သစ်ခက်သံလွင်(မိုးမခ)- တွေ့ဆုံမေးမြန်းခန်း၊ ဆရာမင်းသစ်နှင့် မာန်(တောင်လုံးပြန်) အပိုင်း (၃-၄)



ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၃-၄)
တွေ့ဆုံမေးမြန်းသူ စာရေးဆရာ မာန် (တောင်လုံးပြန်)
ပန်းချီ မင်းဝေအောင်

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက် ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တပုဒ်ကို ဆရာဖတ်ဖူးထားခြင်း ကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက်စကားပြောပြချိန် ဆရာက ထိုဝတ္တုကို မှတ်မှတ်ရရ ပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထု အပေါ်သဘောကျကြောင်း ပြောပြ သဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်က လူငယ်ပိုင်းဆိုင်ရာစာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြား ကြို့ကြား တွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကို အင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေး သောင်သာသောကာလမို့ နိုင်ငံရေး အင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ်နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့ တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့ တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရ မေးမြန်း ဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
မာန် (တောင်လုံးပြန်)  
 ..................
 ဆရာမင်းသစ်အင်တာဗျူး(၃)
------------------------------
မင်းသစ်။ ။ နောက်ပြီးတော့ကျနော်ဆိုရင် မန္တလေးတက္ကသိုလ်မှာဖိုင်နယ်မှာကျလို့ ရန်ကုန် တက္ကသိုလ် မှာ ပြောင်းဖြေရတယ်။ ဆယ်တန်းစန်တာပြောင်းဖြေသလိုပေါ့ဗျာ၊ ရန်ကုန်ဖြေနေရာက မန္တလေး ပြောင်းဖြေ ချင်သလားလွယ်လွယ်လေး၊ အဲဒီတော့ ကျနော်ကဖိုင်နယ်ကျလို့ ရန်ကုန်ပြောင်းဖြေ လိုက်တာ ဘွဲ့ရတော့ ရန်ကုန်တက္ကသိုလ်ဘွဲ့ရဖြစ်သွားရော။ ခပ်တည်တည်ပဲ၊ ရန်ကုန်တက္ကသိုလ်တက်ခဲ့ရတာလည်း မဟုတ်ဘူး၊ အဲဒီတုန်းက မှတ်မှတ်ရရဗျာ၊ ကျနော်နဲ့အတူ တွဲဖြေရတဲ့သူကဘယ်သူတုန်းဆိုတော့ စာရေးဆရာ မိုးဝေရဲ့ သားမက်၊ သူ့နာမည်က စင်မြူရယ် သာမြင့်တဲ့၊ သူ့အဖေက ဒေါက်တာသာမြင့်၊ သူက ရန်ကုန်တက္ကသိုလ်ရဲ့ လက်ရှိသတ္တဗေဒ ပါမောက္ခ၊စင်မြူရယ်သာမြင့်ကျတာက အဲဒီ သတ္တဗေဒနဲ့ကျတာ။ ဟားဟား၊ အဲဒါမျိုးဗျ၊ မလုပ်နဲ့ မရဘူး။

မာန်။ ။လှလိုက်တာဆရာရယ်၊တကယ်ပါ


မင်းသစ်။ ။ဆိုလိုတာက၊ ကျနော်တို့ဖြတ်သန်းတဲ့ခေတ်လေးတွေ ဘယ်လောက်မင်္ဂလာ ရှိလိုက်သလဲ ဆိုတာပါ၊ ဦးနုကလည်းပြောတယ်လေ၊ သူ့သားစာမေးပွဲကျတော့ ဘယ်နှမှတ်မှ အောင်မှာလဲ၊ ၄၀ မှအောင် မှာဆိုတော့၊ အဲဒါဆို ၄၀ ရအောင် ဒီကောင့်ကိုဆက်ဖြေခိုင်းပေါ့ဆရာရယ်တဲ့၊ မကောင်းဘူး လားဗျာ။
သတ္တဗေဒပါမောက္ခသားကသတ္တဗေဒနဲ့ကျတယ်။ အဲဒီလို အဲဒီလိုအဲဒီလိုလေးတွေဗျ၊ ဒါဟာ ကျနော့်ရဲ့ ပညာရေးဖြတ်သန်းမှုလေးတွေ။

