သစ်ခက်သံလွင်(သစ်ခက်သံလွင်၊ မိုးမခ)၊ တွေ့ဆုံမေးမြန်းခန်း၊ ဆရာမင်းသစ်နှင့် မာန်(တောင်လုံးပြန်) အပိုင်း (၇-၈)



ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၇-၈)

တွေ့ဆုံမေးမြန်းသူ စာရေးဆရာ မာန် (တောင်လုံးပြန်)
 
ပန်းချီမင်းဝေအောင်

ပန်းချီမင်းဝေအောင်
ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့် အတွက် ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသောဝတ္တုရှည်တပုဒ်ကို ဆရာဖတ်ဖူးထားခြင်း ကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက်စကားပြောပြချိန် ဆရာက ထိုဝတ္တုကို မှတ်မှတ်ရရ ပြန်ပြောပြီး သူကျနော့် ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သဘောကျကြောင်း ပြောပြ သဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာ ပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်က လူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့် ကြို့ကြား ကြို့ကြား တွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့်ထပ်၍ အင်တာ မဗျူးဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေး အင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ်နှင့်ချိန်းဆိုကာ လွန်ခဲ့သော(၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ 
၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှတင်ပြလိုက်ရပါတော့သည်။
မာန် (တောင်လုံးပြန်)  
.................... 
ဆရာမင်းသစ်အင်တာဗျူး (၇)
ဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ်သီချင်းအကြောင်း
………………………..
မာန်။ ။ဆရာရေ၊ အခုဒီအင်တာဗျူးကို အွန်လိုင်းမှာ အပိုင်းလိုက်တင်နေရင်းနဲ့ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)က ကြားဖြတ်မေးခိုင်းလိုက်တာလေး ဝင်လာပါတယ်၊ အဲဒါက တွံတေးသိန်းတန်ရဲ့  နာမည်ကျော် သီချင်းတပုဒ်အကြောင်းပါ၊ ဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ်ဆိုတဲ့ သီချင်းနဲ့ ပတ်သက်ပြီး ဆရာသိထားသမျှလေး ပြောပေးဖို့ပါဆရာ

