သစ်ခက်သံလွင် ကဗျာရှည်၊ ကိုချမ်းမှိုင်း "နုရင်ဘတ် လမ်းလျှောက်ထွက်ခြင်း"



နုရင်ဘတ် လမ်းလျှောက်ထွက်ခြင်း
The Telegraph
မြို့တမြို့မက်တဲ့ အိပ်မက်မှာ …
နုရင်ဘတ်ခုံရုံး လမ်းလျှောက်ထွက်လာတယ်
သူက နှုတ်ဆက်တယ် …

“စာဖတ်နေသူကြီးနဲ့ အပေါင်းအပါတွေ နေကောင်းလား”
“သစ်ခွပန်းစိုက်သူကြီးနဲ့ အပေါင်းအပါတွေ နေကောင်းလား”
“နွားနို့သောက်သူကြီးနဲ့ အပေါင်းအပါတွေ နေကောင်းလား”
အိပ်မက်ထဲမှာ …

နုရင်ဘတ်ခုံရုံးက ပြောတယ် …

“နိုင်ငံသူနိုင်ငံသားတွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့တာမှန်ရင်
အချိန်ကာလကန့်သတ်ချက်မရှိ
ဘယ်အချိန်မှာမဆို
နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ တရားဆွဲဆိုခံရမှာဖြစ်တယ်”

 နုရင်ဘတ်ခုံရုံးက ပြောတယ် …

“ပြည်တွင်းမှာ ဥပဒေတွေထုတ် ဖုံးထားကာထားလို့
စစ်ရာဇဝတ်ဘေးက ပြေးမလွတ်ဘူး
တရားဥပဒေရဲ့  ဆုံးဖြတ်ချက်ကို
ခေါင်းဆောင်ကောင်းမှန်ရင် ရဲရဲ ခံယူရဲရမယ်”

နုရင်ဘတ်ခုံရုံးက သူ့ပိတ်သားပေါ်မှာ
မှတ်တမ်းတင်ထားတဲ့ ရုပ်သံတချို့ ကို အခုလို ဖွင့်ပြတယ် …

စစ်ကားတွေ တက္ကသိုလ်ဝန်းထဲ မောင်းဝင်လာတယ်
စစ်သားတွေ ပြေးဆင်းလာတယ်
“ပစ်” – တဒုန်းဒုန်း တဒက်ဒက်
မြင်မြင်ရာ ကျောင်းသားကျောင်းသူတွေကို
စတင် ပစ်ခတ် ရိုက်နှက် ဖမ်းဆီး
တက္ကသိုလ်ဝန်းဟာ သွေးချင်းချင်းနီ
စစ်မြေပြင်တခုအလား …
ကျောင်းသားရာချီသေဆုံး 
ထောင်ကျော်ဖမ်းဆီးခံလိုက်ရတဲ့ မြင်ကွင်း ...
မကြာမီ …
“ဝုန်း” 
ဒိုင်းနမိုင်းတလုံး
ကျောင်းသားသမဂ္ဂအဆောက်အဦမှာ
ပေါက်ကွဲသွားတဲ့ မြင်ကွင်း …

နုရင်ဘတ်ခုံရုံးက
သူ့ပိတ်သားပေါ်မှာ  ဆက်ပြတယ် …

“သပိတ် သပိတ် မှောက် မှောက်”
“ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး”

ရဟန်း ရှင်လူ ကျောင်းသား ပြည်သူ
လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်
လူပင်လယ်လှိုင်းကြီးက တနိုင်ငံလုံးအနှံ့ဖြန့်ကျက်စီးဆင်း
ပစ်-အကြမ်းဖက်ဖြိုခွဲ-ဖမ်းဆီး-ညှဉ်းပန်းနှိပ်စက်
ရေကန်တွေအဆိပ်ခပ်- မင်းမဲ့စရိုက်အသွင်ဖန်တီး- အာဏာသိမ်း
ရန်ကုန်-လူပေါင်း ၃၀ဝ၀ ကျော် အတုံးအရုံးသေဆုံး
တနိုင်ငံလုံးအနှံ့ လူပေါင်း ၁၀ဝ၀ဝ ကျော်သေဆုံး
ရာပေါင်းထောင်ပေါင်းများစွာ ဖမ်းဆီးအကျဉ်းချခံလိုက်ရတဲ့ မြင်ကွင်း …
ရုပ်မြင်သံကြားကတဆင့် …
“နောင်ကို လူစုလူဝေးနဲ့  ဆူဆူပူပူလုပ်လို့ ရှိရင်တော့
စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်
မိုးပေါ်ထောင်ပြီး ချောက်တာမပါဘူး”