မာန်။ ။ဆရာမန္တလေးတက္ကသိုလ်တက်တော့အပြင်နေတာလား၊ ဘော်ဒါလားဆရာ

မင်းသစ်။ ။ပထမတော့ဘော်ဒါနေတာပေါ့၊ စာမေးပွဲကျတော့ အပြင်ထုတ်ခံရတယ်။
အပြင်ဆောင်မှာနေရတယ်၊ ဘောဓိကုန်းလို့ခေါ်တယ်။

မာန်။ ။ အဲဒီတက္ကသိုလ်တက်ခဲ့တုန်းကအမှတ်တရလေးတွေပြောပြပါဦးဆရာ
မင်းသစ်။ ။တက္ကသိုလ်နေတဲ့အမှတ်တရကဘာလဲဆိုတော့ ခုခေတ်ကလေးတွေရော၊ ကလေး မိဘတွေကိုရော ကျနော်သနားတာ၊ ကျနော်တို့တုန်းက မနက်မိုးလင်းရင် ထမင်းကျွေးတယ်၊ ကျောင်းကကျွေးတာ၊ အသားဟင်း၊ အသီးအရွက်၊ အရည်သောက်၊ နောက်၊ ငံပြာရည် တို့စရာက ပါသေးတယ်။ အဲဒီဟင်းစာရင်းကိုလည်း ဘော်ဒါနေတဲ့ ကျောင်းသားတွေက ဆွဲတာ
မာန်။ ။ဩော်၊ ဘယ်နေ့မှာဘာစားမယ်ဆိုပြီး မီနူးဆွဲတာလားဆရာ
မင်းသစ်။ ။ ဟုတ်တယ်၊ အဲဒီတုန်းကအဆောင်သာယာရေးကလည်း(Art center) လို့ခေါ်တယ်။ ဆိုရှယ်အန်ရီဒင်းအဆိုစီကေးရှင်း၊ သဟာရနဲ့စာဖတ်အသင်းတဲ့၊ အဲဒီမှာလည်း စာအရမ်းဖတ် ဖြစ်တာပဲ၊ ကိုယ့်အရင်ရှေ့ကလူတွေဖတ်ခဲ့တာတွေကြည့်ရတာ၊ ကျနော်လည်း လိုက်ဘရီကိုသွား ကြည့်တယ်၊ 'တွမ်တီဖတ်စ်စကျူရီခရက်တီကယ်အက်ဆေး'ဆိုတဲ့စာအုပ်၊ နောက်ဖက်မှာက ငှားကြည့်ထားတဲ့သူတွေ အမည်စာရင်းပါတယ်၊ ကြည့်လိုက်တော့ ကြည်လင်တဲ့၊ ရှာကြည့်တော့ ကြည်လင်ငှားငှားလှချည်လားပေါ့၊
အဲဒါနဲ့စာကြည့်တိုက်မှူးကိုမေးကြည့်ရတယ်၊ ကြည်လင်ဆိုတဲ့ကျောင်းသားဟာ ဘယ်သူတုန်းပေါ့၊ ဟာ၊ မင်းကလည်း ကဗျာဆရာကြည်အောင်ပေါ့ကွာတဲ့။

