလောင်းကို စနစ်တကျဝှက်ခဲ့မှာဆိုကြ ။
လေ့ကျင့်ထားတဲ့တရားခံလို
လက်ဗွေရာ သိမ်းဆည်းမထားဘူး ။
သတင်းလိုက်ခွေးတွေ
ရာဇဝင်လူဆိုးတွေ
မြို့အဝင် အထွက်တွေ
စောင့်ကြည့် ကင်မရာတွေ
သည်ကြားထဲ ကင်းလိပ်ရှောလို
သွက်သွက်လက်လက် ။
ခုလောက်ဆို
တခြားတနေရာမျှားနေတော့မယ်
သူဟာ အသံတိတ်သေနတ်
တိုက်ချွတ်နေရော့မယ်
သတင်းထဲ
တပတ်လောက်ကြေညာနေအုံးမယ်
ပြီးတော့ သစ်တုံးတတုံးလို
သူရပ်နေအုံးမယ်
ပါးစပ်တွေလည်း ငြိမ်သက်နေတော့မယ် ။

သင်းရည်လွင်

Comments