မင်းသစ် ။ ။ မမစမ်းကဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ် သီချင်းနဲ့ပတ်သက်ပြီး ကျနော် သိသလောက်ပြောပြပါဆိုတော့၊ ၁၉၆၇-၆၈ ကစပြီးတော့ ၆၉၊ အဲဒီနှစ်တွေက မြင်မြင့်ခိုင်နှစ်တွေဗျ၊ မင်းသမီးမြင့်မြင့်ခိုင်ရဲ့ နှစ်တွေပေါ့၊ မြင့်မြင့်ခိုင်မပါရင်ကို ပြက္ခဒိန်မဖြစ်တဲ့ သဘောဖြစ်နေတယ်၊ ပြက္ခဒိန်တိုင်းမှာ မြင့်မြင့်ခိုင်ပါနေတယ်၊ မြင့်မြင့်ခိုင်ကို ကြူကြူလို့ခေါ်ကြတယ်၊ ကြူကြူနဲ့ တွံတေးသိန်းတန်ကလည်း အတွဲများတယ်လေ။
အဲဒါဗျာ တစ်ရက်သားကျတော့၊ ကျနော်ထင်တာတော့ ၁၉၆၇  မှာ ဖြစ်မယ်၊ ဟုတ်ပါတယ် ၆၇ ပါပဲ၊ မနက်စောစော တစ်ရက်မှာပေါ့၊ ကျနော်ရယ် ကိုသိန်းတန်ရယ်၊ ကျနော်တို့ စာရေးဆရာတွေ ဟာသလုပ်သလိုပေါ့ဗျာ ညကနည်းနည်း များသွားတယ်နဲ့ အခြားဝတ္တုတိုများဆိုပြီး ပျက်လုံး ထုတ်ကြတယ်။ အရက်နာကျရင်း ငေါင်ပြီးထိုင်နေကြတာပေါ့၊
ကျနော်တို့နှစ်ယောက်ထိုင်နေတဲ့ရှေ့မှာကြူကြူက ပေးထားတဲ့သူ့ပုံနဲ့ပြက္ခဒိန်တခု ရှိတယ်ဗျ၊ အဲဒီပြက္ခဒိန်က နောက်ခံကမိုးပြာရောင်၊ အလယ်ကောင်မှာ အဖြူရောင်စက်ဝိုင်းကြီး၊ ဒီဇိုင်းက အဲဒီလို။ အဖြူရောင်စက်ဝိုင်းကြီးထဲမှာ မြင့်မြင့်ခိုင်က သရီးကွာတားနဲ့ မတ်တပ်ရပ်နေတယ်။
အဲဒီတော့ ကျနော်ပြောမယ်ဗျာ၊ ကျနော်လည်း ကြည့်နေတာပဲ၊ သူလည်း ကြည့်နေတာပဲ၊ ကိုသိန်းတန်က ကျနော့်ကိုပြောတယ်၊ ကိုမြတ်သူရေတဲ့၊ ကျနော့်နာမည်အရင်းက
မြတ်သူပါ၊ ကိုမြတ်သူရေ ကြူကြူ့ကိုကြည့်ရတာ ဟိုကဗျာကို သတိရလိုက်တာဗျာတဲ့၊ ဘယ်ကဗျာလဲဗျဆိုတော့၊
'တခွန်းသူ့ကိုပြောလိုက်ပါ၊ စန္ဒာရယ် သတိရတယ်'ကဗျာလေးတဲ့။
ကျနော်က သူ့ကိုမေးတယ် ၊မျက်နှာချင်း လမင်းမှာဆုံတယ်၊ မင်းကြီးကတော်ခင်ဆုံတို့၊ အဲဒီဟာတွေ သွားသတိရနေတယ်မဟုတ်လားလို့မေးတော့၊ ဟုတ်တယ်တဲ့၊
ကိုသိန်းတန်ဆိုတာက ခင်ဗျားကိုသိန်းတန်သီချင်းတွေ ကောင်းတာလည်း မပြောနဲ့၊ သူက မြန်မာစာအောက်သက် တကယ်ကျေတဲ့သူ၊ သူကအာဂလူ၊ ကြားဖူးတယ်မို့လား၊
အာဂုံဆောင်မှ အာဂလူဆိုတဲ့စကား။ သူကရှေးစာတွေ၊ ရတုတွေပျို့တွေ အလွတ်ကိုရနေတာ၊ ရှေ့မှာလည်း ကျနော်ပြောပြီးပါပြီ။
အဲဒီလို ကျနော်မေးတော့ဟုတ်တယ်တဲ့၊ ကိုသိန်းတန် ကျနော်သိပြီ။ ခင်ဗျားသီချင်းရေးတော့မယ်မဟုတ်လားဆိုတော့ဟုတ်တယ်တဲ့။
အဲဒီတော့၊ ဟိုဟာပေါ့ဗျာ၊ သူလည်း အနုပညာသမား၊ ကျနော်လည်း အနုပညာသမား၊ မြင့်မြင့်ခိုင်ရဲ့ပုံကို နှစ်ယောက်စလုံး ပြိုင်တူကြည့်နေကြတာပဲ၊ ဒါပေမဲ့ အနုပညာ ရွှေထုပ်ကို သွားကောက်လိုက်တဲ့အခါမှာ၊ ကျနော်လည်း သီချင်းရေးတဲ့ကောင်၊ သူလည်းသီချင်း ရေးတယ်၊ ဒါပေမဲ့ အနုပညာရွှေထုပ်ကို သူကကောက်ရသွားတယ်၊ အဲဒီမှာ ဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ် သီချင်းဖြစ်လာတာပဲ။

