သစ်ခက်သံလွင် ဂါရဝပြု ဦးညွှတ်ခြင်းကဗျာ- မောင်ကြီးငြိမ်းချမ်း၏ "ကောင်းသော မွေးနေ့ပါ ဖေဖေ"

ကောင်းသော မွေးနေ့ပါ ဖေဖေ
မူရင်း ဓာတ်ပုံရှင်ကို လေးစားလျက်
၁၉၄၅ / ၁၁ / ၁၁
အဲဒီနေ့က
ဦးထွန်းမှိန် မိန်းမ
အဘွား ဒေါ်စာမတယောက်
ကံကြမ္မာကို မကြောက်မရွံ့
ပြည်တွင်းစစ် ဝဲဂယက်တွေထဲ
မျှော်လင့်ချက်တွေအပြည့်နဲ့
လူ့လောကထဲ အဖေ့ကို
ခေါ်သွင်းလာတာတော့ သေချာတယ်။
-
ဗမာ့ယဉ်ကျေးမှု့တွေကြားထဲ
တဖက်သော အသိုင်းအ၀န်းက မကျေနပ်တော့
လင်မယား နှစ်ယောက်ကြား အခက်အခဲတွေဖြစ်
အဖေ နဲ့ အမေကွဲ
မအေနဲ့ သားကို
စစ်တပ်က အသေခွဲစေလိုက်တော့
ဘဝဇာတ်က မစခင်ကတည်းက နာပြီးသား ဖြစ်နေပြီ။
-
တောကျောင်းဆရာလေး အဖေ
အလွမ်းပင်တွေ တောထ
ငယ်ရည်းစားကို စစ်ဗိုလ်က အဓမ္မသိမ်း
ဝါကျင့်ကျင့် နေ့ခင်းရှည်တွေကြားမှာ
၁၉၆၀ နောက်ပိုင်း ခေတ်ကာလများ
တပါတီစနစ်မှာ ခင်ဗျားပါရင် တအားဖြစ်မယ်
ငြင်းပယ်ရင်တော့ ထောင်တသက် လွှတ်ရက်မရှိ
င၀န်မြစ်ထဲက စစ်သဘောင်္တစင်းပေါ်
ချော့ တလှည့် ခြောက်တလှည့်နဲ့
အဖေရွေးတဲ့ လမ်းက
ထောင် ဆိုတဲ့ တက္ကသိုလ်ဖြစ်နေတော့လည်း
ခံရတာတွေ လက်တွေ့ပြောဖို့များ
ရွေးချယ်ခဲ့တာလား ဖေဖေရယ်။
-
လက်တွေ့ဘ၀ကို တွေးပြီး
ငါသေရင် တယောက်တည်းမနေနဲ့
နင်သေရင် ငါတယောက်တည်း မနေဘူး
အဖေ နဲ့ အမေကြားက မေတ္တာစကားတွေ
အဖေမရှိလည်း အမေက သစ္စာရှိ
အမေမရှိလည်း အဖေက သစ္စာရှိ
ငယ်လင် ငယ်မယား
၄၅ နှစ်တောင် ပေါင်းဖက်နေကြပါလား အဖေ။
-
အဖေ ထောင်ဘယ်နှစ်ခါကျလည်း
အဖေ အတူတူဘယ်လောက်နေခဲ့ရသလည်း
ပြန်တွက်ကြည့်တော့
စစ်စစ်ပေါက်ပေါက်
၁၀ နှစ်လောက် ရှိခဲ့တာကိုက
မိဘမေတ္တာဆိုတဲ့ စကား
ကျနော် ပြောတတ်ခဲ့အောင် သင်ကြားပေးခဲ့တာ ဖေဖေပါ။
-
ငါ့သား
ဗမာနိုင်ငံသား အားလုံးဟာ
မင်းဆွေမျိုးတွေချည်းပဲ
လူထုဘ၀ကို သင်ကြား
ထမင်းငတ်နေတဲ့ကြားထဲ
ချောကလက်စားတာ ဂုဏ်ယူစရာ မဟုတ်မှန်းသိဖို့
