သစ်ခက်သံလွင်ကဗျာစင်မြင့်၊ လင်းသက်ငြိမ်၊ သျှင်မျိုးငယ်၊ ထက်လူအောင်နှင့် မင်းချောမြင့်တို့၏ ကဗျာများ

ပွဲတော်
www.pinterest.com

လှေကားထစ် တထစ်ပြီးရင် နောက်ထပ်လှေကားထစ်တွေ
အသစ်အသစ်မျိုးပွား
ပွဲတော်တွေနဲ့တဖြည်းဖြည်း ပိုဝေးလာခဲ့တဲ့နှစ်တွေ
လထက်လင်းမယ်ထင်လို့လား
လရဲ့အလင်းနဲ့ပဲ မတင်းတိမ်နိုင်လို့လား
မီးပန်းတွေ ရောင်စုံပြိုးပြက်
ညထဲလူစည်လွန်းလို့ တိမ်တွေစားကျက်ထဲလွင့်မလာကြဘူး
ဒဏ္ဍာရီအရ နွယ်မြက်သစ်ပင်တွေခမ်းနား
ပျော်လွန်းလို့ ညကိုဆွဲထားလို့မှမရတာ
ပွဲတော်ဟာလည်းတခြားပွဲတော်တွေဆီ
ဆက်သွားရဦးမယ်လေ
မနက်ကျအစောကြီးထပြီးလမ်းလျှောက်
မယ်
သူများတွေကျကျန်ခဲ့တဲ့အပျော်တွေ
များ
ကောက်ရမလားလို့ ။

လင်းသက်ငြိမ်
အနွေးထည်
www.pinterest.com
 မျက်ဝန်းတွေ အဆိပ်သင့်ခဲ့တဲ့ည
အမှောင်ရိပ်မှာ လရောင်ကို မျှားခဲ့တယ်...
ဆွံ့အနေတဲ့တိမ်တိုက်တွေရဲ့အသံမှာ
အလွမ်းဟာ နာကျင်ထိရှလာသလိုလို နွမ်းလျလာရဲ့...
ဖဲ့ထုတ်ပစ်လိုက်မိတဲ့နံရံဟာ ပြတင်းပေါက်အဖြစ်
ဝင်လာတဲ့အလင်းဟာ ပုံရိပ်တွေကိုထုဆစ်တယ်
ဘာပဲပြောပြော" နှင်းတွေ ကျနေပြီ"ဆိုတော့
ဆောင်းရဲ့အငွေ့အသက်ကို ခံစားရပြီပေါ့...
လရောင်အောက်မှာ ထိုင်နေတယ်
နှင်းစက်ကလေးတွေလား...လာပါကွယ်...
ဆောင်းဦးနေ့ရက်တွေမှာ
အလွမ်းဟာ အေးစက်စက်...ညဟာ အေးစက်စက်
သက်မဲ့အဖော်အမွန်ကလေးအဖြစ်
အနက်ရောင်အနွေးထည်ကလေးကို ပြန်ရှာနေမိတယ်။  ။
                                                   
သျှင်မျိုးငယ်
အိမ်
Pinterest
ဖွင့်စရာ ပြတင်းပေါက်ပါရင်
ရှုခင်းက ငါတို့မိသားစုကိုငေးရမယ်
အိမ်အမိုးလေးလုံရင်
ကောင်းကင်ကြီးကို ငါတို့မေ့မယ်
မြေကြီးကို ကျောခိုင်းထားမယ်
အိမ်ကြမ်းပြင်ပေါ် အားလုံးလဲလျောင်းရင်းပေါ့
အိမ်ဆိုတဲ့ စကားလုံး ညီမလေးကစာလုံးပေါင်းတတ်ပြီ
အဖေနဲ့အမေက
ဘာလို့အသံထွက် မရွတ်ဆိုနိုင်တာလဲ
အိမ်ငှားတန်းလျားမှာ ငါတွေးကြည့်တယ် ။

ထက်လူအောင်
တကိုယ်တော်မိုးဖွဲ့
KT#
 ရှုရတဲ့ အသက်ဓာတ် ဒြပ်ထု ငါက အစိတ်အပိုင်းပဲ
လင့်စင်တွေ မျှော်နေရတာတွေ ဒါက သမိုင်း
ကျွန်တော်တို့ ပြိုကျအုံးမှာလား
အနိစ္စ ဆိုရင် ဗုဒ္ဓကို ဦးညွှတ်
ဝါဒ ဖြန့်ချိရေးအတွက် စစ်ပွဲတွေ မဖန်တီးခဲ့
ယသောဓရာလည်း မြစ်ကမ်းထားခဲ့တယ်
လောကကြီးလည်း ထားခဲ့
ယမုံနာလည်း ထားခဲ့တယ်
လွတ်လွတ်ကျွတ်ကျွတ် ကျကွဲရတာလည်း
အသံမထွက်ရဲဘူး
ခရစ်တော်လည်း အိပ်မပျော်ခဲ့ဘူးရယ်
ခင်ဗျားတို့ကို ပြန်ဖတ်ပြီး ပြန်သစ်ချင်တဲ့ကောင်ပါ
မိုင်းက ဗုံးကျဲလေယာဉ်က ဘဝသေကွဲ
သမိုင်းက ငုံးမကြောင်ဘူး
မြစ်ဆို ညညပဲ
ညညဟာ ထောင်ထားတဲ့ ဗုံးပဲ

မင်းချောမြင့်


Comments

  1. အားပေးလျက်ပါ
    ရှေ့ဆက်တိုးအောင်မြင်ကြပါစေ

    ReplyDelete

Post a Comment