သစ်ခက်သံလွင် ကဗျာစင်မြင့် ၂၊ လင်းပိုင်မှူးနှင့် အာကာဦးတို့၏ ကဗျာများ

ကျောင်းသွားချင်တယ် မေမေ
bombmagazine.org
မေမေပြောတော့ ငါးနှစ်ရောက်ရင်
ကျောင်းနေရမယ်ဆို
သား ငါးနှစ်ပြည့်ပြီ မေမေ
ဘယ်မှာလဲ
သားအတွက်အဖြူအစိမ်းလေးတွေ
ဘယ်မှာလဲ
အနာဂတ်တွေထည့်လွယ်ရမယ့်လွယ်အိတ်လေး
ဘယ်မှာလဲ
ရွာလယ်ကကျောင်းကလေး
ယမ်းငွေ့တွေကြား
ဘယ်များပျောက်ကွယ်သွားကြတာလဲ
ဖြေပါဦး မေမေရယ်
သား ကျောင်းသွားချင်တယ်။ ။

လင်းပိုင်မှူး
မြို့ကလေးရဲ့တနေ့တာ
www.phaidon.com
စိတ်ဟာလွင့်နေတယ်
မြောက်ပြန်လေဟာ သစ်ပင်အိုကြီးရဲ့လောကဓံကိုစိန်ခေါ်
အမေအိုဟာ အသီးအရွက်ဗန်းလေးကိုချ
မြေးကလေးတွေရဲ့နေ့စဉ်ဘဝအတွက်ဟင်းရွက်နဲ့ပိုက်ဆံ
လဲလှယ်နေပေါ့
ဒီနှစ်ဒီရာသီမှာ ပန်းကလေးတွေဟာညှိုးရော်နေမလား
ဂျပန်ဖြစ်ကားတစီးပေါ်က
ဆင်းချလာတဲ့
ဒေါက်တာမာတင် ဖိနပ်တရံက
လူပေါင်း၂၀ ကိုတနေ့တာဝမ်းဝစေတယ်
နှင်းမှုန်တွေကြားထဲက
ကျောင်းဆရာမလေးရဲ့စက်ဘီးအို
မြန်မာ့ပညာရေးကိုစိန်ခေါ်တယ်
တဖျတ်ဖျတ်လူးနေတဲ့လူစည်ကားတဲ့အရပ်
မိန်းမဝဝကြီးရဲ့လက် တလက်လက်ပဲ
စပါးဈေးမကောင်းဘူး
ရှင်ပြုရမယ့်အရွယ်သားလေးလေ
အဖေ့မျက်နှာကို ခဏခဏ အကဲခပ်နေတယ်
ဒေသအခေါ်ကပ်မိုးဆိုတဲ့မုန်တိုင်း
ရွှေဖြစ်ချိန်ကို စိန်ခေါ်
အလုပ်ကြမ်းသမားတွေရဲ့ချွေးစက်တွေဟာ
ဟင်းသီးဟင်းရွက်ကိုပဲဖြစ်ထွန်းတယ်
တေးသံရဲ့ရနံ့ကိုအဝေးကပဲမျှော်လင့်ခဲ့ရတဲ့
ကလေးငယ်တွေရဲ့ပခုံးထက်
ဆာလာအိတ်ဟာ သူတို့အိပ်မက်ပါပဲ
ခုချိန်ဆိုလူစည်နေတဲ့လက်ဖက်ရည်ဆိုင်မှာ
၆ တန်းအရွယ်စားပွဲထိုးလေး
စက်ဘီးတစီးထက်ပိုမြန်တဲ့ခြေလှမ်းတွေနဲ့
မြို့ပေါ်၁၀ ရပ်ကွက်သူဌေးသားတွေကိုဧည့်ခံ
ဟိုးခပ်ဝေးဝေး ကျောင်းလေးကအံထွက်လာတဲ့
ကမ္ဘာမကြေဆိုသံကိုသူကြားလိုက်မိမှာပေါ့
ပေသီးခုံကိုဖုန်သုတ်နေတဲ့ပေါက်ဖော်ကြီးခမျာ
ပိုင်စိုးပိုင်နင်းတမြို့လုံးကိုစိတ်ကူးယဉ်
ဟိန္ဒူဆိုင်ကထွက်လာတဲ့အမွှေးနံ့တွေဟာ
ငါးစိမ်းတန်းထဲတိုးဝင်သွားပေါ့
ပရမိုးရှင်းပွဲက စကီလေးတွေရဲ့
မျက်နှာဟာ ဟန်ဆောင်အပြုံးနဲ့ဖော်ရွှေနေတုန်
မြို့ကလေးကထွက်ခွာတော့မယ် ရထားဟာ
မြို့ပစ်သားတွေကို ကုန်ကူးဖို့
တဂျုံးဂျုံး ချီတက်သွားလေရဲ့။

အာကာဦး

Comments