သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းမိုးစွေ၊ လင်းမြတ်အိမ်နှင့် လင်းပိုင်မှူးတို့၏ ကဗျာများ

ဇာတ်ရူး 
ဗဂျီအောင်စိုး(ကွယ်လွန်) ကိုဂါရဝပြုအမှတ်တရ -မူရင်းပိုင်ရှင်ကို လေးစားမှုဖြင့်...
 ဆိုင်းသံ ဗုံသံကြားရင်

"စစ်”ကိုထားခဲ့ပါ

လာလေ စောစော

"ပွဲ”သွားရအောင်...။

လင်းမိုးစွေ
စစ်တလင်းပြင်ထဲက ကလေးငယ်လေး
www.pinterest.com
သားအဖေ အပြင်သွားအုံးမယ်ဆိုပြီး
အဖေလေ
ဘယ်ပျောက်သွားမှန်းကိုသိပါဘူး
ကျနော်တို့အိမ်နား ဆူညံသံတွေကြားတော့

အမေရယ်လေ ကျနော့်ကိုလက်ဆွဲ
အဝတ်ထုပ်လေးယူပြီး ရှေ့ကလူတန်းနောက်
အပြေးလိုက်လေရဲ့
အမေဘာလို့သားတို့အိမ်ပြောင်းရတာလည်း
အဖေပြန်လာအောင် မစောင့်တော့ဘူးလားဆိုတော့
အမေကငိုလို့ ကျနော့်ဖက်ထားလေရဲ့

သားရယ်
အမေတို့အခု စစ်ဘေးဒုက္ခသည်ဖြစ်နေပြီတဲ့

အမေရယ် ကျနော့်သူငယ်ချင်းတွေရော
အခုချိန်သားတို့ အိမ်ရှေ့လမ်းမမှာဆော့နေကြလေ
သူတို့ရော မေမေ
သားရယ် သူတို့တနေရာမှာရှိမှာပေါ့တဲ့
အမေမျက်ရည်တွေကျလာပြန်ရဲ့

အခုတော့
ကျနော်ရယ် အမေရယ်
တဲတန်းလျားပေါ်မှာ လူတွေအများကြီးစုလို့
ညဘက်တွေအိပ်ရ
ခြင်တွေလည်းကိုက်လို့ပေါ့

ခုတော့
မနက်မိုးလင်းတာနဲ့
အမေရယ်လေ အစာရှာရအောင်ဆိုပီး
လမ်းမပေါ် ပျောက်ပျောက်သွားတတ်တယ်  ။   ။

လင်းမြတ်အိမ်
(19.11.15)
2:50 AM

သေရာပါ အနာ
 
wanderingmist.com
ဟော တချက်
ရော့ တသက်နဲ့
ထွက်သွားတဲ့ကျည်တတောင့်မှာ
မိသားစုဟာ တယောက်လျော့လို့။

ဘယ်လောက်အားပျော့သွားတဲ့ပန်းချီကားလဲ
ဘယ်တော့မှ မပြည့်နိုင်တော့တဲ့အိုးထဲ
မျက်ရည်တွေသာ ဘောင်ဘင်ခတ်ပေါ့။

တဘက်က လက်ညှိုးကလေးကွေးရုံ
တဘက်မှာ ဘဝတွေပုံနေပြီ
ဆုံနေကျမိသားစုထမင်းဝိုင်းလေးလည်း
မီးခိုးတအူအူ
ယမ်းနံ့တွေသာ ထောင်းထောင်းထ။

ရလာတဲ့ဒဏ်ရာ
ဖြေဆေးက ဘယ်မှာလဲ
မပြေတော့တဲ့အနာပါ
ဘယ်ဆေးသောက်သောက် မပျောက်တော့ဘူး ။  ။

လင်းပိုင်မှူး

Comments