မာန်။ ။ ဟာ၊ လှလိုက်တာဆရာရယ်၊ တကယ်ပါဗျာ

မင်းသစ် ။ ။ အဲဒီမှာဓာတ်ပြားခုတ်ပြီးတဲ့အခါမှာ ကျနော်တို့ဘက်က မကျေနပ်တာလေး တခုရှိတယ်။ အဲဒါက သူ့စာသားက (ကျေးစေခိုင်းရမှာက ရိုးတယ်ထင် ပေဖူးလွှာ၊ ပေဖူးလွှာ အမှာပါးရမှာက စိတ်ထဲမှာမလုံမလဲနဲ့) ဆိုတဲ့ စာသား၊ အဲဒီမှာ(မလုံမလဲ)ဆိုတာကြီး၊ ပြီးမှကျနော်တို့ မကြိုက်တော့တာ၊ မိန်းမဆန်သွားတယ်ဗျ

မာန်။ ။ဟုတ်တာပေါ့ဆရာ၊ မလုံမလဲဆိုတော့မိန်းမဆန်တာပေါ့

မင်းသစ် ။ ။ အမှန်က စိတ်ထဲမှာ မယုံမရဲဆိုရင် မကောင်းဘူးလားဗျာ၊ အနုပညာဆိုတာ အဲဒီလိုပါပဲ ဖန်တီးတဲ့အခါမှာ အဲဒီလိုလည်း ခလုတ်တိုက်ပြီးတော့ အမှားပါတတ်တာပါပဲ၊
ဒါပေမဲ့ အဲဒီဟာကိုလည်း ဘယ်သူမှ မသိမထားမိပါဘူး၊ သီချင်းရေးကြတဲ့သူတွေလောက်ပဲ ပြန်တွေးမိတာ၊ ကိုသိန်းတန်က အဓိကရေးတာပါပဲ၊ ကျနော်ကဘေးနားကနေ ဟိုဟာထောက် ဒီဟာထောက်ပေါ့၊ ကျနော်တို့နှစ်ယောက်က ပြန်နားထောင်ပြီးမှ သိကြတာ၊ ပရိသတ်ကတော့ အဲဒီဟာ အပြစ်လို့မြင်ကြမှာ မဟုတ်ပါဘူး၊ ခရီးသွားကြရင်းနဲ့မမစမ်းကို အဲဒီအကြောင်းလေးပြောဖူးတယ်ဗျ၊ အခုလိုပြန်ပြောခွင့်ရ တာကောင်းပါတယ်၊
မမစမ်းကိုကျေးဇူးတင်ကြောင်းလည်း ပြောပြလိုက်ပါ၊ အနုပညာပစ္စည်းတခု ဘယ်လို ပေါ်ပေါက်လာတယ် ဆိုတာ လူတွေသိရတာပေါ့၊ အနုပညာသမားတွေဖန်တီးတဲ့အခါ ဘယ်လိုမှားတတ်တယ်ဆိုတာလည်း သိရတာပေါ့။

 ဆရာမင်းသစ်အင်တာဗျူး(၈)

လူငယ်တွေကျမ်းပိစေမည့်လူကြီးတို့၏စာပေဂိုဏ်းများ
…………………………………
မာန်။ ။ ကျနော်ကြားဖူးတာလေးတခု မေးပါရစေဆရာ၊ ဆရာစာပေနယ်မှာ ကျင်လည်ရင်းနဲ့ဆရာ အဝကျွန်းချစ်မောင်တို့ ဆရာမြတ်ခိုင်တို့နဲ့ နယ်ခရီး ထွက်ဖြစ်တဲ့အကြောင်း ညပိုင်းတွေပါ လျောက် လည်ဖြစ်တယ်လို့ ကျနော်ကြားဖူးတယ်၊ အဲဒါလေးသိပါရစေဆရာ။

မင်းသစ်။ ။ ကျနော်အဝကျွန်းတို့ မြတ်ခိုင်တို့နဲ့ခရီးမသွားဖူးဘူး။

မာန်။ ။ ဒါဆိုကျနော်အမှတ်မှားတာ ဖြစ်မယ်၊ ဆရာဟိန်းလတ်နဲ့လူချင်းမှားတာနေမယ်..

