သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်သော်တာ၊ သျှင်မျိုးငယ်နှင့် မိုးအိမ်တို့၏ကဗျာများ

သူလျှောက်ခဲ့တဲ့လမ်း
 

အသက်အရွယ်အားဖြင့်
လူငယ်တယောက်ဆိုပါစို့
သူ့အိပ်မက်က
သူနေတဲ့ကျောင်းတော်ကြီးနဲ့မဆန့်ဘူး
ဒါကြောင့် ကျောင်းတော်ကြီးရဲ့အပြင်ဘက်မှာ
မီးဒုတ်တွေ ထွန်းညှိခဲ့ရတယ်
ရေနံမြေကသွေးချွေးတွေကို
ရန်ကုန်အထိရောက်အောင်စီးဆင်းစေခဲ့ရင်း
ခေါင်မိုးတခုပေါ်ခုန်တက်ခဲ့
သူ့အသံကိုအားလုံးကြားအောင်
သူ့သွေးကိုလောင်းထည့်လို့
သူရေးခဲ့တဲ့ကဗျာတပုဒ်ဟာ
ကျောင်းတော်ကြီးထဲ “ဟိန်း” နေဆဲ
သူ့ကဗျာကို အုတ်ချပ်တွေစီသလို စီကြည့်ရင်
ခရီးဆုံးပေါက်နိုင်မယ်။ ။

မောင် သော် တာ
10 Dec 2016
ဟိန်း ' သို့
 
စစ်မြေပြင်
Bishop Road School
အဲဒီဒေသဟာ
အသည်းနှလုံးဆိုတာ မရှိတဲ့အရပ်
ကိုယ်ချင်းစာတရား မထားရှိတဲ့အရပ်
သံဝေဂတရားကို နားလှည့်ပါးရိုက်လုပ်တဲ့အရပ်...

ဗုံးကွဲသံ၊ မိုင်းခွဲသံ၊စက်သေနတ်သံတွေ
အားလုံးကို ရပ်တန့်ပစ်လိုက်ပါ....။

အဖြေက
"တောင်ကုန်းအမှတ်(....)ကို သိမ်းပိုက်နိုင်လိုက်ပြီ"တဲ့

အဲဒီတောင်ကုန်းလေးဟာ  အသိမ်းပိုက်ခံသားကောင်
တောင်ကုန်းလေးရဲ့နောက်ကွယ်မှာ
ငြိမ်သက်အိပ်စက်သွားတဲ့ အသက်တွေ

အသက်တွေရဲ့နောက်ကွယ်မှာ
လမ်းပျောက်သွားတဲ့ ဘဝတွေ

ဘဝတွေရဲ့နောက်ကွယ်မှာ
ပြိုကွဲသွားတဲ့ မိသားစုတွေ

မိသားစုတွေရဲ့နောက်ကွယ်မှာ
အစားထိုးမရတဲ့ ချစ်ခြင်းမေတ္တာတွေ

ချစ်ခြင်းမေတ္တာတွေရဲ့ နောက်ကွယ်မှာ
ရှိုက်သံမဲ့နေတဲ့ ငိုသံတွေ

ငိုသံတွေရဲ့ နောက်ကွယ်မှာ
အတားအဆီးမဲ့မျက်ရည်စက်တွေ စီးဆင်းနေလေရဲ့...။

သူဟာ
တောင်ကုန်းလေးပေါ်မှာ ရပ်တန့်နေလိုက်တယ်

ပစ္စတိုတလက်ကို သူ့နားထင်ပေါ်တေ့ပြီး
ခလုတ်ကို တချက်ဆွဲပစ်လိုက်တာနဲ့

သူဟာ...အမှန်တရားနဲ့နီးစပ်ခဲ့လေရဲ့...
ဒါပေမဲ့ အဲဒီတောင်ကုန်းလေးပေါ်မှာ

သူ့အမည်နာမကို ရှာမတွေ့ခဲ့ဘူး။  ။

သျှင်မျိုးငယ်
နှစ်မကူးခင် ကဗျာ
Pinterest
တနေ့ တနေ့ ကိုယ့်ကို ပြန်တွေ့လား
ကိုယ့်အသံနဲ့ လွင့်ခဲ့ လှိုင်းအလျား
စိတ်ကူးဟာ ဆိပ်ကမ်း တွေ့ခဲ့လား
မေးခွန်းတွေ ပဲ့တင်ပြန်လာတယ်
အဝေးကြည့် မိန်းမောနေခဲ့ပုံများ
အခု နိုင်ငံတော်ဟာ
အကွက်တခုမှာ မေ့နေအောင် မျောကြ
ပြောမှ လျှောချတဲ့တောင်ကုန်းများ
ကိုယ်မသိတဲ့ တောနက်တွေ
မွှေးရနံ့ဟာ ရှည်လျားပါတယ်
ပြဇာတ်ဟာ ရှိတ်စပီးယား
သီချင်း အဟောင်းများ
စာကောင်းတွေ မကုန်နိုင်သေး
ဒီဇင်ဘာဟာ နှင်းတွေဝေ့ဝဲ
ကျစ်ကျစ်သည်းသည်း သစ္စာတရားနဲ့
ချန်ထားခဲ့သမျှ အရေးအကြောင်းများ
သက္ကရာဇ်တခု ခုန်ပျံရောက်ဖို့ဟာ
နှစ်မကူးခင်က ဗျာ။ ။

မိုးအိမ်


Comments