သစ်ခက်သံလွင် ကဗျာစင်မြင့်၊ သုအိုင်စံ၊ သျှီသူအောင်နှင့် ကိုပွေးတို့၏ကဗျာများ

မှိုချိုး မျှစ်ချိုး စိုက်ပျိုးခံရတဲ့ စိုက်ခင်းများ
www.novica.com
ဟိုတုန်းက သူပုန်တွေတပ်သားက
ဦးနှောက်နည်းတယ်
လောပိတဓာတ်တိုင်ကို မိုင်း သွား သွား ခွဲခဲ့တယ်လေ

လောပိတဓာတ်တိုင်အောက်မှာ
ဝါးရုံတရုံ ပေါက်လာတယ်
ကယန်းကလေးငယ်တယောက်ဟာ
ဝါးရုံရှိရာမှာ မျှစ်သွားချိုးတယ်
လောပိတဓာတ်တိုင်အောက်မှာ
တပ်မတော်က မိုင်းထောင်ခဲ့တယ်
ဂျိန်းခနဲ ထကွဲကာ
လူမျှစ်တငုတ်ဟာလည်း
မှိုချိုးမျှစ်ချိုးပဲ ပေါင် ထက်ပိုင်း ကျိုးပြတ်
စိုင်းခမ်းလိပ် သီချင်းထဲမှာ ရေးစပ်ခဲ့သလိုပေါ့
လောပိတကတော့
လောပိတကို အခုထိ ကောင်းကျိုးမပေးသေးဘူး
မျှစ်ခူးချင်ရင် ပေါင်ကျိုးတတ်တယ်….တဲ့…
ဒီလို …..ငါတို့ ……ကကန်းကျေးလက်လူထုတွေ
ဗဟိုအစိုးရရဲ့မှိုချိုးမျှစ်ချိုး စိုက်ပျိုးခံနေခဲ့ရ
အခုတော့ ကျုပ်တို့ကြီးလာကြပြီ
ဟိုး…. ဝေးဝေးက ဓာတ်တိုင်ကို လှမ်းမြင်မိပါတိုင်း
ခန္ဒာက ကျုပ် ပေါင်ပြတ်ပိုင်းကို ပြန်ပြန်စမ်းနေမိရဲ့

ဟိုတုန်းက အစိုးရတပ်သားတွေက
ဦးနှောက် ပို နည်းတယ်
လောပိတဓာတ်တိုင်ကို မိုင်းတွေ ထောင် ထောင်ခဲ့တယ်လေ

ကျိုးတယ်ပြတ်တယ်ဆိုတာ
တခါတည်း ဝေဒနာကင်းမဲ့သွားတာ မဟုတ်ဘူးဗျ
သင်္ချိုင်းကုန်းကြီးကို တသက်လုံး သယ်သွားနေရတာ
မယုံရင် နေပြည်တော်မှာ မိုင်းထောင်ကြည့်ပါလား

ဒီမှာ ကျုပ်က ရွာသား၊
ကျုပ်ကို မွေးဖွားတဲ့ ဒီ လောပိတရွာလေးကလေးလိုပဲ
ကိုယ့်သွေး ဘယ်သူသောက်နေမှန်းလည်းမသိတဲ့ ရွာသား
ကြီးကြီးကျယ်ကျယ်များလည်း မတောင်းဆိုတတ်ဘူးဗျာ
အဲဒီ ဓာတ်တိုင်အောက်က မိုင်းတွေ ပြန်ရုပ်သိမ်းပေးစမ်းပါ
ခုတလောမှာ ကျုပ်နွားတွေ
အဲဒီတိုင်အောက်မှာ မြက်ကောင်းလို့ သွားသွား စားနေကြတယ်
တနေ့နေ့မှာ
၃ ချောင်းထောက် နွားတွေများ ကျုပ်မြင်ရလေမလားလို့
ကျုပ်နွားကျောင်းရင်း ရင်ထိတ်ထိတ်နေရပါရဲ့
ဓာတ်တိုင်က ကျုပ်ခြေထောက်တဖက်ကိုရိတ်ဖြတ်ခဲ့သလိုမျိုး
သိပ်ဆိုးဝါးတဲ့သွေးချင်းချင်း ဆိတ်တဲ့နာကျင်မှုနဲ့ဗျာ။ ။

သုအိုင်စံ
၂၅. ၀၉.၂၀၁၆


သွားရမယ့်ခရီးမှာ ဖျက်လိုဖျက်ဆီးများတယ်
americanveterancoalition.org
 
ဒီမိုကရေစီဝါဒသာ
လွပ်လပ်ရေးနှင့် ဆီလျော်တယ်
ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်
အဲဒါကြောင့် ဒီဝါဒကိုသာကျွန်တော်တို့ရည်ရွယ်ရမယ်။

(ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး၊ သြဂုတ်လ၊ ၁၉၄၅)

အနေအထားက
ပြည်သူကို ချစ်တာထက် အာဏာကို ပိုမက်ခဲ့တော့
ငြိမ်းချမ်းရေးထက် သိမ်းမြန်းရေးကို ဦးတည်ခဲ့တယ်
ဒီမိုကရေစီထက် ဤလိုပွေလီသောစနစ်ကို ခင်းခဲ့တယ်
တိုင်းတပါးက လွတ်လပ်ရေးပေးတာတောင်
ကိုယ့်လူမျိုးချင်းက အမှောင်ချချင်တုန်း
သင်းခွဲချင်တုန်း၊ တန်းခြားချင်တုန်း၊
ခပ်တုံးတုံးမျိုးချစ်တွေကိုသာ သွားပြော
ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားတာ
ဖယ်ဒရယ်မူ ပျက်သုဉ်းသွားတာမှမဟုတ်ဘူး
ရူးရူးနှမ်းနှမ်း ရောမချစမ်းပါနဲ့။
အဲဒီအချိန်က စလို့
ငါတို့တွေ ခါးသီးခဲ့တယ်
ငါတို့တွေ နားညည်းခဲ့တယ်
ဦးနှောက်မရှိတဲ့အစိုးရကို ပေါင်းစားရတာလောက်
လွယ်ကူတဲ့အရာ
ပင်ကိုယ်အတွေးအခေါ် ဆွံ့အနေသူတွေကို မြှောက်ပင့်စားရတာလောက်
နူးနပ်တဲ့အရာ
ဘာများရှိဦးမှာလဲ
ငါတို့မလုပ်ခဲ့ဘူး…သားကြီး။
ဘာမဆို ခါးစည်းခံခဲ့တယ်
နိုင်ငံရေးဆိုတာ အပြန်အလှန်ကောက်ကျစ်ရတဲ့အရာလို့ ထင်နေသမျှ
ဘယ်အစိုးရမှ မအောင်မြင်ဘူးသားကြီး…
သူများ စထိုးလို့ ကိုယ်က ပြန်ထိုးရပါတယ်ဆိုတာ
လုံလောက်တဲ့ဆင်ခြေတခုမှမဟုတ်ဘဲ
နည်းနည်းဖြောင့်မတ်ကြည့်ဖို့တော့ လိုတာပေါ့ကွာ။
အိမ်တလုံးကို ပြောင်းလာရသလိုပဲ
အပြင်ကကြည့်ရင် နေချင်စရာ
နေသားကျသူတွေအတွက်လည်း မက်လောက်စရာ
အတွင်းမှာသာ ခြစားပြိုပျက် လိုအပ်ချက်တွေမြောက်မြားစွာ
အပေါက်ဖာရုံလောက်နဲ့ ဘယ်ရပါ့မလဲ သားကြီး
အခုမှပဲ
မီးပျက်ရင် မီးပြင်
လမ်းပျက်ရင် လမ်းပြင်
အပြစ်မြင်မယ်ဆို တရားသလား…စဉ်းစား။
ပညာတတ်တာချင်းတူရင်တောင်
မြစ်ထဲက ငါးနဲ့ ကန်ထဲက ငါး
ရေသဘောတရားသိပုံချင်း တူပါ့မလားလေ
ဘွဲ့ဆိုတာ အတွေးအခေါ်နဲ့တန်းတူမှ တန်ဖိုးရှိတာပေါ့သားကြီးရာ
ဘာကိုအထင်ကြီးရမှာလဲ။
အရာရာသန့်ရှင်းအောင် လှည်းကျင်းနေတဲ့ကာလမှာ
နေရာပျောက်သွားတဲ့ ခွေးလေခွေးလွင့်တွေကတော့
ခြေသံကြားတိုင်း ဟောင်နေဦးမှာပေါ့
တိုင်းပြည်ကို သိပ်ချစ်ခဲ့ကြသမျှ
ငါတို့နစ်ခဲ့ရတာပဲ အဖတ်တင်တယ်မဟုတ်လား။