မင်းသစ်။ ။ ဟုတ်မယ်၊ ကျနော်တော့ မသွားဖူးဘူး၊ လွဲသွားပြီ

မာန်။ ။ ဆရာ့စာပေအကြောင်း ဆက်ပြောပါဦးဆရာ

မင်းသစ် ။ ။ အဲဒါပဲ၊ နောက်ကျတော့လည်း ပြတ်သွားပြန်ရော ၊နောက်ထပ် ဆယ်နှစ်လောက် ပြတ်ပြန်ရော ၊တခါ သုံးလေးနှစ်လောက်ပြန်ရေး ပြန်ရော၊ အခုကျတော့ အရင်ကသေရမှာ မကြောက်ပေမဲ့ အခုသေရမှာ နည်းနည်းကြောက်လာတယ်၊ ရေးချင်တာတွေ မရေးလိုက်ရမှာစိုးလို့၊ အချိန်ကမကျန်တော့ဘူးလေ၊ အချိန်တွေရှိတုန်းက ဘာမှမလုပ်ခဲ့ဘူး၊ ဖြုန်းတီးပစ်ခဲ့တယ်၊ ကိုယ့်ဟာကိုယ် သိတယ်လေ၊ အခုချိန်မကျန်တော့ဘူး၊ ခုနှစ်ဆယ့်တစ်နှစ်၊ ဒီအရွယ်ထိ နေနိုင်တာကိုက ဘုရားသခင်ကျေးဇူးပါပဲ၊ ဘာပဲပြောပြော အချိန်ကမကျန်တော့ဘူး၊

မာန် ။ ။ဟုတ်တာပေါ့ဆရာရယ်၊ ကိုယ်ရေးချင်တာတွေလည်း အများကြီးရှိသေးတာကိုး၊ ရေးရမှာတွေလည်း အများကြီးကိုး။ အခုဆရာ့ရဲ့ကျူရှင်လောကပြီးပြီ၊ မိုးဝေဖြတ်သန်းမှုတွေ ပြီးပြီဆိုတော့ အဲဒီဖြတ်သန်းတဲ့ ကာလတွေမှာ ဆရာမှတ်မှတ်ရရဖြစ်တဲ့ စာပေအဖြစ်အပျက်တွေ ဆရာ့စိတ်ထဲရှိတာတွေ ပြောပြပါဦး

မင်းသစ် ။ ။ နံပါတ်တစ်၊ ကျနော်တို့လုပ်ချင်တွေ ကျနော်တို့ထုတ်ချင်တဲ့မဂ္ဂဇင်းတွေ ဖတ်မယ့်လူ မရှိဘူး