မာန်။ ။ဟော၊ ဇာတ်လမ်းစပြီ၊ တယ်ဟုတ်ပါလားဆရာ
မင်းသစ်။ ။အေးဗျာ၊ ကျနော်လည်းအဲဒီမှာလူလည်လုပ်ပြီး ကြည်လင်ငှားခဲ့သမျှတွေလိုက်ဖတ် တော့တာပဲ၊ ဟဲဟဲ၊ ဟုတ်တယ်မို့လား၊ ပြီးတာပဲ။ ထားတော့ဗျာ၊ ဒါက တပိုင်း။ နေ့ခင်းကြတော့ အစားအသောက်ကျွေး တာတွေ ပြောပြဦးမယ်၊ နေ့ခင်းမှာကနေ့က မန္တလေးမုန့်တီ ဆိုပါတော့၊ မုန့်တီသုတ်၊ နောက်နေ့ ရန်ကုန် မုန့်ဟင်းခါး၊ ချက်လည်း မချက်တတ်ပါဘူး၊ မှာတာပဲရှိတာ။
ညနေကြတော့လည်း မနက်ဟင်းနဲ့မထပ်စေရဘူး၊ အသားဟင်းနဲ့ ဘာနဲ့မှာထားတယ်၊ ဒါက ကျောင်း သားတွေကမှာတာကို ချက်ပေးရတာ။ ကိုးနာရီထိုးရင် သံချောင်းခေါက်ပြီ၊ ညပိုင်း လက်ဖက်ရည် လာသောက်ဖို့။ အဲဒါ(၅၆)ကျပ်၊ တစ်လကိုသွင်းရတဲ့စရိတ်၊ နေတာပါ အပြီးနော်၊ စားတာရော ဘာရောမှ( ၅၆)ကျပ်၊ အဲဒီတော့ အိမ်ကတစ်ရာပို့နိုင်တဲ့ကျောင်းသားက သူဌေးပဲ၊ ကျနော်တို့ဆိုရင် အမေက အိမ်က တစ်လကိုတစ်ရာပို့တယ်၊ အဲဒါကိုဘီယာသောက်မှ ကောလိပ် ကျောင်းသား ပီသတယ်ဆိုပြီး အဲဒီတုန်း ကတော့ ဘီယာသွားသောက်ကျတာပေါ့၊
ဘီယာတစ်လုံး သုံးကျပ်ခွဲ၊ ပိုက်ဆံရောက်တဲ့ကာလလေးမှာ သွားသောက်ကြတာ။ ပြန်စဉ်းစားမိတာက အဲဒီတုန်းက ဘီယာတစ်လုံးသုံးကျပ်ခွဲ၊ အခုထောင့်ငါးရာ၊ ဩော်လို့၊ ထားပါတော့လေ ဒါကတော့။ ဒါတွေက ငွေကြေးဖောင်းပွမှုအရဖြစ်ရတဲ့ကိစ္စတွေဆိုတော့ထားပါတော့။

ဆရာမင်းသစ်အင်တာဗျူး(၄)

မင်းသစ်။ ။ ကျနော့်ဘဝမှာငယ်စဉ်ကတည်းကဘယ်သူနဲ့စတွေ့သလဲဆိုတော့ ကိုးတန်းလောက်မှာ တည်းက ခင်နေတာ။ ကျနော့်ထက် တစ်တန်းကြီးပါတယ်။ မြတ်သင်း၊ ဆရာမြတ်သင်းပေါ့။ သူနဲ့ စစ်ကိုင်းမှာ တုန်းက တကျောင်းတည်းနေခဲ့ရတာကိုး။ မန္တလေးတက္ကသိုလ်ရောက်တော့လည်း အတူတူပေါ့၊ သူ့ဆီက ဂိုက်လိုင်း ကျနော်အများကြီးရတယ်။ သူက(ဆရာမလေးရယ် စိုးရိမ်မိတယ်) ဝတ္တုနဲ့ မြဝတီမဂ္ဂဇင်းမှာ ဆု ရတော့ အရမ်းအားကျမိတယ်။ အဲဒီမှာ လူကစာရေးဆရာ အရမ်းဖြစ်ချင် နေပြီ။ ကိုယ့်နားကလူက ဖြစ်နေပြီကိုး။ 

