သစ်ခက်သံလွင် ကဗျာစင်မြင့် ၁၊ လင်းသက်ငြိမ်ရဲ့ "အဝေးရောက်ကဗျာ"



အဝေးရောက်ကဗျာ

www.pinterest.com
ဖြစ်နိုင်ရင် ပျော်စရာတွေပဲပြောချင်တယ်
မဖြစ်နိုင်တော့လည်း
မြေကြီးပေါ်ကျသွားတဲ့
ရေသန့်တခွက်အကြောင်း
ပြောမိတော့တာပဲ
စိတ်ပါလက်ပါ ရယ်မောပါ
ကြေကွဲစွာ ငိုကြွေးပါ
ရထားတဲ့ဘဝဟာ ရထားစီးရသလိုပဲကွာ
အမေ့ဆီဖုန်းဆက်တိုင်းမျက်ရည်ဝဲ
ရတာ
ညီမလေးအကြောင်းကြားတိုင်း
နာကျင်ရတာ
ကိုယ့်အကြောင်းကိုယ်ကြားတိုင်း
ဒေါသဖြစ်ရတာ
ချစ်သူနဲ့စိတ်ကူးထဲဆောက်တဲ့
အိမ်လည်းပျက်ပြီ
မျှော်လင့်ခြင်းတွေ
လေပေါင်ကျနေတာကြာပြီ
ခေတ်ကြီးက မိုးမျှော်အဆောက်အဦးလိုပဲ
ကိုယ်ရောက်နေတဲ့အရပ်ဟာ
ကိုယ့်ထက်အရပ်ပိုနိမ့်တဲ့ပတ်ဝန်းကျင်ပဲ
ကဗျာဆရာလို့ကြားတာနဲ့
ပြုံးစိစိဖြစ်သွားတဲ့
မျက်ခွက်တွေကိုဖြတ်ရိုက်ချင်တယ်
ဇာတ်တူသားမြည်းချင်တဲ့သတ္တဝါတွေကို
ဓားနဲ့လှီးချင်တယ် လူ့အဖြစ်ဟာအချဉ်ပေါက်
နေတယ်ပြောရင်
ပုံပြင်ထဲကမြေခွေးကို ပြေးမြင်မယ်
ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင်
ချဉ်နေတယ်လို့ အဖုံးလှပ်ပြမယ်
အမှန်တရားအကြောင်း
အငြင်းမပွားချင်တော့ဘူး
အမုန်းတရားတွေကို မပွေ့ဖက်ချင်လို့ပါ
ခွင့်လွှတ်ပါ ကမ္ဘာကြီး...
ခွင့်လွှတ်ပါ အမေ...
ခွင့်လွှတ်ပါ ကဗျာ...
ကျွန်တော့်ကိုအားလုံးခွင့်လွှတ်ကြပါ
ခွင့်လွှတ်ပေးကြပါ...။

လေရူးနဲ့လွင့်လာတဲ့ရွက်ကြွေလို
လမ်းဘေးကလွင့်လာတဲ့ဖုန်မှုန့်လို
စည်းမဲ့ကမ်းမဲ့လော်စပီကာသံလို
အကျိုးဖြစ်ထွန်းမှုနည်းပါးတဲ့
စာမျက်နှာထက်ကပိုလျှံနေတဲ့ဝါကျပါ။

ငြီးငွေ့စရာကဗျာတွေနဲ့ခင်ဗျားတို
အကြည်ဓာတ်ကိုမွှေနှောက်မိခဲ့ပါတယ်
မအောင်မြင်တဲ့
ငွေရေးကြေးရေးအကြောင်း
ညည်းတွားမိခဲ့ပါတယ်
ပျော်စရာမကောင်းတဲ့ဘဝအကြောင်း
ပုံတူရေးပြမိခဲ့ပါတယ်။

စိတ်အလေ အလွင့်များ
အစီအစဉ်တကျလွဲမှားမှုများ
ကုန်းဆင်းလိမ့်ရေတဲ့ဘဝမှာ
လောကကိုမကောင်းမြင်ဖူးတယ်
ရူးသလိုလို ပေါသလိုလိုနဲ့
ကိုယ့်ကိုယ်ကို ကမ္ဘာကျော်မယ်
ထင်ခဲ့ဖူးတယ်
အဆင်မပြေမှုတွေကို
အောင်နိုင်မယ်လို့လည်း
ခပ်တည်တည်ထင်မှတ်ခဲ့ဖူးပါတယ်။

အိမ်နဲ့ဝေးဝေး
မျှော်လင့်ခြင်းနဲ့ဝေးဝေး
အကောင်းမြင်ဝါဒနဲ့ဝေးဝေး
အကောင်းဆုံးတွေနဲ့ဝေးဝေး
အခုရေးတဲ့ကဗျာကို အဝေးရောက်ကဗျာလို့ 
ရှည်ရှည်ဝေးဝေးမစဉ်းစားပဲ
ပေးလိုက်တယ် အမေ။


လင်းသက်ငြိမ်
1812015

Comments