သစ်ခက်သံလွင်၊ ဂါရဝပြု ခြင်းကဗျာ၊ ထွန်းဝင်းငြိမ်း၏ " စိတ်တိုင်းကျ လ ရောင် "

စိတ်တိုင်းကျ လ ရောင်
POS
 လ ရောင်လို စိတ်အကြည်ဓာတ်ရှိသူ
အရာရာကိုအကောင်းမြင်တတ်လွန်းသူ
အနစ်နာခံမယ်၊ ကူညီဖို့အသင့်ရှိတယ်ဆိုတဲ့သူ
စိတ်တိုင်းမကျနိုင်တာတွေကို
စိတ်တိုင်းကျအောင် ကြိုးစားခဲ့သူ
လူချစ်လူခင်များပေမယ့်
မျက်နှာမများနိုင်ရှာ
လူပျိုကြီး ဇာတာပါခဲ့သူ။
မလိုသူတွေ မနာလိုလောက်အောင်
ပေါက်ရောက်ခဲ့လေသမျှ
သူ့ခမျာ နှိမ့်နှိမ့်ချချနဲ့သာ
၇၄၊ ၇၅၊ ၇၆
ဆရာကြီး ဂူဗိမာန်စောင့်ရှောက်ရေး
မှိုင်းငြိမ်းကွန်ရက်
အန်အယ်ဒီ လူမှုထောက်ကူ
အားလုံးနဲ့ ကြည်ကြည်ဖြူဖြူပါပဲ။
နိုင်ငံရေးဝင်္ကန္တမှာ
ပျော့ပြောင်းခြင်းအနုပညာနဲ့
လေးကိုင်းသဖွယ်နည်းနာကို ကျင့်သုံးလေသူ
စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းလိုသူ
ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို ထူထောင်လိုသူ
၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ရေးလိုသူ
အစစ်အမှန်ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတဲ့တိုင်းပြည်ကို ရရှိလိုသူ
အဲဒီလို ဈေးကြီးတာတွေကိုမှ
ရွေးပြီး ပတ်သက်ခဲ့ရင်း
အသက်ပါပေးခဲ့လေသူ။

ထွန်းဝင်းငြိမ်း
၂၃၊ ၉၊ ၂၀၁၆
 (အကိုကြီး ကိုအောင်ထိုက် ကောင်းရာသုဂတိလားပါစေ။ ဂါရ၀များစွာနဲ့ အလေးပြုလိုက်ရပါတယ်။)

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စာင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်တဦးဖြစ်သည့်  ဦးအောင်ထိုက် (စိတ်တိုင်းကျ) ကွယ်လွန်သွားခြင်းအတွက် ဂါရဝထားအလေးပြုသည့်အနေဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။
ဦးအောင်ထိုက်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးပါသည့်အခန်းကဏ္ဍများဖြစ်သည့် ၇၄-၇၅-၇၆ ခုနှစ် များအတွင်း ဖြစ်ပွားခဲ့သည့် အလုပ်သမားအရေးလှုပ်ရှားမှု၊ ကျောင်းသားအရေးလှုပ်ရှားမှုများတွင် တက်ကြွ စွာပါဝင်လှုပ်ရှားခဲ့သူတဦးလည်းပြီး အာဏာရှင်ဆန့်ကျင်ရေး ခေတ်အဆက်ဆက်တွင် ပါဝင်ခဲ့သူလည်းဖြစ် သည်။

Comments