မာန် ။ ။ အဲဒါဘယ်လောက်ကြာပြီလဲဆရာ

မင်းသစ် ။ ။ကြာပြီ၊ ၁၉၇၀ လောက်ကတည်းက။ ဘယ်လိုဟာမျိုးတွေလည်း ဆိုတော့၊ တကယ့် စာပေစစ်တွေပေါ့ဗျာ ၊ခင်ဗျားတို့ ကျနော်တို့ ဖတ်ချင်တဲ့ဟာမျိုးတွေပေါ့၊
အဲဒါတွေကလည်း ဖတ်မယ့်သူက ခင်းဗျားတို့ကျနော်တို့လောက်ပဲရှိတာ၊ ကျနော် မိုးဝေလုပ်တာ လည်း ပြုတ်၊ တခါ ၉၁လောက်မှာ စပယ်ဖြူလုပ်တာလည်း ပြုတ်၊ နောက်ပြီးကျတော့ သူများ ထုတ်ပေးတာပါ၊ ပင်းယထုတ်တော့လည်း ပြုတ်၊ နောက် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထုတ်တာပါ၊ ကိုတာရဲ့ချင်းတွင်းမဂ္ဂဇင်း၊ အဲဒါလုပ်တော့လည်း ပြုတ်။ ကျနော်တို့လုပ်ချင်တာတွေ လုပ်လို့ မရဘူးဗျ။
အဲဒီတော့ဘာဖြစ်သလဲဆိုတော့ စိတ်ကုန်သွားတယ်။ အထူးသဖြင့် မဂ္ဂဇင်းထုတ်ဝေရေးပေါ့၊ ကျနော်ပြောမယ်။ ကျနော်အခုထုတ်ထားတဲ့စာအုပ်သုံးအုပ် ရှိတယ်၊ တအုပ်က လွမ်းရတဲ့သူတွေ၊ အဲဒါက နှစ်ကြိမ်ရှိပြီ။
နောက်တအုပ်က အိပ်မက်ကွန်ဖရင့် ဝတ္တုတိုပေါင်းချုပ်။
နောက်တအုပ်က ပညာရေးပညာရေးရှက်ဖွယ်၊ ဒါက သုံးကြိမ်ရှိပြီ။ ကဲတွက်ကြည့်စမ်း အဲဒီမှာ ကျနော်တကယ် တန်ဖိုးထားတာက ကျနော့်ဝတ္တုတိုပေါင်းချုပ်ပေါ့။ မရောင်းရဘူး ဟိုဟာတွေ လောက်။ ဟုတ်တယ်နော်၊ ပညာရေး ပညာရေး ရှက်ဖွယ်ဆိုတာကျတော့ဗျာ၊ ခေတ်နဲ့ကွက်တိ ဖြစ်ပြီးတော့ အဲဒီလို။
အဲဒီတော့ ကိုမာန်ရာ၊ တော်တော်လေး စိတ်ကုန်ပါတယ်၊ အခုဘာဖြစ်လာလဲဆိုတော့ လူက အနုပညာ အားနည်းလာတယ်၊ အားနည်းလာတော့ own creation ကဗျာတို့ ဝတ္တုတိုတို့ သိပ် မရေးနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်အတွေ့အကြုံနဲ့ကိုယ့်ခေါင်းထဲက သုတကိုပဲ နိုက်ထုတ်ပြီးတော့ အရံသင့် ရေးလိုက်ရုံပါပဲ။ အဲဒါနဲ့ ကျနော်ဆောင်းပါးတွေ ရေးဖြစ်သွားတယ်။ သို့သော် အဲဒီမှာလည်းပဲ ကိုယ်ဝတ္တုတို ရေးဖြစ်တဲ့ ကဗျာရေးဖြစ် တဲ့ဟာလေးက အထောက်အကူဖြစ်ပါတယ်။
တင်ပြပုံကျတော့ သူများတွေရဲ့ဆောင်းပါးနဲ့ မတူတော့ဘူး၊ ကျနော်တို့က ဝတ္တုတိုသမားကနေ လာတာကိုး၊ အဲဒါမျိုးလေးတွေပေါ့၊ ဘာပဲပြောပြောလုံးဝမရေးဖြစ်တာထက်စာရင်တော့ ရေးဖြစ်တယ်၊ မသေခင်ရေးဦး မယ်ပေါ့။
ကျနော့်ကို ရုပ်ရှင်တေးကဗျာက မတင်တင်ဦးက ကဗျာအကြောင်းရေးခိုင်းတော့၊ ဟာ ကျုပ် မရေးရဲဘူးလို့၊ ခုခေတ်ခေတ်ပေါ်ကဗျာတွေအကြောင်း။ အဲဒီလိုပဲ ကိုမျိုးမြင့်ညိမ်းက ရေးပါဦးဗျာတဲ့၊ အဲဒါဆိုရင်တော့ ကျနော်ရေးမယ်နော်လို့။ ခင်ဗျားတို့မဂ္ဂဇင်းပါ ထိမလားတော့ မသိဘူးလို့၊ ထိထိဗျာရေးတဲ့၊ ကျနော်ရေးလိုက်တယ်၊ ကျနော်တို့ဘက်ကရော တာဝန်ကျေရဲ့လား စာပေ ဆောင်းပါး၊ နောက်တခါ ဒီလထုတ်ရုပ်ရှင်တေးကဗျာမှာ ကျနော်ထပ်ရေးတယ်၊ အနုပညာဟာ ရှေ့မှာရှိတယ်၊ အဲဒါက ကျမ်းပိကြမှာ စိုးလို့၊ ကလေးတွေကျမ်းပိကြမှာစိုးလို့

