သစ်ခက်သံလွင်၊ ကမ္ဘာတခွင်မြင်ကွင်း- ငြိမ်းချမ်းအောင်၏ "ဖင်လန်နိုင်ငံက ကားလိုင်စင်တွေရဲ့အကြောင်း"



သမီးရေ
(ဖင်လန်နိုင်ငံက ကားလိုင်စင်တွေရဲ့အကြောင်း)
 
ဖင်လန်နိုင်ငံကာ ဘတ်စ်ကား

 ကားမောင်းတဲ့အချိန်မှာ သတ်မှတ်ချက်ထက်ကျော်ပြီး အရက်သေစာ သောက်စားထားလို့ကတော့ လူသတ်မှုနီးနီး ၊ လူသတ်မှုထက်တောင် ကြီးမားတဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ကြတယ် သမီးရေ

ဖေဖေ့ရဲ့ကုန်တင်ကားမောင်းတဲ့ လိုင်စင်ကိုကြည့်ပြီး ခရီးသွားကား မောင်းလို့ ရလားလို့ သမီးမေးတယ်နော်။

ဖေဖေလည်း အခုမှ သမီးကို ကားလိုင်စင်တွေရတဲ့အကြောင်းကို ပြောပြရအုံးမယ်။ တကယ်တော့ ကားလိုင်စင်ဆိုတာ အမျိုးမျိုးရှိတယ်လေ။ ကုန်တင်ကား မောင်းတဲ့ လိုင်စင်၊ ကုန်တင်ကား နှစ်စီးတွဲမောင်းတဲ့လိုင်စင်၊ ဘတ်စ်ကားမောင်းတဲ့ လိုင်စင်၊ တက္ကစီမောင်းတဲ့ လိုင်စင် စသည်ဖြင့် အမျိုးမျိုးခွဲထားသလို အဲဒီလိုင်စင်တွေဟာ အချိန်တွေ၊ သင်တန်းတွေ၊ ငွေကြေးတွေ ပေးပြီးမှ ရထားတာပါ သမီးရယ်။

ကားဆိုတာ လူတိုင်းမောင်းလို့ရတယ်၊ လူတိုင်း မောင်းတတ်တာပေါ့ သမီးရယ်။ လူတိုင်းမောင်းနိုင်အောင်တီထွင်ထားလို့လည်း ကားဆိုတာ တကမ္ဘာလုံးက လူမျိုးဘာသာမရွေး ကြိုက်နှစ်သက်စွာနဲ့ လိုရာခရီးသွားနိုင်လို့ အသုံးပြုနေကြတာပေါ့ သမီးရယ်။

ဖေဖေတို့ဆီမှာ ကားလိုင်စင်တခုရဖို့အတွက် ယူရိုငွေ ၂၀၀၀ လောက် သုံးကြရတယ်။ ကားမောင်းချိန် နာရီ ၂၀ နဲ့ သီအိုရီအချိန် ၂၀ လောက် သင်ကြရတယ်။ ဒါက ကိုယ်ပိုင်ကားတွေ အတွက်ပဲနော်။ ကားလိုင်စင်တခုကို ပထမဆုံး ၂ နှစ်မှာ ယာယီကားမောင်းခွင့်ပဲ ရကြတယ်။ အဲဒီ တနှစ်အတွင်းမှာ ကားတိုက်မှုဖြစ်သလား၊ လမ်းစည်းကမ်းတွေ ချိုးဖောက်သလား၊ မူးယစ်သေစာ သောက်စားပြီး ကားမောင်းသလား စောင့်ကြည့်တယ်။ တခုခု ချိုးဖောက်ရင် သင်တန်း ပြန်တက်၊ ကားလိုင်စင် အသစ်ပြန်လျှောက် လုပ်ကြရတယ်။ ဒီတော့ ကားလိုင်စင်ရထားတဲ့ သူတယောက်ဟာ သူ့ကားမောင်း ခွင့်လေး ပျောက်မှာလည်း ကြောက်၊ ငွေတွေလည်း ကုန်မှာစိုးတော့ စည်းကမ်းတွေ မချိုးဖောက်ဘဲ ကျင့်ကြံတော့တာပေါ့ကွယ်။

