သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်သင်းမိုး၊ မင်းလွင်၊ ဆောင်းယွန်းလနှင့် ကိုချမ်းမှိုင်းတို့၏ကဗျာများ
စစ်ဟာ စီးဆင်းဆဲ
www.pinterest.com
ဘုရားကုန်းတော်မြေ စစ်ဖိနပ်တွေ တပ်စခန်းချ
ဆည်းလည်းမချို ခေါင်းလောင်းသံအ ကျည်သံလွင်လွင်
အလျှံငြီးငြီး မီးတွေလောင်နေရဲ့
အိမ်ရာစွန့်ပြေး တောလမ်းကလေးသွေးတစက်စက်
သားသည်အမေ ကလေးနို့တိုက်
သွေးနဲ့မျက်ရည်
စစ်ဟာ စီးဆင်းဆဲ။
ကတုတ်ကျင်းထဲ အဖေ့ရင် သွေးပွက်ပွက်လွှမ်း
မိသားစုဓာတ်ပုံကိုင်ကာ
ဖူးပွင့်လာမယ့် စပယ်ပန်းများငြိမ်းချမ်းပါစေ
ယမ်းခိုးယမ်းနံ့ စဲပါစေ
ငါ့ညီ င့ါညီမလေး ပြန်မွေးပေးပါ
နှစ်များ….
များစွာတသွင်သွင်
စိမ်းလန်းစွာ ပွင့်မယ့်ပန်း
အလှပဆုံးအမည်ပေးချင်ရဲ့
ငြိမ်းချမ်းရေးပန်း။ 
မောင်သင်းမိုး
အရှေ့အရပ်က လေတွေ တိုက်လာပြီ
en.wikipedia.org
 ငါတို့ဟာ ပိုလွတ်လပ်ချင်လို့
ဂျစ်ပစီအုပ်ထဲက ခွဲထွက်လာ
ဘယ်လောက်ဝေးဝေး ကို သွားမလဲ
နောက်ဆုံးတော့ အိမ်ပြန်လာရမှာပဲ
ဆူညံသံတွေ ရပ်ဖို့
ငါတို့အသားကုန်အော်ခဲ့
ဘယ်မှာလဲ
မင်းကြိုက်တဲ့ ဂျန်ဂိုသစ်ရွက်တွေ
ငါကြိုက်တဲ့ ဂျွန်လင်နွန်ရဲ့ မျက်မှန်
ထမင်းစားနေရင်လည်း ရပ်လိုက်တော့
တွေးခေါ်နေရင်လည်း ရပ်လိုက်တော့
စာအုပ်တွေကိုလည်း ပိတ်လိုက်တော့
အရှေ့လေတွေတိုက်လာပြီ
လေထဲကဖုန်မှုန့်သီချင်းအလိုက် 
မျက်လုံးမှိတ်ပြီး လေချွန်နေလိုက်။
မင်းလွင်
အသံ
paolaguimerans.com
 ဖန်ခွက်ချင်း
တေ့တေ့ဆိုင်ဆိုင် ပွတ်တိုက်လိုက်တဲ့အခါ
ခွမ်းခနဲနေအောင် အသံမြည်ခဲ့တယ်..
အသံဟာ
နံရံကို ထိရှပြီး
အခန်းပြင်ကို လွင့်စင်ကျသွားတယ်…
ဖန်ကွဲစတွေကတော့ အခန်းထဲမှာပေါ့…
မတိုက်ဆိုင်တဲ့ စိတ်ချင်းပွတ်တိုက်လိုက်တဲ့အခါ
အသံမဲ့
တကမ္ဘာလုံး ကြေမွသွားခဲ့တယ်…။
ဆောင်းယွန်းလ
(အောက်တိုဘာ ၄ရက်၊ ၂၀၁၆)
မြို့
paolaguimerans.com
မြို့ ...
ခုတ်လှဲခံလိုက်ရတဲ့
သူ့ပန်းချီကားထဲက ပဲခူးရိုးမတောင်တန်းကြီး
စိမ်းညို့ညို့တောအုပ်တွေကို
လွမ်းဆွတ်လို့  ...
သူ့ရင်ဘတ်ပေါ်က
ပေါက်ပြဲကြေမွနေတဲ့ လမ်းမတွေဟာ
သူ့ ဒဏ်ရာဒဏ်ချက်တွေ ...  
ဖုန်အလိမ်းလိမ်း
ဒယိမ်းဒယိုင် ဆွေးမြေ့ အိမ်တွေက
သူ့ထုထည်ကို ကျုံ့ကျုံ့ပေးလာရ
အစာအိမ်တွေလဲ
ဆာလောင်မှုကို ၀က်အူရစ် တပတ်လျှော့ထားရ ... ... ... ။
မြို့ ...
အရက်ဆိုင်တွေ ဘီယာကြော်ငြာတွေက
အသရေဖျက်လို့  …
မိသားစုအပန်းဖြေစရာ ပန်းခြံတွေ
လူငယ်တွေအတွက် အားကစားကွင်းတွေလည်း
တိတ်တိတ် ကိုယ်ဖျောက်ခံလိုက်ရ … … ။
မြို့ ...
မင်း မွေးဖွားကြီးပျင်းပေးလိုက်တဲ့
ရင်သွေးလေးတွေ
မင်းကို တဖြည်ဖြည်း စွန့်ခွာသွားကြ
မင်းကတော့ ပူဆွေးကျန်ရစ်လို့  ... ... ... ။
မြို့ ...
မရင့်မီ ကြွေလွင့်ခဲ့ရတဲ့
ငါ့ ညီတော်တွေ နောင်တော်တွေရဲ့
သင်္ချိုင်းတံခါး ဘယ်သူဆွဲဖွင့်တုန်း ...
မြို့ ...
မင်းကို ခေတ်ကီးက ကိုယ်ဝန်ဖျက်ချ
ဂလိုဘယ်လိုက်ဇေးရှင်းက အပျော်ကြံ
ပြန်ပေးဆွဲ ခံထားရ … … … ။
ကိုချမ်းမှိုင်း
သြဂုတ် ၊ ၂၀၁၆ ။
(ဇီးကုန်း မြို့လေးသို့ ရည်ညွှန်းသည်)
Comments