သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဂျိုဇော်၊ နေစိမ့်၊ ခက်သီ၊ တေဇလင်း -နည်းပညာတက္ကသိုလ်တို့၏ကဗျာများ

တောဟေမဝန်
KT#
တာလုံး
ယုန်တကောင်ပဲ နှာစေးတတ်တယ် ။
ခြင်္သေ့အတွက် သွားကြားထိုးတံ
မြေခွေးက တင်ဒါရထားတယ် ။
ကျွဲတွေ နွားတွေက ကစဥ့်ကလျား
ကျားတွေက စည်းစည်းလုံးလုံး ။
ဇီးကွက်စကား
ကြက်တူရွေးနှုတ်ဖျားမှာ လမ်းဆုံးပေါ့။
သမင် ဒရယ် ချေငယ် စိုင် ဆတ်
မြက်တစ်ဖတ် ရေတစ်ပေါက်အတွက်
ခွာက မီးပွင့်ထွက်နေပြီ..။
အဆိုးဆုံးက..တောကြောင်
တောမီး မလောင်သေးဘူး
လက်ခမောင်းကြီး ခတ်နေတယ် ။ ။

ဂျိုဇော်
4-9-16
 
 ဖြတ်ထုံး
KT#
မဟာပထဝီမြေကြီးက ငါ့ဝိညာဉ်
ငလျင်ကိုခံနိုင်ရည်ရှိဖို့က
ငါကိုယ်တိုင်ငလျင်ဖြစ်လိုက်ရုံသာ
ဒါဟာ ဓာတ်ကြီးလေးပါးရဲ့ပွတ်တိုက်မှု
သယံဇာတတွေစိတ်ဝမ်းကွဲမှု
အစုလိုက်အပုံလိုက်ရှိနေသေးတာက
ပြိုကျတဲ့အပျက်အစီးတွေလို
အသိုက်ထဲကြက်ဝင်ယက်သွားတဲ့အတိုင်း
တွေ့လား
စားခွက်လုနေကြတဲ့ငရဲသားတွေ
ကမ္ဘာသာပျက်သွားမယ်ဝေစုမတည့်တဲ့အပေးအယူနဲ့
ရာဇဝင်မှာမျက်နှာမများခဲ့တာ
ရေများရာရေမစီးခဲ့တာ
လာဘ်ပေးလာဘ်ယူကင်းရှင်းခဲ့တာ
သစ္စာတရားကို မြင်းလိုစီးခဲ့ပါတယ်
အခု ဖြစ်ပျက်နေပုံက
သမိုင်းဝင်မှာမဟုတ်လို့
ငါ့ ရူးသွပ်မှုကိုကြိုတင်မှာကြားသူများအတွက်သာ…

နေစိမ့်
….
 မရေးတဲ့ကဗျာ
KT#
 ကဗျာက ရတယ်
မရေးတာ ။

မရေးတဲ့ကဗျာက
ရေမြွှာပေါက်လာတယ်
မရေးတဲ့ကဗျာက
မီးတောင် ပေါက်လာတယ်
မရေးတဲ့ကဗျာက
ရင့်မှည့်လာတဲ့တော်လှန်ရေးလို ။

မရေးတဲ့ကဗျာက
ငါ့ကိုစေ့စေ့ကြည့်
နဂါးမျက်စောင်းနဲ့
တည့်တည့်မေးတယ်။

ငါဟာ တခွန်းပဲ
ပြန်ပြောနိုင်ခဲ့တယ်
" ပြောစရာတွေ အများကြီးပဲ
အဲ့ဒါကြောင့် ငါ့မှာ ဘာပြောစရာမှမရှိဘူး"။

မရေးတဲ့ကဗျာက
သူ့သဘောနဲ့သူ ချရေးသွားတယ်
အခု ဒီကဗျာကိုပဲ။

ငါ့မှာ အမြန်ဖတ် ကမန်းကတမ်း
သက်ပြင်းချမိတယ်
တော်ပါသေးရဲ့
သူဘာမှ ပြောမသွားလို့
ဘာမှမပြောချင်တဲ့ဒီကဗျာဟာ
သင်တို့ရှေ့ကို တစ်ရှူးပေပါတစ်ခုလို ရောက်လာပါပြီ
လိုသလို သုံးဆောင်ကြပါ။ ။

ခက်သီ
 …
 ရင်ထဲက ငြိမ်းချမ်းရေး
KT#
အတောင်အလက်တွေညှပ်
လှောင်အိမ်ထဲမှာဒဏ်ခတ်ပြီး
မပျံနိုင်တဲ့ငှက်ကလေးကို
တေးမဆိုစေချင်ဘူး
ပင်လယ်နဲ့အလှမ်းဝေး
စကားမပြောတတ်တဲ့ငါးကလေးကို
ဖန်အိမ်မှာရေသေထည့်
အလှမဖွဲ့စေချင်ဘူး
မပွင့်နိုင်တဲ့အရွယ်
လူမမယ်လိုပန်းကလေး
သဘာဝနဲ့ဝေးကွာ
အရောင်ဆေးမာယာတွေနဲ့
အလှစိုက်အိုးထဲမထည့်စေချင်ဘူး
လွတ်လပ်စွာပျံသန်း လှပစွာသီကျူးပါစေ
လွတ်လပ်စွာကူးခတ် လှပစွာခရီးဆက်ပါစေ
လွတ်လပ်စွာပွင့်လန်း လှပစွာစံမြန်းပါစေ
သဘာဝရေသဘာဝမြေမှာ
ငြိမ်းချမ်းရေးမှန်သမျှ လွတ်ငြိမ်းချမ်းသာခွင့်ရကြပါစေ။ ။

တေဇလင်း   နည်းပညာတက္ကသိုလ်

Comments

  1. အရမ်းကြိုက် အားပေးနေတယ် bro

    ReplyDelete

Post a Comment