အဲဒါနဲ့ကျနော် ကိုယ့်ပိုက်ဆံနဲ့ကိုယ်' အညာပလွေကဗျာများ' ဆိုပြီး 1966 မှာ စာအုပ်တစ်အုပ် ထုတ်တယ်။
မာန်။ ။ကျောင်းသားဘဝနဲ့ထုတ်တာဆိုတော့ကျောင်းတွင်းမှာပဲထုတ်တာလား၊ အပြင်အနေနဲ့ပုံနှိပ်တိုက်နဲ့ ထုတ် တာလားဆရာ။
မင်းသစ်။ ။ အပြင်ပုံနှိပ်တိုက်နဲ့ထုတ်တာပါ၊ ဗဟိုစည်ပုံနှိပ်တိုက်နဲ့ထုတ်တာ
မာန် ။ ။ ကလောင်ကရောဆရာ

မင်းသစ် ။ ။ ကလောင်ကအဲဒီတုန်းက မောင်မင်းမြတ်(အညာတက္ကသိုလ်)နဲ့၊ အဲဒီခေတ်က မောင်ခေတ်၊ မောင်သင်းခိုင်၊ မောင်ဆွေတင့်၊ အဲဒီလိုမျိုးတွေပေါ့၊မောင်လွန်းကြင်၊ အဲဒါမျိုး၊ ဆိုတော့ ကျနော်လည်း မောင်မင်းမြတ်ပေါ့၊ နောက်ကလည်း တက္ကသိုလ်ကပါချင်သေးတာဆိုတော့ မောင်မင်းမြတ်(အညာတက္ကသိုလ်)ပေါ့။

