သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မြတ်လှိုင်း၊ ကျော်ကျော်(မြရည်စမ်း)နှင့် ထက်လူအောင်တို့၏ကဗျာများ

ဝမ်းနည်းကြေကွဲခြင်းမှတ်တမ်း
Pinterest
 ရိုးရိုးလေးပါပဲ
လောကကြီးဖျားနာနေတဲ့အချိန်
တိမ်တွေတောက်ပပြီး
နေလုံးကြီးက အနီရောင်မျက်ရည်တွေလျှံကျခဲ့တယ်
သာမန်ဖြစ်စဉ်တခုပါပဲ
မမျှော်လင့်ပဲ မျှော်လင့်နေခဲ့တဲ့
ကံကြမ္မာကိုမိုးကြိုးပစ်လိုက်တဲ့အခါ
ရင်ဘတ်ကြီးတစစီကွဲကြေကုန်တယ်။
နောက်ဆုံးတော့
နောက်ဆုံးဖြစ်လာခဲ့တယ်
ရှင်ရက်နဲ့သေဟန်ဆောင်နေရတဲ့ဘဝဆိုတာ
မလှပဆုံးအထီးကျန်ဆန်နေတဲ့
ညအိပ်မက်ဆိုးတွေဝယ်ယူလိုက်ပြီး
သေမိန့်ဖတ်ကြားသံကို
နားစွင့်နေရတာ
ပျော်စရာအကောင်းဆုံးနာကျင်မှုနဲ့
ကြေကွဲခြင်းပါပဲ။   ။

မြတ်လှိုင်း
ကြောင်အိုကြီးတကောင်ရဲ့မစင်နံ့
Pinterest
 ကြောင်ဖြူဖြစ်ဖြစ်
ကြောင်မဲဖြစ်ဖြစ်
ကြောင်ဟာ ကြောင်ပဲ
အမှောင်ထဲ မြင်နိုင်တယ်လို့ 
ဟိုးတုန်းကပြောခဲ့ကြသလို
ခုလည်း ပြောနေကြဆဲပါ
သေချာတာတခုရှိမယ်
သူ မစင်စွန့်ရင် နံမယ်
ကြောင်ဆိုတဲ့ကောင်ဟာ
အိမ်ရှင့်အပေါ်
ကျွေးမွေးသုတ်သင်ခဲ့သူတွေအပေါ်
မငှဲ့ညှာတတ်တာလည်း  အသေအချာပဲ
ရှေးစကားရှိတယ်
အိမ်မှာ အခြေအနေမကောင်းရင်  သူ
ထွက်သွားတတ်သတဲ့
သူ့ အတွက် စားပေါက်ချောင်ရင် ခပ်ပြောင်ပြောင်
ပြန်လာမယ်
ဟင်းနံ့ကျွေးနံ့ရရင်
တညောင်ညောင်
Tom & Jerry မှာ ကြောင်ဟာ ဇာတ်လိုက်ဖြစ်နေပေမယ့်
သေချာတွေး အဲကောင် လူလည်
ကြောင်ဆိုတော့ကြောင်လည်
ကြောင်ဟာ လူ့အသိုင်းအဝိုင်းမှာ   
ပြောစရာ ဖြစ်နေတုန်းပဲ
ဒုက္ခပေးတဲ့ကောင်ဆို ကြောင်ဘာပူညာပူတဲ့
ငါတွေ့ဖူးတာက ကြောင်သူတော်ကြက်သူခိုး
ပျော်ပျော်ပါးပါး အုတ်မြစ်ချမတဲ့
နေ့ကောင်းရက်သာ ရွေးမတဲ့
စိတ်ရှည်သီးခံခိုင်းတယ်
ပြီးတော့  
ချထားခဲ့ပါတယ် မလူးသာမလွန့်သာ
ဒုက္ခအုတ်မြစ်
ရွေးထားခဲ့တဲ့နေ့ရက်တိုင်းဟာ
မသာမယာ သွေးတွေရွဲလို့
ခုချိန်ထိ သူစွန်ခဲ့တဲ့မစင်နံ့ဟာ  
အရပ်လေးမျက်နှာ တဒိုင်းဒိုင်းမွှေးလို့
ကြောင်သူတော်ဟာ 
အုတ်မြစ်ကို အဝီစိက ထမ်းထားရတာ
နေကောင်းရက်သာ မရရှာဘူးထင်ပါရဲ့
အလင်းထဲလည်း မမြင်နိုင်တော့ဘူး။  ။

ကျော်ကျော်(မြရည်စမ်း)
နိုဝင်ဘာ ၃၀၊၂၀၁၆
ညနေ  ၆၃၀

ဒီနေ့ facebook ပေါ်ရောက်လာတဲ့ post တခု

Pinterest
ပေါက်တူးကမြေသားကို ပေါက်လိုက်တိုင်း
ငိုရှိုက်သံနှင့်အတူ အပုပ်နံ့ဟာ ပျံ့လွင့်လာ
မှုခင်းဆရာဝန်ဟာ အလောင်းဖော်နေတဲ့နေရာနား ရပ်နေ
တရားသူကြီးဟာနှာခေါင်းကို လက်ကိုင်ပုဝါနဲ့အုပ်လို့
ခပ်လှမ်းလှမ်းမှာရှိတဲ့စပ်စုသူလူတွေ
မျက်လုံးတွေက မြေသားကိုစိုက်ကြည့်နေကြ
သက်ဆိုင်သူမိသားစုထံက
အော်ကြီးဟစ်ကျယ်အသံနှင့်အတူ
မြေပြင်ပေါ် အလောင်းရောက်လာခဲ့
မြေကြီးထဲ ကျန်နေတဲ့အရာ
လူတွေ အသည်းအသန်ရှာနေကြ
အမှန်တရားဟာ လူအုပ်ကိုကြည့်ရင်းပြုံးနေတယ် ။

ထက်လူအောင်

Comments