ရင်ဘတ်တွေနဲ့ သင်ကြား
ခေါင်းတွေနဲ့ သုံးသပ်
ရိုးရာအစွဲအလန်းများတဲ့ နိုင်ငံမှာ
အနေတတ်ဖို့တော့ လိုလိမ့်မယ်
တခါတခါ အမှန်တရားတွေ ရင်မှာ ဝှက်ထားရတော့
အဖေ ပင်ပမ်းသလို
ငါ့သား ဝန်တွေထမ်းထားရမှာကို
မမြင်ချင်ဘူးလို့ ပြောတဲ့ အဖေ။
-
တရုတ်စကားပုံတခုမှာ
ရင်ခွင်မှာ ပိုက်ထားတာ မိဘမေတ္တာမဟုတ်ဘူး
လွတ်လပ်စွာ ပျံသန်းဖို့ အခွင့်အရေးပေးတာဟာ
သားသမီးကို တကယ်ချစ်လို့ဆိုတဲ့ စကား
အဖေနဲ့ ကျနော့်ကြားမှာ ပြောခဲ့ကြဖူးတယ်။
-
ရန်ကုန်ဘူတာကြီး ရဲ့ ညနေခင်း
ဘီယာလေးဘူး နဲ့ သားအဖ နှစ်ယောက်
လိမ်လိမ်မာမာ နေလို့ အဖေက မမှာဘူး
အခြေအနေ နဲ့ အချိန်အခါက မင်းကို သင်ကြားပေးလိမ့်မယ်
သတိ မပြတ်စေနဲ့
အမှားတချက်လုပ်လို့ကတော့
ခွင့်လွှတ်လို့ ရလား၊ ခွင့်လွှတ်လို့မရဘူးလား
အဖေ့သားမို့ မင်းကို ငှဲ့ညှာမှာမဟုတ်ဘူး
အဖေ သူတို့ကို ယုံတယ်
မင်းလည်း သူတို့ကိုယုံ
သွားတော့ သားရေ၊ သွားတော့ သားရဲ့
စာအုပ်တထုပ်နဲ့ လူငယ်တယောက်
လွှတ်မြောက်ရာ အရပ်ဆီသို့
အဖေရဲ့ ငြိမ်းချမ်းရေးမျက်ဝန်းတစုံထဲက
မျက်ရည်ကြည်တွေရဲ့ မေတ္တာရိပ်နဲ့
ဒီတသက် ကျနော် လူဖြစ်ခဲ့ပြီ ဖေဖေ။
-
၇၁ နှစ်ပြည့်တဲ့ ဖေဖေ
အယူအဆတွေ မတူတာဘေးဖယ်ထား
လူငယ် လူကြီးတွေ မေ့ပစ်လိုက်
ဆရာ နဲ့ တပည့်
အစ်ကို နဲ့ ညီ
မိတ်ဆွေ နဲ့ သူငယ်ချင်း
သောက်ရင်း စားရင်း
ပျော်ပျော်ပါးပါးနေခဲ့ကြတဲ့ ဘ၀မျိုး
အဖေ နဲ့ ကျနော်ကြားမှာ ရှိခဲ့တာက
လွမ်းစရာတွေ ပိုဖြစ်ရတော့
ဖေဖေ ကျန်းမာပါစေလို့သာ
အမြဲ ဆုတောင်းနေပါတယ် ဖေဖေ။
-
၇၁ နှစ်ပြည့် မောင်အောင်ပွင့်တယောက်
မြေးတွေ ရောက်မဲ့ တနေ့ကို
စောင့်နေရတာကိုက
အဖေနဲ့ ကျနော်ကြားက
သံယောဇဉ်ကြိုးပေါင်းများစွာကို ဆွဲဆက်ထားတာမို့
ယနေ့ ကျရောက်သော မွေးနေ့မှသည်
လာမဲ့နှစ်ပေါင်း -------------------
ဖေဖေ ကျန်းမာပါစေကြောင်း 
ကျနော်ဆုတောင်းပါတယ်။

မောင်ကြီးငြိမ်းချမ်း

Comments