မာန်။ ။ဆရာ့အမည်ရင်းကရော..
မင်းသစ်။ ။ မြတ်သူ
မာန်။ ။စာအုပ်ထုတ်ပြီးနောက်ပိုင်းဆက်ပြောပါဦးဆရာ
မင်းသစ်။ ။ စာအုပ်ထုတ်ပြီးတော့ အဲဒီစာအုပ် အလကားပေးပစ်တာပေါ့ဗျာ၊ အဲဒီစာအုပ်ထွက်နေဆဲ ကာလမှာပဲ 1966 ဖေဖော်ဝါရီလထုတ် မြဝတီမဂ္ဂဇင်းမှာ ကျနော့်ကဗျာ ပါလာတယ်၊ (ဧည့်သည်ဆိုးသို့) ဆိုတဲ့ကဗျာပါလာတယ်။
မာန်။ ။ ဟာ အဲဒီကာလမှာ မြဝတီမဂ္ဂဇင်းဆိုတာ တကဲ့အကြီးကြီးနော်
မင်းသစ်။ ။ ဟုတ်တယ်၊ အဲဒီမြဝတီမှာပါလာရော၊ အဲဒီမှာတင် စာပေပိုးက လူမှာ တော်တော်ကို ကြီးသွားပြီ။  စာအုပ်လေးကလည်း ထုတ်၊ စာအုပ်ထုတ်တာက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လေ။ ဟိုမှာက အယ်ဒီတာကရွေးတာ၊ အဲဒီမှာတင် ကိုင်း၊ ရန်ကုန်ဆင်းတော့မယ်ပေါ့။
မာန်။ ။ ကျောင်းရောပြီးပြီလားဆရာ
မင်းသစ်။ ။ မပြီးသေးဘူး၊ စောစောကပြောခဲ့သလိုမန္တလေး တက္ကသိုလ်မှာ ဖိုင်နယ်ကျတယ်။ အဲဒီတော့ ရန်ကုန်တက္ကသိုလ်ကို ဆလ်ဖီမန်ဒရီ ပြောင်းဖြေရင်း ရန်ကုန်ဆင်းပြီးသား ဖြစ်သွားတယ်။ ပြဋ္ဌာန်းသမျှ ဘာသာစုံအကုန်ပြန်ဖြေရတယ်။ ပါမောက္ခသားတွေရော ဘာတွေရော အကုန်ပြန်ဖြေကြတာပေါ့။
မာန်။ ။ ဟုတ်ပြီဆရာ၊ ရန်ကုန်ရောက်ပြီးတော့ ဆက်ပြောပါဦး
မင်းသစ်။ ။ ရန်ကုန်ရောက်ပြီးတော့ ကျနော်အထက်တန်းပြဆရာဆွဲခန့်အဖြစ် အထက(၄)အလုံမှာ ဝင်လုပ်သေးတယ်။ အောင်စာရင်းထွက်ပြီး ဒီနေ့အောင်စာရင်းထွက် နောက်နေ့ခန့်တာပဲ အဲဒီတုန်းက ရန်ကုန်တိုင်းပညာရေးမှူးက ဦးခင်မောင်ဖြူ။
မာန်။ ။ ကြော်ငြာတွေ့လို့သွားတာလား၊ အဆက်အစပ်နဲ့သွားတာလားဆရာ
မင်းသစ်။ ။ အဆက်အစပ်နဲ့သွားတာ
မာန်။ ။ ပြောပါဦးဆရာ
မင်းသစ်။ ။ အဆက်အစပ်နဲ့ဆိုတာက ကျနော်ဖိုင်နယ်လာဖြေ တဲ့အိမ်က ဘယ်သူ့အိမ်တုန်း ဆိုတော့ သိပ်ရယ်ရတယ်ဗျ၊ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေအိမ်။ ကျားကြီးဗဆွေ၊ အဲဒီအိမ်မှာ၊ ကျားကြီးဗဆွေက သိပ်ရယ်ရတယ်ဗျ။ ကြည့်မြင်တိုင် ဗိုလ်ခင်မောင်ကို လှမ်းပြောတာ။ 'ဗိုလ်ခင်မောင်ဗိုလ်ခင်မောင် ငါ့အိမ်မှာ ဘီစီပီတကောင် ရောက်နေတယ်ကွတဲ့၊ ဗကပခေတ်ဆိုတော့ ဟားဟား
မာန်။ ။ ဟုတ်ပဆရာရယ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ တယောက်ရောက်နေတာကိုး
မင်းသစ်။ ။ အေးဗျာ။ ကျုပ်အဲဒီမှာ သိပ်မြတ်လိုက်တာတခုရှိတယ်၊ ၃၃ ဦးအကြံပေးအဖွဲ့ဆိုပြီး ဗိုလ်နေဝင်း က ဖွဲ့တယ်၊ ဖွဲ့ချင်ယောင်ဆောင်တာပေါ့လေ။ လူကြီးတွေက တက်ကြွပြီးတော့ လာကြတယ်။ အဲဒီမှာကျနော့်ကိုတာဝန်ပေးတာ၊ ဒီကောင့်ကို သုတေသနမှူး လုပ်ခိုင်းလိုက်။ ဖတ်စရာရှိတာ ဒီကောင် အကုန်ဖတ်ပါစေတဲ့။ တည်မြဲဖဆပလအဖွဲ့က မှတ်တမ်းတွေ၊ ဒိုင်ယာရီတွေ အကုန်လုံး ကျနော်ဖတ်ရတယ်။
အဲဒီလိုဖတ်ရင်း ဟိုတုန်းကပေါ်ပေါက်ခဲ့တဲ့ပြည်သူ့အရေးတော်ပုံပါတီအကြောင်း ကျနော်ကောင်း ကောင်း သိလိုက်ရတယ်။

တခါတလေကျတော့လည်း သူတို့အနားမှာထိုင်ရင်း သူတို့ချင်းချင်းပြောတဲ့စကားတွေ။ အဲဒီတုန်းက အောင် ဆန်းက ဘာပြောတာ၊ ကိုကြီးနုက ဘာပြောတာ၊ အဲဒါမျိုးလေးတွေက အစ ကြားရတော့ မြတ်တာပေါ့ဗျာ၊ ကျနော်တော်တော်ကို အရချောင်တယ်၊ ပြောရရင်တော့ ကျနော် ဆရာကောင်းတွေ ရခဲ့တာပေါ့။ သင် ဆရာ မြင်ဆရာ ကြားဆရာအကောင်းစားတွေ ချည်းပဲ ကျနော်ရခဲ့တာ။

