သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ညိမ်းအေးသာ၊ ဒီလူည နှင့် ဇာနည်သွေး(ပလိပ်) တို့၏ ကဗျာများ

သွေးအိပ်မက် တော်လှန်နှင်းဆီ
INTERNET
 လရောင်ငွေစက် မြသစ်ရွက်ပေါ်
နွယ်ယှက်ခိုသော
နွေရော်ကာလ ညတညဝယ်
မှေးစက်တရေး ပျော်ခဲ့စဉ်
ဝါညိုသင်္ကန်း မြတ်ရဟန်းမှ
အကျွန်အိပ်ရာ ညင်သာနှုတ်မြွက်
နှိုးလျက်လိုက်ပါ ခေါ်ခဲ့သည်
ရဟန်းနောက်ပါး
ပေါ့ပါးလျှင်မြန် သိချင်ဟန်ဖြင့်
နီးဝေးရပ်ရွာ ကြဉ်ဖယ်ထားပြီး
တောတန်းအဝင် ပြန့်ပြူးလွင်သော
သဲပြင်သောင်စပ် ရပ်တန့်ခဏ
မြင်ခဲ့ရပြီ
သွေးပင်လယ်ထက် ပြိုလဲတုန်းရုန်း
နာကျင်ညည်းညူ ရင်လှိုက်ဆူမျှ
ကျဆုံးကြသည်
တော်လှန်ရေး၏ ရဲဘော်များ..
နှင်းဆီနီစွေး ပန်းလော သွေးလော
ခွဲခြားမတတ် မြေသားမွေ့ယာ
တနေရာဝယ် နှစ်လွှာပူးပေါင်း
ရုပ်အလောင်းတည့်
တယောက်မှာလျှင် အကျွန်ကိုယ်တိုင်
ယှဉ်လျက်ရင်ဆိုင် နှစ်လောင်းပြိုင်သား တဦးမှာကား
အံ့ချီးဖွယ်ရာ ပြည်မြန်မာ၏
ကိုယ်ကျိုးမဖက် မျိုးဆက်ကျောင်းသား
ယုံကြည်ချက်ကြောင့် အကျဉ်းသား..
အတိတ်ဘဝ တချိန်ကပင်
သူရောမင်းရော တော်လှန်ရေးထဲ
တိုက်ပွဲဆင်နွှဲ ခန္ဓာစဲ၍ သေပွဲဝင်ပြန်
ရဲဘော်မောင်နှံ အမှန်ဖြစ်သား
ဘုရားသားတော် ရဟန်းဖော်ပြ
ထိုခဏဝယ် သည်းအူပြတ်မျှ
တုန်လှုပ်နာကျင်
ကြင်သူငယ်ပေါင်း ရုပ်အလောင်းကို
ယူကြုံးမရ ခေါ်ငင် တ လည်း
ဆွဲယူပွေ့ဖက် နှိုးရခက်သည်
ရင်ဝယ်မီးသင့် ဆွေးမြေ့တမ်းလင့်
မောပန်းသက်ငင် ရှိုက်ငိုရင်းပင်
အိပ်မက်လန့်ကာ နိုးခဲ့ပြီ..။ ။

ညိမ်းအေးသာ
အောက်ပါအတိုင်းသာ ဖတ် ရှုရန်
en.wikipedia.org
၁။   ။

စိတ်ကူးတွေ ခါလိုက်တိုင်း
တဖွဲဖွဲကျလာတဲ့ သစ်ရွက်ခြောက်ကလေးတွေ

၂။      ။

ခလုတ်တိုက်မိတဲ့အခါ
ပြန်သတိရတတ်တဲ့ လွန်လေပြီးသော အမှတ်တရရှိခဲ့ဖူးတဲ့
တံဆိပ်တွေဟာ တဝဲဝဲ။

၃။      ။

အတူတူပျော်ခဲ့ဖူးတဲ့ နှစ်တွေမှာ
သူဟာ ပစ္စုပ္ပာန်ကို မရောက်ချင်ဘူးလို့ ပြောတယ်။

၎။       ။

တလိပ်ပြီးတလိပ် ကုန်သွားတဲ့ ဆေးလိပ်တိုတွေကြားထဲ
ညနေဟာ ခြုံကွယ်တနေရာကနေ ကင်းစောင့်နေတယ်။

၅။      ။

"အသက် ရှူတိုင်းမှာ တူညီတာတခုက
အဆုပ်ထဲကို လေဝင်ခြင်းပဲ "
သူ ကျေနပ်စွာပြုံးပြီး အထက်ပါစာသားကို
မျဉ်းသားကာ လွှင့်ထူထားတဲ့ ရွက်တခုပေါ်
ချိတ်ဆွဲထားလိုက်တယ်။

၆။      ။

တိတ်တဆိတ်ထွန်းညှိထားတဲ့ မီးလင်းဖိုလေးနားမှာ
တယောက်အနာ တယောက် လျှာနဲ့ လျက်ရင်း
အမှောင်ခကို အကာအကွယ်ယူပြီး အမှောင်လကိုထိတ်လန့်နေရတယ်။

၇။     ။

မနက်ကတည်းက ဖွင့်ထားတဲ့ခလုတ်ဟာ
ခုထက်ထိ အလင်းရောင်လ မပေါ်သေးဘူး။

၈။     ။

မီးအိမ်ကလေးထဲ အတူတူဝင် ပုန်းနေတဲ့
ညတာရှည်များ။

၉။     ။

သိပ်ပြီးမထူးဆန်းတဲ့ စကားလုံးတွေနဲ့
သိပ်ပြီးမထူးဆန်းတဲ့ လက်ခုပ်သံတွေကို ပူးချည်ပြီး
ရေစီးထဲ မျှောလိုက်တယ်။

၁၀။     ။

သင် လို ရာ သွား နိုင် ပါ ပြီ။  ။


 ဒီလူည
ထိတ်လန့်ညစွဲများ
anaba.blogspot.com
 သူခိုးကို ဓားရိုးမကမ်းမိဖို့
ခွေးမဟောင်လည်း ခေါင်းထောင်ကြည့်ရ
နေ့  နေ့
ည   ည
ခွေးနဲ့သူခိုးဟာ
လရောင်ကွန့်မြူးခြင်းနဲ့
လရောင်ရနံ့ဆွတ်ပျံ့ခြင်းကို
မကြိုက်ပဲ ကြောက်ကြ
ခွေးနဲ့သူခိုးဟာ
မကြိုက်တာချင်းတူသလို
ကြောက်တာချင်းလဲတူရဲ့
တကယ်တော့
သူတို့အချင်းချင်းကလည်း ရန်သူ
အမှောင်ကြိုက်တာချင်းလည်း အတူတူ
မှောင်ခိုရန်သူတွေပေါ့
ဒီခေတ်ကြီးထဲ
ကျွန်တော်တို့သက္ကရာဇ်တွေ ထိတ်လန့်ခဲ့ရတာ
အဲ့ဒီ  ခွေးတွေ
အဲ့ဒီ သူခိုးတွေ
အဲ့ဒီ ခွေးသူခိုးတွေကြောင့်ပါကမ္ဘာ……။       ။

ဇာနည်သွေး (ပလိပ်)
၁၇.၁၀.၂၀၁၆

Comments