နုရင်ဘတ်ခုံရုံးက
သူ့ပိတ်သားပေါ်မှာ ဆက်ပြတယ် …

ရပ်ကွက်ထဲက လူမိုက်တွေ
ထောင်ထဲက ရာဇဝတ်အကျဉ်းသားတွေ
နေ့စားခ ကြိုတင်ရှင်းပေး
တချို့ ကိုဆေးတိုက် တချို့ ကို ခေါင်းရိတ်သင်္ဃန်းဝတ်
ကားတွေ ကားတွေနဲ့ ကျီရွာနားမှာ တိတ်တဆိတ်နေရာယူ
ဒေါ်စုနဲ့ NLD ပါတီဝင်တွေ ကားတန်းကို
ချောင်းမြောင်းလုပ်ကြံ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်
ဒီပဲယင်း- လူပေါင်းရာချီသေဆုံး
အလောင်းတွေဖျောက်ဖျက်ဖို့ ကျင်းတူးနေတဲ့ မြင်ကွင်း …
(တရားခံခုထိ မဖော်ထုတ်နိုင်သေး)

နုရင်ဘတ်ခုံရုံးက
သူ့ပိတ်သားပေါ်မှာ  ဆက်ပြတယ် …

တမြို့လုံးအနှံ့ လမ်းတွေအပြည့် မေတ္တာသုတ်ရွတ်ဖတ်
ဝန်းရံပြည်သူတွေနဲ့ ချီတက်နေတဲ့ ရဟန်းသံဃာတွေ
ပစ်ခတ်-သတ်ဖြတ်-အကြမ်းဖက်ဖြိုခွဲ-ဖမ်းဆီး-ညှဉ်းပန်းနှိပ်စက်
ရာပေါင်းများစွာ အသတ်ခံရ
ထောင်ပေါင်းများစွာ ဖမ်းဆီးခံရ
တိတ်ဆိတ်သွားတဲ့ ငွေကြာယံဘုန်းကြီးကျောင်း
ကြမ်းခမ်းမှာ သွေးအိုင်တွေ ဟိုတကွက် ဒီတကွက်
သွေးစွန်းနေတဲ့ သင်္ကန်းအပိုင်းအစတွေ
ရဟန်းစီး ဖိနပ်တွေ ဟိုတနေရာ ဒီတနေရာ
ကျည်ဆန်ရာ ဗလပွနဲ့
ကြမ်းပြင်ပေါ်ပြိုလဲကျနေတဲ့ ဗုဒဆင်းတုတော်တွေနဲ့ မြင်ကွင်း …
(အခုထိ မည်သူမျှ အရေးယူမခံရသေး)

နုရင်ဘတ်ခုံရုံးက
သူ့ပိတ်သားပေါ်မှာ  ဆက်ပြတယ် …

နာဂစ်မုန်တိုင်းကြောင့်
လူတွေ သိန်းချီသေ သန်းချီ ခိုကိုးရာမဲ့နေချိန်
နိုင်ငံတကာရဲ့ကူညီမှုကို ငြင်းဆို
ပြည်သူတွေရဲ့ဘဝပေါင်းများစွာကို လျစ်လျူရှု
သဘာဝကပ်ဘေးကြီးထဲ ပစ်ထားခဲ့ပုံ
ကယ်သူမဲ့ ကူသူမဲ့
အလောင်းတွေ နေရာတကာ မြင်မကောင်းရှုမကောင်း
ဘဝပေါင်းများစွာ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ မြင်ကွင်း …

နုရင်ဘတ်ခုံရုံးက ပြောတယ် …

“ပေါ်တာ ကလေးစစ်သား မြေမြှုပ်မိုင်း မီးလောင်ဗုံး”
အထောက်အထားတွေ စုံစုံလင်လင်
အရပ်သားတွေ သိန်းနဲ့ချီ
နယ်စပ်မှာ ထိုးစစ်စင်ခံရ နေရာပြောင်းရွှေ့ခံရ
သန်းနဲ့ချီ နယ်စပ်ဖြတ်ကျော်
အိုးပစ်အိမ်ပစ် စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးရ
နုရင်ဘတ်ခုံရုံးက မေးတယ် …
“License to Rape” အစီရင်ခံစာ
“War Crimes and Crimes against Humanity
in Eastern Myanmar” အစီရင်ခံစာ
“စစ်အာဏာရှင်ခေါင်းဆောင်တွေ ဖတ်ဖူးလား”
 “မဖတ်ဖူးရင် Google ကြည့်”

နုရင်ဘတ်ခုံရုံးက ဆက်ပြောတယ် …

“သမိုင်းဆိုတာ ညာလို့လည်း မရဘူး”
“သမိုင်းဆိုတာ ညှာလို့လည်း မရဘူး”
တရားမျှတမှုဆိုတာ
မတရားမှုကျူးလွန်သူတွေကို
အမြဲတမ်းချောက်လှန့်နေဦးမယ့် တစ္ဆေ္ဆ … ။

ကိုချမ်းမှိုင်း
[နိုဝင်ဘာ ၂၀၁၆]

Comments