သစ်ခက်သံလွင်၊ ဝင်းမြင့်တကိုယ်တော် အောက်တိုဘာ ကဗျာစု

ဝင်းမြင့်တကိုယ်တော် အောက်တိုဘာ ကဗျာစု

Win Myint Facebook မှ..

နေ့လည်းကြက်ဥ
ညလည်းကြက်ဥ
ခြံထဲက
ကြက်မ
သူလိုက်ခဲ့သမျှ
ငါ့ပါးစပ်ထဲလာလာအု ။

ဥ နဲ့ အု
ဝင်းမြင့်
၅ ၁၀ ၂၀၁၆
ရေစပ်က
ကိုင်းပင်တွေကြားမှာ
တိမ်တွေ
လှိုင်းကြက်ခွပ်ထအောင်
ပြေးနေတယ် ။
အဲဒါ
ငါမလုပ်ပါဘူးကွယ် ။ ။

ဟပ်ခြင်း
ဝင်းမြင့်
၅ ၁၀ ၂၀၁၆
ဖေဖေက ရေငုပ်ဝတ်စုံဝတ်လို့
မင်းသံစုံတီးဖို့
ပန်းကန်ပြားပျံတွေ ရေထဲကဝယ်လာခဲ့
မင်းငယ်ငယ်ကဂြိုဟ်တုကိုခေါ်ရင်မပီတဲ့အခါ
ပျားပိတုန်းတွေနဲ့လေထဲကဝဲနေ
ပန်းပွင့်ရောင်စုံပေါ်မှာစူပါ စပိုက်ဒါမင်းတွေကို
မင်းကန်ချလိုက်တဲ့အခါ
ဆင်ကြီးလို ဝူး ဝူး ဝူးလို့ အော်တာပေါ့
မင်းအသက်ကြီးလာလို့ အနာဂတ်ကိုမောင်းထွက်သွားပြန်လည်း
ဝူး ဝူး ဝူး လို့ အဖေအော်တာပဲ
ကမ္ဘာကြီးနဲ့ လမင်းကြီးကြား
သံချပ်ကာယာဉ်တွေပေါ်မှာ ချော့သိပ်ဖူးတဲ့
ကကြီး ခကွေးသီချင်းဟာ ဖေဖေစပ်ထားတာပဲ
တိုင်းပြည်တာဝန်တွေထမ်းဆောင်ရင်း
မင်းကိုအလေးပြုနေတာဖေဖေပါပဲ
အခုအိမ်ရှေ့မှာရွှေရင်အေးသည်အော်သွားတယ်
ပလုတ်တုတ်ကိုခေါက်ပြီးပြေးမလာနဲ့
တက်ဂလောက် တက်ဂလောက်မြင်းလေးစီးခဲ့ကွယ့်။ ။

သားချော့ တေး
ဝင်းမြင့်
၎ ၁၀ ၂၀၁၆
ငါ့ရဲ့ရှေ့ရေးမှာ
မျက်နှာကိုစိုက်ထားတဲ့နေရောင်
တိုက်နံရံအက်ကြောင်းမှာပေါက်တဲ့သစ်ပင်လို
အမြစ်တွယ်နေခဲ့
မနက်ကပန်းတွေအသက်ကြီးလာတယ်
ငါ့အရိပ်လည်းနောက်မှာကျန်ရစ်လို့
ဘာစွဲလန်းမှုမှအနံ့မစူးဖူးဘူး
အရွက်တွေလန့်ဖြန့်
ဆူးခြစ်ရာလို့ခေါ်တယ် ။ ။

နှင်းဆီ
ဝင်းမြင့်
၃ ၁၀ ၂၀၁၆
ပျော်ရွှင်ခြင်းမှာ
ကြောင်နဲ့ကြွက်ဟာ
အသက်လုရတယ် ။

ရယ်သောအနွမ်းအမောများ
ဝင်းမြင့်
၃ ၁၀ ၂၀၁၆
လူငယ်တဦး
သီချင်းကိုခပ်အုပ်အုပ်ဆိုလို့။
နေသာမိုးရွှာ
ခေါက်ရိုးကျိုးများအသားကျခဲ့ရာ။
ရှေးဟောင်းနှောင်းဖြစ်
ထပ်တလဲလဲတသံတည်း
အမှောင်ထဲမှာကြယ်များအော်လို့
လမ်းထိပ်အုတ်ခုံ
မြောင်းကူးတံတား အဆောင်ရှေ့
အဟောင်းနံ့ထွက်သောအခန်းမှစ၍
တဖြေးဖြေးတစိမ့်စိမ့်
အသစ်များကွက်လပ်ဖြည့်လို့။
အသက်မှာ
တဖွဲဖွဲ
နှစ်များ
တဖြောင်းဖြောင်းခေါက်ခဲ့ပေါ့။ ။

ဂစ်တာအို
ဝင်းမြင့်
၂ ၁၀ ၂၀၁၆
…..
အရေးထဲ
ရက်လွန်ပန်းတစည်း
အရာပေါ်
အမြှောက်ဆံခေါင်းပြတ်
စားပွဲပေါ်မှာ
နေ လ နက္ခတ်
အသားညှပ်ပေါင်မုန့်
ဒဏ်ရာရ ဆလပ်ရွက်
ချစ်တယ်
ကြိုက်တယ်
နှစ်ဦးသတောတူလက်မှတ် ။ ။

ကွာဟ
ဝင်းမြင့်
၂ ၁၀ ၂၀၁၆
အဘယ့်ကြောင့်
နိုင်ငံတခုလိုကျဆုံးသနည်း ။
အဘယ့်ကြောင့်
ငါ့အချစ်ကိုသင်မုန်းသနည်း ။
အဘယ့်ကြောင့်
နောင်တဟုအသွင်ယူသနည်း ။
အဘယ့်ကြောင့်
အလွမ်းပြေသွားကြားညှပ်သနည်း ။
အဘယ့်ကြောင့်
သင်ပုန်းချေသကာဖုံးသနည်း ။
ဥပါဒါန် ရေ
ပြုသမျှခံဖို့ကံဟုဘယ်လောက်ပြောပြော
ဖက်ကြမ်းကြီးနဲ့ ငါယုတ္တိများ ဖွာထုတ်နေရတယ် ။ ။

တိမ်တောက်ခြင်း
ဝင်းမြင့်
၁ ၁၀ ၂၀၁၆
 ...
ဘာကိုမှမစိုရွှဲပဲနဲ့
မိုးရွာနေတယ်။
အလို
နှင်းကျနေတာကိုး ။
အခုနှင်းထက် ပိုကျဆင်းတဲ့နှင်းတွေအကြောင်းနဲ့
နောက်တပုဒ်ရှိသေးတယ် ။
ရှေ့လာမယ့် လပိုင်းတွေထဲမှာ
သူ့အကြောင်းသူ ရေးသားထားပါလိမ့်မယ်။ ။

အောက်တိုဘာနှင်း
ဝင်းမြင့်
၁ ၁၀ ၂၀၁၆

Comments