သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ခင်ဇော်မိုး ရဲ့ " ပြောလိုက် "









ပြောလိုက်









Exposition Art Blog



ဟေ့ရောင်! ပြောလိုက်
မင်းကိုကြိတ်ခိုက်နေတဲ့ ကောင်မလေးကိုပြောလိုက်




ငါ့မှာ ယားနာတွေမပေါက်ဖူးတဲ့အကြောင်း
ပြောဖြစ်အောင်ပြောလိုက်




အေး ပြီးတော့
ငါကအသည်းခိုက်အောင် ချစ်တတ်တယ်
တစိုက်​မတ်​မတ်​ ခွေးရူးကိုက်ဖို့ ဦးတည်ပြေးသလို ပြေးတတ်တယ်
မေတ္တာကို ကဗ္ပလာလိုခင်းကျင်း
ကတ္တီပါလမ်းခင်းလို နင်းလျှောက်ခံဝံ့တယ်
ငါ့မေတ္တာက ရိုးရှင်းတဲ့ကဗျာတပုဒ်လည်းဖြစ်တယ်
အဆိုးအဆိုးတွေကြုံလည်း သဘောထားကြီးကြီး အချိန်အကြာကြီး ခွင်လွှတ်နိုင်တတ်တယ်
ငါ့ချစ်ခြင်းက
အလိုရမ္မက်တွေနဲ့ ရင်းနှီးတယ်၊ စွန့်လွှတ်ခြင်းတို့နဲ့လည်း မဟာမိတ်ဖြစ်တယ်
ပြောလိုက်
အဲ့ဒီ ငါ့အကြောင်း ....တယ် ပေါင်းများစွာကို ပြောပြလိုက်




မင်းကိုကြိတ်ကြွေနေတဲ့ ကောင်မလေးကို
ပြောလိုက်
ထမင်းတပွဲကို ခွေးတကောင်ဝင်ဆွဲတဲ့ ဇာတ်ကားမျိုးတွေပဲ
ကြည့်မနေနဲ့လို့
သေသေချာချာပြောလိုက်




ယားယံတတ်တာ
ငါ့အသည်းက ချစ်သူဆီကအကြည့်ကိုမြင်ရင် ယားယံတတ်တာ
ချစ်သူနဲ့ အဆင်မပြေတဲ့အခါ
ငါ့စိတ်က ယားယံတတ်တာ
ပြောလိုက်
အခု .....တာတွေရဲ့အကြောင်းရောပြောလိုက်




ဘက်တီးရီယားနဲ့ဗိုင်းရပ်စ်ဆိုတဲ့ ပိုးဆိုးတွေ
ငါ့ကိုယ်ပေါ်တက်လည်း မယားယံတတ်ဘူး
ငါ့စိတ်ပေါ်တက်လည်း မရိုးမရွမဖြစ်တတ်ဘူး
ရောက်လာရင်တော့ မြင်တာပေါ့
ငါ့စိတ်မှာ ဂြိုဟ်ဆိုးဆိုတာထက်
လွန်ကဲတဲ့မှတ်ချက်မရှိဘူး
အများကတော့
ဆိုးရွားတဲ့ပိုးလို့ မှတ်ချက်ပြုတယ်




ပြောလိုက် ပြောလိုက်
မင်းကိုကြိတ်ခိုက်နေတဲ့ကောင်မလေးကို ပြောလိုက်
မင်းသိထားသမျှ ငါ့အကြောင်းလေးတွေပါပြောလိုက်




မြန်မာပြည်စစ်ဖြစ်နေတဲ့အကြောင်းလည်း ပြောလိုက်
သက်ငယ်မုဒိမ်းတွေပေါများလာတဲ့အကြောင်းလည်း ပြောလိုက်
ဟိုမိန်းမချော လင်ခိုးမှုအကြောင်းလည်း ပြောလိုက်
လေ့လွင့်ခွေးတွေ ဆေးချခံရတဲ့အကြောင်းလည်း ပြောလိုက်




ပြောလိုက်
စုန်းအိုမကြီး သူ့သားသမီးသူပြန်သတ်မိတဲ့
ပုံပြင်အိုလည်း ပြောပြလိုက်
အေး တခုတော့ရှိတယ်
ခံစားချက်ကိုသိချင်ရင်တော့
စုန်းအိုမကြီးမေးမှ သိနိုင်မယ်ဆိုတာလည်း ပြောလိုက်




ထပ်မှာလိုက်မယ်
ထမင်းပွဲကို ခွေးဝင်စားတဲ့ ဇာတ်ကားပဲကြည့်မနေနဲ့လို့
ပြောလိုက်ပါကွာ။ ။






ခင်ဇော်မိုး
၂၂.၁၁.၂၀၁၆
9:35am


Comments