အရင်ကလို
သူခိုးအားပေးတဲ့ အမျိုးသားရေးမလုပ်ပါနဲ့
လူ့အခွင့်အရေးဟာ ကိုယ့်အခွင့်အရေးပဲမဖြစ်ပါစေနဲ့
အများအကျိုးဟာ အမျိုးအကြားမှာ ပျောက်မသွားပါစေနဲ့
အများပြည်သူဆိုတာ
တရားတည်သူကိုသာ ဦးညွှတ်စမြဲပါ။
ဘာသာရေးဆိုတာ
အသန့်ရှင်းဆုံး ယုံကြည်ကိုးကွယ်ခွင့်ပဲ
နိုင်ငံရေးထဲ လွှဲမချပါနဲ့ သားကြီး
တိုးတက်တဲ့ နိုင်ငံတွေမှာ
ဘယ်ဘာသာမဆို
အစွန်းရောက်သူကို အလိုမရှိပါဘူး
အရူးမထစမ်းပါနဲ့ကွာ။
ကိုယ်ကျိုးအတ္တနဲ့ သင်းခွဲနေမှုတွေ အဆုံးမသတ်သရွေ့
ကောင်းမွန်တဲ့အဆုံးသတ်ကို တွေ့ရမှာမဟုတ်ဘူး
ငွေနောက်လိုက်နေတဲ့စနစ်ဟာ
တို့လိုချင်တဲ့ခေတ်မှမဟုတ်ဘဲ
အပြန်အလှန်စေတနာထားတတ်ဖို့နဲ့
လူအချင်းချင်းတန်ဖိုးထားတတ်မှသာ
လောကနိဗ္ဗာန်ကို မျက်မှောက်ရှုရမှာပါသားကြီး
သွားရမယ့်ခရီးကို သတိထား
သူတော်ကောင်းကို နတ်ကောင်း’မ’ပေမယ့်
နည်းနည်းမှားရင် အငြှိုးနဲ့များများပြောလိမ့်မယ်
မှားချင်တိုင်းမှားခဲ့တာကိုပဲ
အမှန်လို့ထင်နေတဲ့ သူတွေကပေါ့ကွာ။
ငါတို့ဖွံ့ဖြိုးတိုးတက်ခဲ့တာ နည်းတဲ့ကျေးဇူးတရားလား
ဦးနှောက်တွေ လောက်တဖွားဖွားတက်
ကိုယ်ကျင့်တရားတို့ တွင်းဆုံး
လစဉ်သုံးမလိုတဲ့ မိန်းမတွေလို
ခေတ်မီအောင် ထားခဲ့တယ်ပေါ့ကွာ
အခုလို…
လတ်လတ်ဆတ်ဆတ်ကြီး ဟောင်းနွမ်းနေတဲ့ နိုင်ငံတော်
ခေါင်းမဖော်နိုင်လဲ ခဏပေါ့
ငါတို့…
ချို့ချို့တဲ့တဲ့ ပြန်စ’ရတော့မှာပဲ သားကြီး။

သျှီသူအောင် 

၅-၅-၂၀၁၆
(ကြာသပတေးနေ့)
မနက် ၁း၄၅နာရီ


ငါတို့ယုံကြည်စွာ လမ်းခွဲခဲ့ကြတယ်
allstaractivist.com
 
အရာရာအရင်အတိုင်းပြန်ဖြစ်ဖို့
မချစ်နိုင်ကြတော့တဲ့အခါ
ငါတို့ ယုံကြည်စွာ လမ်းခွဲခဲ့ကြတယ်
တောလမ်းကိုလျှောက်ဖို့
တောတွေမရှိတော့တဲ့အခါ
မြို့ဟာတောဟန်ဆောင်လို့
ငါတို့ကလည်း မြို့ဟန်ဆောင်လို့
နှစ်ဦးသဘောတူပုံအောခဲ့ကြတယ်
လမ်းမပေါ်ပြန့်ကျဲနေတဲ့
ငါတို့အနာဂတ်များ လဲရာမှနိုးထချိန်
ကျိန်စာသင့်နိုင်ငံတော်မှမချိမဆန့်
အော်ဟစ်ကြုံးဝါးသံများ
ငါတို့နားနဲ့ဆတ်ဆတ်ကြားခဲ့တယ်
သေနတ်တွေမိုးပေါ်ထောင်ပစ်တော့
တိမ်တွေနေစရာမရှိတော့ဘူး
ကောင်းကင်ပြာထဲကစီးကျလာတဲ့
တမန်တော်တို့ရဲ့မျက်ရည်များ
ကမ္ဘာမြေအားဆေးကြောပေးပါ
ကြယ်ဖြူကိုခူးဆွတ်ရှိုက်နမ်းရင်း
လွတ်လပ်စွာတေးသီပါ
အနီရောင်ခွပ်ဒေါင်းတို့ပျံဝဲချိန်
လွတ်လပ်စွာကခုန်ပါ
ငါတို့ယုံကြည်စွာ အပ်နှံထားတဲ့တိုက်ပွဲကို
ကျောပိုးရင်း စစ်ချီပါ
ငါတို့လက်သီးဆုပ်ထဲကအမှန်တရားကို
ဟောဒီလေးထောင့်ကွက်လေးထဲ
အားရပါးရ ပစ်လိုက်ကြရအောင်
ငါတို့ ယုံကြည်စွာ လမ်းခွဲခဲ့ကြတယ် ။ ။

ကိုပွေး
၂၁၉၁၅

Comments