ဒီလိုနဲ့ ၂ နှစ်ကျော် တော့မှ အမြဲတမ်း ကားမောင်းခွင့် ရတယ်။ အမြဲတမ်း ကားမောင်းခွင့်ရရင်လည်း လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ရင် ယာဉ်မောင်းခွင့် ကို အကန့်အသတ်နဲ့ ပိတ်၊ တသက်လုံး ပိတ်တာလည်း လုပ်တာပဲ။ အဲဒီလို ပိတ်ပင်ထားတဲ့အချိန်မှာ ခိုးမောင်းတာတို့၊ ချိုးဖောက်တာတို့ လုပ်ရင်တော့ ဒီတသက် ကား မမောင်းနဲ့တော့ဆိုတဲ့ ဥပဒေ သမီးရဲ့။

ကားမောင်းတဲ့အချိန်မှာ သတ်မှတ်ချက်ထက်ကျော်ပြီး အရက်သေစာ သောက်စားထားလို့ကတော့ လူသတ်မှုနီးနီး ၊ လူသတ်မှုထက်တောင် ကြီးမားတဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ကြတယ် သမီးရေ။

ဒီအပြင် အသက် ၄၀ ကျော်ရင်လည်း စိတ်မှန်ရဲ့လား၊ မျက်လုံးကောင်းရဲ့လား၊ နှလုံးရောဂါမရှိဘူး ဆိုတဲ့ ကျန်းမာရေးစစ်ဆေးခြင်းတွေလည်း လုပ်ရသေးတယ်။ ဆရာဝန်မှတ်ချက်မှာ တခုခု ချို့ယွင်းနေရင် ကားမောင်းခွင့်ရုပ်သိမ်းတာလည်း ရှိတယ်။ ဒီတော့ ကားမောင်းချင်ရင် ကျန်းမာရေးလည်း ဂရုစိုက်ရတာပေါ့ သမီးရယ်။

ကုန်တင်ကားမောင်းခွင့်လိုင်စင်လိုချင်ရင် ၆ လလောက်ကျောင်းတက်ရတယ်။အသက် ၂၆ နှစ် အောက်တွေ ဆိုရင် ၃ နှစ်တောင် ကျောင်းတက်ရတာ သမီးရ။ ကားကြီးတွေကိုမောင်းတဲ့အခါမှာ ကားထိန်းသိမ်းရတာ၊ ၂ နာရီတခါ နားရတာ၊ ကားမောင်းရင် သတ်မှတ်ချိန် မိုင်နှုန်းတနာရီကို ကီလိုမီတာ ၈၀ အောက် မောင်းဖို့ စက်တွေ ဆင်ရတာ စသည်ဖြင့် အကုန်ပါသလို၊ ကားထဲမှာ ကုန်ပစ္စည်းထားသိုတာ၊ ချည်နှောင်တာ၊ ဘာသာစကားကျွမ်းကျင်မှု၊ မြေပုံ (ကမ္ဘာ့မြေပုံပါ) ဖတ်တတ်ဖို့၊ အချိန်တွက်တက်ဖို့၊ ကုန်ချိန်တွက်တတ်ဖို့၊ ကားအမြင့်၊ ကားအလေးချိန် တွက်တတ်ဖို့၊ လူမှုရေးဆိုင်ရာကျွမ်းကျင်ဖို့ စသည်ဖြင့် အကုန်သင်ပေးပြီးမှ စစ်ဆေးပြီးမှ ကုန်တင်ကားမောင်းခွင့်ရတာလေ။ ဒါက ကုန်တင်ကားနော်။

ဘတ်စ်ကားလိုင်စင်ကျတော့ အသက် ၃၀ အထက် ဖြစ်ရမယ်၊ ကုန်တင်ကားမောင်းခွင့် လိုင်စင်ရ ထားပြီး ဖြစ်ရမယ်။ ရာဇ၀တ်မှုကင်းရှင်းရမယ်၊ စိတ်ပိုင်းဆိုင်ရာ သန်မာရမယ်။ စသည်ဖြင့် အကုန်သတ်မှတ် ထားတယ်။ ပြီးတော့ သည်းခံနိုင်ရဲ့လား စသည်ဖြင့် ကြုံတွေလာနိုင်မဲ့ ခရီးသည် အမျိုးမျိုးနဲ့ဆက်ဆံနိုင်မဲ့ သူတွေကိုမှ ရွေးတာလေ။ ဘတ်စ်ကားမောင်းတဲ့သူတွေဆိုတာ ကားမမောင်းခင် အရက်သောက်ထား မထား လုပ်ငန်းခွင် မဝင်ခင် စစ်ဆေးပြီးမှ ကားမောင်းခွင့်ရ တယ်။ နောက်ပြီး အလုပ်ချိန်ထဲမှာလည်း အနည်းဆုံး တရက်ကို ၁၂ နာရီ နားထားလား မထားလား အလုပ်ချိန်ကိုလည်း စစ်ဆေးသေးတယ်။ အလုပ်ချိန်ပိုလုပ်ပြီး ပင်ပမ်းနေရင် ကားမောင်းရင်း အိပ်ငိုက်တာတို့၊ ပင်ပမ်းနေတာတို့ ဖြစ်ရင် စိတ်တိုပြီး ခရီးသည်နဲ့အဆင်မပြေတာ၊ မတော်တဆတွေ ဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ်ထားတဲ့ သဘောပေါ့ သမီးရယ်။ သူတို့တွေကျတော့ ဘတ်စ်ကားမောင်းတဲ့ လူအများကို ဝန်ဆောင်မှုပေးတဲ့သူတွေဖြစ်တော့ တနှစ်တခါ ဆေးစစ်ရတယ် သမီးရေ။

