သစ်ခက်သံလွင် ကဗျာ ၁၊ ဒီလူည ရဲ့ "အငွေ့သေနေတဲ့ တနင်္ဂနွေ နေ့လည် ခင်းတခု "



အငွေ့သေနေတဲ့ 
တနင်္ဂနွေ နေ့လည် ခင်းတခု
Pinterest


တံခါးကိုဆွဲဖွင့်လိုက်တာနဲ့ ကြွက်တွေက အစုလိုက်အပြုံလိုက်
မရောက်တာကြာပြီဖြစ်တဲ့ ဈေးတန်းတခုထဲမှာ
ဝယ်ချင်တဲ့အသီးအရွက်တချို့ဟာ ညှိုးနွမ်းနေတယ်
ဒီလိုရာသီမျိုးမှာ ချွေးထွက်သိပ်များတော့ ရေဓာတ်က အရေးကြီးတယ်
ရေးမှတ်ထားတဲ့ ပုံရိပ်တွေဆီရောက်ဖို့ အာဟာရ ပြည့်ပြည့်ဝဝ မရ
တနင်္ဂနွေဟာ စတင်ခုတ်မောင်းလာတဲ့ မနက်ခင်းမှာတင် သော့ခတ်ခံနေရတယ်
ပတ်ဝန်းကျင် တခုလုံးမှာ လူသွားလူလာ ကျဲပါးလွန်းနေတယ်
လေတိုက်တိုင်းလွင့်လာတဲ့ မသမာမှုဟာ
သူ့မျက်လုံးတွေကိုကွယ်ဖို့ အနက်ရောင်မျက်မှန်ကိုတပ်လိုက်တယ်
ဆေးပေးမီးယူ တချို့က လေကလေးချွန်ပြီး
ခရမ်းလွန်ရောင်ခြည် သတိပေးနေတဲ့နေပူကြီးထဲ
ထီးကလေးအောက် နှင်းတွေ ဝေနေတယ်
တနင်္ဂနွေဟာ အင်အားပြင်းငလျင်တခုရဲ့ဗဟိုချက်ထဲရောက်ရှိနေကြောင်း
ပွဲတော်တွေကို ငေးမျှော်နေတဲ့ ဖွာရှိုက်မှုကတဆင့်
မီးပွားတွေဟာ လွင့်ကျလာတယ်
ရေတံခွန်တခုရဲ့ရေကျသံက သိပ်ကိုပါးလျလွန်းတာပဲ
ဘယ်ခလုတ်ကိုနှပ်နှိပ် တူးနံ့ပဲရနေတယ်
ဒါဟာ နိမိတ်မကောင်းတဲ့လက္ခဏာ ဖြစ်တယ်
တနင်္ဂနွေဟာ sun cover မပါဘဲ ထမင်းဝိုင်းထဲ ရောက်လာတယ်
အေးခဲနေတဲ့ဟင်းခွက်တွေကို မနွေးရသေးဘူး
မွဲခြောက်နေတဲ့အရောင်က လက်ဆေးရေခွက်ထဲရောက်နေတယ်
ရုတ်တရက်ပေါ်လာတဲ့ အခန်းဆက်ထဲ ဘယ်နေရာမှာထိုင်ရပါ့
တနင်္ဂနွေဟာ ၁၂ နာရီတိတိရိရိ ထောင့်မှန်ကျနေတယ်။   ။


ဒီလူည

Comments