မာန်။ ။ ဦးဗဆွေအိမ်မှာ ဘယ်လောက်ကြာခဲ့လဲဆရာ
မင်းသစ်။ ။ ဘာမှမကြာဘူး၊ ခြောက်လကျော်ကျော်လောက်ပဲကြာတယ်။ စာမေးပွဲဖြေစဉ်ကာလပေါ့ ၃၃ ဦးအကြံပေးအဖွဲ့လည်းပျက်ရော ကျနော်လည်း ကျောင်းဆရာအလုပ်က ထွက်ပစ်လိုက်တယ်။ ထွက်ပြီးတော့ ဘာလုပ်သလဲဆိုတော့ တွံတေးသိန်းတန်ဆီက လာခေါ်ရော။
မာန်။ ။ဟုတ်ပြီ၊ တွံတေးသိန်းတန်ဆီရောက်ပုံလေးပြောပါဦးဆရာ၊ ဂီတလိုင်းရောက်သွားတာလေး၊ ဘယ်လိုများသွားတွေ့ကြတာလဲ ဆရာရယ်၊
မင်းသစ်။ ။ ဘယ်လိုသွားတွေ့ကြသလဲဆိုတော့ ညဘက်ညဘက်ဆိုလို့ရှိရင် ဦးဗဆွေအိမ်ရှေ့က ကွပ်ပစ် ကြီးပေါ်မှာ သီချင်းတွေဆိုကြတယ်၊ ကျနော်ကိုယ်တိုင်ရေးခဲ့တဲ့ကိုယ်ပိုင်သံစဉ် မြန်မာသီချင်း တွေ ရှိတယ်၊ မန္တလေးတက္ကသိုလ်တုန်းကရေးခဲ့တာ။ အဲဒါတွေကို မန္တလေးမှာတုန်းက ကိုစောချစ်၊ အခု လယ်တွင်း သားစောချစ်တို့က ဒိုင်ခံဆိုခဲ့ကြတယ်။
သမိုင်းပါမောက္ခ ဦးတိုးလှတို့က ဆို။ ကျနော်ကရေး၊ ဂီတဆည်းဆာတို့ ဘာတို့မှာပေါ့၊ ကိုယ်ပိုင်သံစဉ်နော်၊ ဟိုတုန်းကဆိုခဲ့ကြတာ။ ထားတော့ အဲဒီဟာ။
ကျနော်ရန်ကုန်ရောက်တော့ သန်းထူးဆိုတာ သင်္ဘောသား၊ သူကတွံတေးသိန်းတန်တို့ အိမ်မှာ စား အိမ်သောက်အိမ်ဖဲရိုက်နေကြအိမ်၊ တွံတေးသိန်းတန်က ညောင်တုန်းလမ်းမှာ နေနေပြီ။ မြေနီကုန်း စမ်းချောင်းဘက်၊(နောက်မှမြူမြူပြောပြလို့ ကျနော်သိရတာ။ ဆရာမြသန်းတင့်တို့လည်း အဲဒီတုန်း က ညောင်တုန်းလမ်းမှာ နေခဲ့သေးတယ်တဲ့)။ အဲဒါနဲ့ကျနော် တွံတေးသိန်းတန်ဆီရောက်သွားပြီး သီချင်း ရေးတယ်၊ နောက်ပြီးကျတော့ ဝတ္တုဇာတ်ညွန်းရေးတယ်။

မာန်။ ။ ဝတ္တုဇာတ်ညွန်း၊ ဘာအတွက်လဲဆရာ
မင်းသစ်။ ။ ရုပ်ရှင်ရိုက်ဖို့လေ၊ ကျနော်အဲဒီဝတ္တုတွေရဲ့အမည်တွေတော့ မပြောပါရစေနဲ့။

(အပိုင်း -၁-၂- http://www.jojar.net/2016/11/blog-post_32.html

(ဆက်ပါဦးမည်)

Comments