မာန် ။ ။ ဆိုလိုတာကဘာကိုဆိုလိုတာလဲဆရာ

မင်းသစ် ။ ။ ကျနော်ပြောပြမယ်ဗျ၊ ကျနော်တို့အထူးသဖြင့် ၁၉၆၄ ခုနှစ်နောက်ပိုင်း တက္ကသိုလ်ရောက် တဲ့ကျောင်းသားအများစုဟာ အနုပညာမတတ်တော့ဘူး၊ မတတ်ရတာက သူတို့အပြစ် မဟုတ်ဘူး၊ အသင်မခံရလို့၊ မသင်တော့ဘူးတဲ့၊ အဲဒီတော့သူတို့တတွေကြီးပြင်းလာတဲ့ ခေတ်ကျတော့လည်း အမှောင်ခေတ်ထဲမှာကြီးပြင်းလာရတယ်၊ စာအုပ်စာတမ်းက မရှိဘူး အင်္ဂလိပ်လိုရေးထားရင် မဖတ် တတ်တော့ဘူး။
အဲဒီတော့ ကျနော်တို့ဆီမှာက ဖတ်တတ်တဲ့သူ၊ ဖတ်တတ်တဲ့သူရေးလို့ရှိရင် အဲဒါလေးတွေပဲ ဖတ်ရတယ်၊ ဆိုတော့ ခင်ဗျားစောစောကပြောတဲ့ဟာလေးပြန်ပြီးတော့ စကြရအောင်၊ ဒီပဋိပက္ခ ဘယ်ကစသလဲ ဆိုတာလေးကဗျာမှာ ကာရန်မဲ့ခြင်းမမဲ့ခြင်းကိစ္စက နောက်မှပြောမယ်၊ စကားပြေမှာစတာ၊ form နဲ့ comtent၊ ပုံသဏ္ဍန်နဲ့အကြောင်းအရာ၊ ဘယ်ဟာက ဘာ၊ အဲဒါငြင်းကြတာ၊ လူကြီးတွေကငြင်းကြ တာ၊ ငြင်းတဲ့အခါကျတော့ အင်္ဂလိပ်စာအုပ်ကြီးတွေကိုင်ငြင်းကြတယ်၊ ငြင်းတော့ ကဗျာဆရာပေါက်စ၊ စာရေးဆရာပေါက်စလေးတွေကလည်း (ဆေးစာဖတ်ရာ နားထောင်ပါ ရောဂါပျောက်နိုးနိုးပေါ့)၊ သူတို့မှာက original လည်း မမြင်ဖူးဘူး၊ သူတို့လူကြီးတွေ ရေးသမျှဖတ်ပေါ့ဗျာ။

အဲဒီမှာတင်ဂိုဏ်းတွေ ကွဲကုန်ရော၊ ဇင်နိုးကြူးဂိုဏ်း၊ ဒါက ကဗျာနဲ့ပတ်သက်တယ်၊ ကျေးဇူးရှိ တယ်၊ မြဇင်၊ မောင်သာနိုး၊ မင်းလှညွန့်ကြူး၊ဇင် နိုး ကြူး ဂိုဏ်း။ သူတို့က ရမ်သမ်ကိုတင်သွင်းတာပေါ့၊ ကာရန်ကို ဘာနဲ့အစားထိုးမလဲ၊ ကာရန်ကိုရမ်သမ်နဲ့ အစားထိုးမယ်ပေါ့၊ အမှန်တော့ ရမ်သမ်ကိုက ညီတာကိုပြောတာ။ ရမ်သ်မစ်ဖြစ်တယ်ဆိုရင် ညီတာ။ ထားပါတော့ဗျာ၊ ဒါက ဇင်နိုးကြူးဂိုဏ်း။

