သစ်ခက်သံလွင် တကိုယ်တော်၊ မိုးခါး၏ ကဗျာများ



မိုးခါးတကိုယ်တော်ကဗျာများ
ego-alterego.com
 အရေးအသား
 မမြင်ရတဲ့စိတ် ဖမ်းဖိုကြိုးစားလိုက်တိုင်း
အတားဆီးတခုပြီးတခု.....
ဦးခေါင်းထက် ဆံပင်ထောင်ထလာသည့်အထိ
နာကျင်တယ်။ ။
 ...
မျိုးကြီးသီချင်းနဲ့ ခင်ဘုန်းပွင့်စံ
 ရဲဝံ့ပြတ်သားမှုကအံ့ဖွယ်
သံစဉ်စာသားဖြင့်ယုံကြည်ရာစီးမျော
စိတ်ဝိညာဉ်မှာခိုဝင်နေသောမှော်ဝင်တေး
သူမ
ပိုင်နိုင်စွာဖမ်းစားလိုက်ပုံက
နားဆင်သူနှလုံးသားကိုထိမှန်သွားစေသည့်
အသံအားကောင်းကောင်းနဲ့ခင်ဘုန်းပွင့်စံ။  ။
ကချေသည်
အမှောင်ထဲ
ဆီမီးတောက်ဝင်းပ
လက်ဖျားအက၊ ခြေဖျားအလှဖွဲ့ယှက်ပြီး
ခုနှစ်ထွေကကြိုးအဆင်တွေနဲ့
မာယာခြယ်မျက်နှာထားရွှင်မြမြသွင်
ဟန်မူရာနွဲ့နှောင်းတေးပလီဖွဲ့ကာ
လှည့်ဖျားမှုအလှပဒေသာနဲ့
ညမင်းသမီးသခင်။  ။
သူရူး
 လေ့ကျင့်ဖူးသား အမှားတွေက
နာကျင် အဆိပ်များစွာနဲ့
မျက်လုံးပေါင်းသောင်းခြောက်ထောင်အကြည့်
သွေဖီကာ
ပျောက်နေတဲ့လမ်းရဲ့အစကို
ရှာဖွေဖို့ ခက်ခဲသူ။  ။
စစ်ကဗျာ
ခေတ်ကသာ
ခေတ်မီဖွံဖြိုးတိုးတက်သည်ဆိုပေမယ့်
စနစ်က
ယစ်ပူဇော်ပသခြင်းတွေကြောင့်
ဝမ်းနည်းရတယ်။  ။
ရိုးသားမှု အစဉ်အလာ
ကောင်လေးက
အလှအပဖမ်းစားခြင်းကြော့ကွင်းမှာမထိတစ်ထိ
ကောင်မလေးက
အလှအပခြယ်မှုန်းခြင်းသေနင်္ဂဗျူဟာတွေနဲ့စောင့်စား
ထို့ကြောင့်
ကောင်လေးကမေတ္တာတရားရဲ့သုံ့ပန်းဖြစ်ပြီး
ကောင်မလေးကမေတ္တာတရားရဲ့စစ်သူကြီးဖြစ်ခဲ့။ ။
မြေကြီး
 အရောင်ဆင်းကခြားနားချင်ခြားနား
ဘာမှပြန်ရစေကောင်းသော်လို့
ရောထွေးနှောယှက်ထားသည့်ဘယ်နေရာတွေမဆို
ဖိနပ်လှလှလေးတွေမြင်မိသည်အထိ
ကျေနပ်စွာ။      ။


မိုးခါး

Comments