တက္ကစီမောင်းသမားကျတော့ သပ်သပ်သင်တန်းတက်ရပြန်တယ်၊ တနိုင်ငံလုံးမောင်းတဲ့ လိုင်စင်ယူ မလား၊ ကိုယ့်ရပ် ကိုယ့်ရွာပဲ မောင်းတဲ့ လိုင်စင်ယူမလား ဒါတွေကို ရွေးရတယ်။ လိုင်စင်က ပိုပြီး ဈေးကြီးတယ် သမီးရဲ့။ လိုင်စင်ဈေးကြီးသလို သူက တဦးချင်း တယောက်ချင်းကို လိုက်ပို့ရတော့ အခွန်ကို လိမ်ချင်သလို လိမ်လို့ရတဲ့ အခွင့်အရေးလည်း ရှိတယ်လေ။ တက္ကစီမီတာကို မဖွင့်ထားရင် ခိုးလို့ရနေတာကိုး။ တက္ကစီမောင်းသမား ခိုးရင် နိုင်ငံဘဏ္ဍာလည်း ဆုံးရှုံးမှာကိုး၊ တက္ကစီသမားတွေအတွက် ကားကိုအခွန် ကင်းလွှတ်ခွင့် ပေးထားတာလည်း ရှိတာကိုးသမီးရဲ့။

ဒီတော့ အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာကို လူ ၅၀ စီကနေရအောင် တောင်းရတယ်။ အာမခံတဲ့သူတွေကလည်း တက္ကစီသမားတခုခုလုပ်ရင် ကျနော် ကျမတို့ တာဝန်ခံပါတယ်ဆိုတဲ့ အာမခံချက် ပေးရတယ်။ ဒီတော့ တက္ကစီသမားတယောက်ဖြစ်ဖို့က တော်တော်မလွယ်ကူတဲ့ကိစ္စ။ တက္ကစီသမားခိုးတာနဲ့ လူ ၅၀ က တရားရုံးကဆုံးဖြတ်ချက်ချတဲ့ လျှော်ကြေးကို စိုက်လျှော်ရမဲ့ ကိစ္စနော်။ ဒီတော့ လူတိုင်းက လွယ်လွယ်ကူကူ လက်မှတ်ထိုး အာမခံမပေးကြဘူး။ ဒီတော့ ဖင်လန်နိုင်ငံမှာ တက္ကစီသမားတွေဟာ နိုင်ငံခြားသား တော်တော်နည်းကုန်တာပေါ့သမီးရယ်။

သမီးရေ တကယ်တော့ ကားမောင်းတာ လွယ်ပါတယ်။ ဒါပေမဲ့ ကားမောင်းရင် သိသင့်တာတွေ တော့ သိထားရမယ်၊ စောင့်ထိန်းလိုက်နာသင့်တာတွေတော့ လိုက်နာရမှာပေါ့။ ဖေဖေ နဲ့ လယ်ကွင်းထဲ မှာ မောင်းတာ၊ ရေခဲပြင်မှာမောင်းတာ တရားဝင်တာမဟုတ်ဘူး။ ၁၈ နှစ်ပြည့်မှာ ကားလိုင်စင်သင်တန်း တက်ပြီး မောင်းခွင့်ရှိတာလေ။

ကားဆိုတာ စက်နဲ့ တည်ဆောက်ထားတာ ဘုမသိ ဘမသိ စီယာတိုင်လှည့်တတ်လို့ တတ်မောင်းရင် တခြားသူတွေကို အန္တရာယ်ရှိစေတာပေါ့သမီးရယ်။ ပညာတွေကို တတ်အောင်သင်ပါ၊ စည်းကမ်းတွေနဲ့အညီ နေထိုင်ပါ၊ ဥပဒေကို လေးစားပါသမီးရယ်။

ငြိမ်းချမ်းအောင်

Comments