နောက်ပြီးတော့ တခါ ဘာဂိုဏ်းပေါ်သေးတုန်းဆိုတော့ နေ နတ် မင်း ဂိုဏ်း။ 

ဒါက စကားပြေနဲ့ ပတ်သက်တာ။ မောင်နေဝင်း၊ နတ်နွယ်၊ မင်းကျော်။ သူတို့ကတော့ form နဲ့ comtent၊ ပုံသဏ္ဍန်နဲ့ အကြောင်းအရာမှာ ပုံသဏ္ဍန်အရေးကြီးတယ်၊ တကယ်တန်း တွက်ကြည့်တော့ ဒါက ကျွဲကူး ရေပါတွေ။ အနုပညာဆိုတာ ပုံသဏ္ဍန်တခုတည်းနဲ့ တည်ဆောက်လို့မှမရတာ။ အကြောင်းအရာ ချည်းလည်း တည်ဆောက်လို့မရဘူး၊ အဲဒါကိုဗျာ၊ အနိုင်လုနေကြတာ၊ ပြောကြတာဗျာ အင်္ဂလိပ်စာအုပ် ကြီးတွေနဲ့။
အဲဒီမှာနောက် ထပ်တဂိုဏ်းထပ်ပေါ်လာတယ်၊ ဂုန် ယုန် ဂိုဏ်း။ ဒဂုန်တာရာနဲ့ လင်းယုန် မောင်မောင်။ သူတို့က ဘာပြောတုန်းဆိုတော့ ကာရန်မဲ့ချင်မဲ့ အဘိဓာန်(အဘိဓမ္မာ)မမဲ့နဲ့။ နောက်ပြီးတော့ အတတ် ပညာဆိုတာ မုဆိုးကို စိုင်သင်သွားလိမ့်မယ်၊ အဲဒီ ဂုန်ယုန်ဂိုဏ်းက နာမည်ကသာ နှစ်ယောက်တည်း။ သူတို့ နောက်မှာ အုပ်စုက သိပ်တောင့်တယ်၊ အဲဒီကာလမှာ ကျွန်းက ပြန်လာကြတဲ့မြသန်းတင့်၊ ဗန်းမော်တင်အောင်တို့၊ အပြင်ဘက်မှာ ရှိနေတဲ့ ပါရဂူတို့၊ တင်မိုးတို့၊ မောင်သာနိုးတို့ မောင်စွမ်းရည်တို့။
အဲဒီမှာ ယနေ့မြန်မာစာပေဆိုပြီးတော့ ဂုန်ယုန်ဂိုဏ်းက ထုတ်ကြတယ်။ 

ဆရာနတ်နွယ်ရဲ့တံခွန်တိုင်မောင်နှမများနဲ့ ဆရာတင့်ဆန်းရဲ့ချောလည်းချောတဲ့ဘေဘီစာအုပ်တွေ
ကို အပစ်အခတ်အညစ်အသတ်ဆိုတဲ့စကားလုံးနဲ့စပြီးတော့ ဝေဖန်လိုက်တာ။ ကိုစွမ်းရည်ကျေးဇူးကြောင့်မို့လို့ အဲဒီစာအုပ်နှစ်အုပ် အရမ်းရောင်းရတာပဲ။  အဲဒီစာအုပ်တွေ
ညစ်ပတ်တယ်တဲ့ဟေ့ ဖတ်ကြရအောင်ဆိုပြီးတော့၊
ဟားဟား။

(ဆက်ရန်)
ယခင်တင်ထားပြီးအပိုင်းများဝင်ကြည့်ရန် …

တွေ့ဆုံမေးမြန်းခန်း၊ ဆရာမင်းသစ်နှင့် မာန်(တောင်လုံးပြန်) (အပိုင်း -၁-၂) http://www.jojar.net/2016/11/blog-post_32.html
တွေ့ဆုံမေးမြန်းခန်း၊ ဆရာမင်းသစ်နှင့် မာန်(တောင်လုံးပြန်) အပိုင်း (၃-၄) http://www.jojar.net/2016/11/blog-post_29.html
တွေ့ဆုံမေးမြန်းခန်း၊ ဆရာမင်းသစ်နှင့် မာန်(တောင်လုံးပြန်) အပိုင်း (၅-၆)
http://www.jojar.net/2016/12/blog-post_6.html

Comments