သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဇော်ဝင်းကို၊ ထင်ငြိမ်း(မအူပင်)၊ မောင်နွေရင့်(အင်းဝ)တို့၏ကဗျာများ

အနာဂတ်ရဲ့ ပြက်လုံးများ
www.pinterest.com
နမင်း အကျဉ်းစကျတဲ့ ဖြစ်စဉ်
ကမ္ဘာကြီး စပြီးလည်ပတ်တဲ့ဖြစ်စဉ်
ပြန်ဆင်ခြင်မိတယ်။
ကော့ပါးနီးကပ် ချမှတ်တဲ့အမြင်သစ်
နေစကြာဝဠာ စနစ်မှန်
လက်ခံသူ မှန်သမျှ သာသနာ့တရားခွင်မှာ
စီရင်ဆုံးဖြတ် မီးရှို့သတ်သတဲ့
(နေကိုတန့်ရပ် ကမ္ဘာကိုလည်ပတ်စေဖို့
အသတ်ခံကြရ ရိုင်းလှတဲ့အဖြစ်
သည်ခေတ်က ပြန်ကြည့်တော့
ရယ်မိတာတွေလည်း ရှိရဲ့)
လူတယောက်အသက် ဖျောက်ဖျက်ပစ်ရုံနဲ့
သူ့ရဲ့ယုံကြည်ချက်ခံယူချက်များ
ပျောက်သွားမယ်ထင်ခဲ့ကြ
မိုက်လှတဲ့ လူတစု အခုတော့ရယ်စရာ
(အမှန်တရားဆိုတာ ဓားနဲ့ထိုး ဓားကျိုး
လှံနဲ့ထိုး လှံကျိုး မသေတဲ့အမျိုးပဲ)
"ကမ္ဘာဦးကျမ်း မှတ်တမ်းရှိတာက
ထာဝရဘုရား ဖန်ဆင်းထားခဲ့တာ ကမ္ဘာဟာ ဗဟိုချက်" တဲ့
သက်သေဖြင့် မပြနိုင်
သမ္မာကျမ်းကိုင်ပြီး အခိုင်အမာငြင်းရှာတဲ့
"ကာဒီနယ် ဘယ်လာမင်း"
သင်းအဖြစ်ကလည်း ရယ်စရာ
(အမှန်တရားဆိုတာ စာအုပ်မှာရေးထားတဲ့
စကားလုံးတွေထဲမှာ တွေ့နိုင်တာမဟုတ်)
ကာဒီနယ်က ပြောသမျှထောက်ခံ
ပုဒ်မပါမကျန်အောင် မှန်ပါကြောင်း ဟုတ်ပါကြောင်း
အဆိပ်ပင်ရေလောင်းတဲ့ အားလုံးကောင်းသမား "ပုတ်သင်" များကလည်းရယ်စရာ
(အမှန်တရားဆိုတာ
အာဏာပိုင်ဆိုသူက ကန့်သတ်လို့မရတဲ့ ဒိဋ္ဌဓမ္မတရားဖြစ်တယ်)
"ကမ္ဘာဗဟိုပြုဝါဒီ" တိုလမီရဲ့သင်ကြားချက်
ကျမ်းဂန်လာခံယူချက် တွယ်ဖက်ထားတဲ့သူတွေ
"နေဗဟိုပြုဝါဒသစ်" ရုပ်သစ္စာတရား
ကော့ပါးနီးကပ်အမြင် ဆန့်ကျင်ခဲ့ကြသူတွေ
(နောက်တနည်းစဉ်းစားရင်)
တရားအမှန်ကို ဓားလှံနဲ့ ထားခဲ့သူတွေ
မဟာရုပ်တရားကို စာအုပ်ကြားညှပ်ထားချင်သူတွေ
အသက်ကိုမလှူရဲလို့ အယူ"လွဲ" ခဲ့ကြသူတွေ
သူတို့တွေအားလုံးဟာ
နှစ်ဆယ်ရာစုအတွက် ပြက်လုံးကောင်းများပမာ
ရယ်စရာပါပဲ
နောက်ရာစုနှစ် ရယ်စရာအသစ်တွေ
နောင်တခေတ်လူများက ပြောကြတဲ့အခါ
ဘယ်သူတွေပါမလဲ
ရဲရဲတွေးကြည့်
မြင်မိရဲ့။ ။

ဇော်ဝင်းကို
စိန်ခေါ်မှုအသစ်
www.artbylt.com
 ခေတ်ကိုက
Sexy page တွေ Like ပိုရနေတဲ့ခေတ်
ကဗျာ အတိုတွေထက်
စကတ်အတိုတွေသာ နေရာပိုရနေတဲ့
မဂ္ဂဇင်းစာမျက်နှာတွေ
ညီမလေးရေ...
မင်းရေးနေတဲ့ကဗျာစာသားထက်
မင်းရင်သားက ပိုလှတယ်ဆိုတာမျိုး
ရာသီဥတု အပူလွန်ကဲနေလို့
အာခေါင်တွေခြောက်နေတာလား
ရမ္မက်စိတ်တွေ များနေလို့
အာခေါင်တွေ ခြောက်လာတာလား
လာ ...
မျက်တောင် တခတ်လောက်ပဲဖြစ်ဖြစ်
လမ်းမထက်ကို ကြည့်လိုက်စမ်းပါ
ပေါင်တံဖွေးဖွေးတွေ အပြိုင်းအရိုင်းနဲ့
ယဉ်ကျေးမှုတွေ ရိုင်းစိုင်းနေလိုက်ပုံ
ရာစုအသစ်ထဲက
လူငယ်အသစ်တွေဟာ
သမာဓိအား ပိုကောင်းဖို့ လို/မလို။ ။

ထင်ငြိမ်း (မအူပင်)
(ရေရိုင်းမြေရိုင်းအလွန် ငြိမ်းချမ်းရေးနှင့်ကဗျာအင်အားစု)
….
အထမမြောက်သော လုပ်ကြံမှု
www.abstract-art-blog.net
အတွေးအခေါ်တွေ ပွင့်တယ်
အယူအဆတွေ ကြွေတယ်
အတတ်ပညာတွေ ဖူးတယ်
အသိပညာတွေ ကြွေတယ်
အရူးတယောက်ရဲ့လက်ထဲကသေနတ်ဟာ
ဘာသာတရားနားမလည်ဘူး
အရူးတယောက်ရဲ့လက်ထဲက ရေဒီယိုသတင်းဟာ
သီချင်းဖြစ်သွားတယ်
အရူးတယောက်ရဲ့လက်ထဲက လက်ကိုင်ဖုန်းဟာ
ငရဲပြည်လက်မှတ်ဖြစ်တယ်
ငါ ငေးကြည့်နေစဉ်မှာပဲ
သူဟာ
ရှက်ရွံ့ခြင်း ငရဲကို
သက်ဆင်းသွားလေရဲ့။     ။

မောင်နွေရင့် (အင်းဝ)


Comments