သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ကောင်းကင်ကို၊ ကိုပွေး၊ ဆောင်းယွန်းလတို့ကဗျာများ

အပြုံး ဖိုဘီးယား
mulpix.com
မီးတောင်တလုံးက
သံတမန်ဆန်ဆန် ပြုံးပြတယ်။

မျက်နှာထားတင်းတင်းနဲ့ သေနတ်တလက်က
ငြိမ်းချမ်းရေး ငှက်ကို ချစ်ရေးဆိုသလိုမျိုး။

ပြေလည်ချင်ဇောနဲ့
ယုံကြည်မှုတွေ ပုံအောလိုက်ဖို့ဆိုတာ
လိမ်နေကျ ကန်ထရိုက်ရဲ့
ဆောက်မယ်ဆိုတဲ့တိုက်ကို
ကြိုပွိုင့်နဲ့ ဝယ်လိုက်သူထက်
မိုက်များမိုက်နေမလား။

ပြေးကြည့်စရာမလိုဘူး
ရွှေအုတ်အကောင်းစားနဲ့ ရေပုပ်မြောင်းကြားထဲမှာ
ဝှက်ထားတဲ့ ဓားတချောင်းရှိကြောင်း။

ကောင်းကင်ကို
အောက်တိုဘာ ၂၅၊ ၂၀၁၆
စာချုပ်
anthonyfreda.wordpress.com
 အုန်းမောင်းသံကြောင့်လန့်နိုးသွားတဲ့
မနက်ခင်းရဲ့လည်ပင်းမှာလည်း
ကြိုးတန်းလန်းနဲ့
ဘယ်သူ စီရင်ထားတယ် မသိ
ခင်မင်ရပါသော မိဘပြည်သူများခင်ဗျာ
တလတခါ ပုံမှန်လာတဲ့ ရာသီသွေးလို
ဟောဒီအပေါက်ကြီးထဲက အသံတွေ
တစက်စက်နဲ့ တိုင်းပြည်ဟာ ချည့်နဲ့နေပြီ
ဘယ်လို ကယ်တင်ရမယ် မသိ ။
ကျီးမိုက်တွေ အရေခွံလဲနေတုန်း
ဆဲနေတဲ့ ပါးစပ်ထဲကလက်တွေနဲ့
၁၃ ချက် ပစ်ပလိုက်တယ်
ယမ်းနံ့ဆိုတာ ရေမွှေးနံ့လိုပဲ စိတ်ကို
ပြောင်းလဲစေတယ်
ရောင်စုံတောပန်းတွေမြို့ကိုစီးဖို့
လိုင်စင်လာလုပ်တယ်
ခေတ်ကိုကအရောင်ထည်လဲနဲ့ ခုတမျိုး
တော်ကြာတမျိုး
ချိန်ခွင်လျှာစောင်းတဲ့ဘက်မှာ ငါတို့အမျိုး
တွေကအပေါ်ကပါလား
ငါ့ခေါင်းကို ငါနင်းဖို့ ငါကိုယ်တိုင်လက်မှတ်ထိုးပလိုက်တယ် ။
စားပွဲပေါ်ကစကားတွေက တခါသုံးလား
ငြိမ့်နေတဲ့ပုတ်သင်ညိုကရော ခေါင်းပါလား
ငါဝါးပြီးထွေးထုတ်လိုက်တာ ဒေသထွက်
အသွေးအသားတွေလေ
ငါနင်းထားတဲ့ဖိနပ်က ငါ့လူမျိုးတံဆိပ်နဲ့
မီးညှိလိုက်တဲ့စီးကရက်က
ငါတို့ငြိမ်းချမ်းရေးပေါ့
အသံကြောင့်ဖားသေတဲ့သီချင်းထဲမှာ
အကျဉ်းသားဖြစ်နေတာက
စာရွက်ထဲကလွတ်လပ်ရေးတွေ
စိတ်ရှိလက်ရှိ မောင်းတင်ပစ်လိုက်တယ်
ငါ့လက်တချက်နဲ့ မြေမြှုပ်ခဲ့ရတဲ့
ချိုးငှက်လေးတွေလေ
ခုတော့ အတောင်ပေါက်စပေါ့ ။ ။ ။

ကိုပွေး
မိအေး ဘယ်နှစ်ခါနာခဲ့မှန်း မသိတော့ဘူး
abstractartlesson.com
အသက်ကို
ဘာဖက်နဲ့ ထုပ်ထားပြီး
ဘယ်ပြည်ဖြစ်နဲ့ လုပ်ထားရမှာလဲ..
ပြည်တွင်းဖြစ် အသက်မှာ
စပယ်ယာပတ် နှစ်စုံစီလောက်တော့လိုတယ်...
တရားကို
ဘယ်နတ်က စောင့်ခဲ့တာတဲ့လဲ..
ဘယ်ဘုရားကို လက်ဝဲရစ်ပတ်ပြီး
ဘယ်ဘုရားမှာ လက်ယာရစ်ပတ်ရမှာလဲ...
မပြောင်းပါဘူးလို့ ပြောနေတာတောင်မှ
ပြောင်းနိုးနိုး တရေးနိုးချင်သူတွေနဲ့....
မကောင်းပါဘူးလို့ သိနေတာတောင်မှ
ကောင်းနိုးနိုး ခေါင်းထိုးပြီး
ပန်းအလျော်တောင်းဖို့ ချောင်းနေသူတွေနဲ့...
တည့်တည့်ကို ဒဲ့ထိမှသိမယ်ဆိုရင်
ဘယ်နှစ်ခါ အခါခါနာပြီးပြီလဲဆိုတာ
မိအေးကိုသာ မေးကြည့်လိုက်ကြပါတော့...
အဆိုးဆုံးကတော့
ကျားရဲကို ခွေးအတွေဝင်ဆွဲတဲ့ကိစ္စပါပဲ..
အမှန်မြင်တဲ့ငါ့မျက်လုံးတွေကို
ဒီကနေ့ပဲ
ငါ့လက်တွေနဲ့ အဆုံးစီရင်ပစ်လိုက်မိပြီ..။

ဆောင်းယွန်းလ

Comments