သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နေစိမ့်၊ ဇာနည်သွေး(ပလိပ်)နှင့် မင်းလွင်တို့၏ကဗျာများ


နိုင်ငံရေး ဒေဝါလီ ဗိုင်းရပ်စ်
KT#
ရာဇဝင်တွေရှိခဲ့တယ်
နန်းစွန့်ပြေးရတော့ပြသာဒ်ကိုမီးမြှိုက်ခဲ့
ခြေကုပ်စခန်းကိုလွှတ်ချခဲ့ရတော့မြေမြှူပ်မိုင်းတွေထောင်ခဲ့

ကျီးကန်းတွေ အာ အာ အာ
အမျိုးသားရေးဝါဒထူထူအလံ
မီးကျိုးမောင်းပျက်ဆန့် ကျင်ရေးမျက်နှာဖုံး
ယုံကြည်မှုအရွဲ့ အစောင်း
သက်တမ်းလွန်အရေကြိုသံချေးအထပ်ထပ်
ပတ်စာခွာဖျာလိပ်လို့ တောင်မရ
ကြွပ်ကြွပ်အိတ်အပေါက်အပြဲများ

ကင်းမလက်မည်းကြီးရဲ့ကျော့ကွင်း
အဖြူအမည်းအမှန်အမှားမသိ
စက်မှုဇုန်ထုတ်ပစ္စည်းတွေမှာဦးနှောက်အပိုမပါ

ဝံပုလွေရဲ့စားကြွင်းစားကျန်အရိုးအရင်းမှာ
ဝဲနေတဲ့အနံ့ အရသာခံ
လျက်ပြီးရင်းလျက်သနားစဖွယ်မြေခွေးများ

စည်သံမကြားရရင်ရပြီ ပတ်မကြီးဘယ်လိုကွဲကွဲ
စုန်းတောက်တော့ရွာနာ
တရွာလုံးပြာကျချင်ကျ
ကျီကိုမီးရှို့ လိုက်ပြီ

တိုးတိုးတိတ်တိတ်
အလောင်းကိုအသက်သွင်းအတတ်သင်
အကန့်အသတ်ဖြင့်သာ…

နေစိမ့်
၂၀၁၆ ၉ ၂၇
[မနက် ၀၀း၂၀]
….
စိတ်တွေ အဆိပ်သင့်တဲ့အခါ
KT#
 အလိုမကျမှုတွေနဲ့
အလိုမတူပဲ လွင့်နေရတဲ့အလံလို
စီးဆင်းနေတဲ့နာရီတိုင်းဟာ
အချိန်နဲ့အမျှ ခါးတယ်
စိတ်နဲ့မလွတ်တိုင်းသာ
ခုတ်ထစ်ပိုင်းဖြတ်ရကြေးဆို
အဲ့ဒီနံရံတွေ
အတွေးနဲ့မဆန့်အောင်သေတာကြာပေါ့
အခုတော့
ပွင့်လင်းမြင်သာမှုအပြည့်နဲ့
လုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ
မအောင်မြင်သေးတဲ့ အိပ်မက်တွေ
ကမ္ဘာနဲ့မဆန့်အောင် ကြွေခဲ့
ငါတို့မှာ
အဲ့ဒီအနာတရတွေကိုပဲ
ဘဝရဲ့သမိုင်းဝင်အဖြစ်
ခြစ်ခြစ်တောက်အောင် နာကျင်ခဲ့ရတယ်။ ။

ဇာနည်သွေး(ပလိပ်)
ကြာသပတေး
KT#
 မီးချောင်းဆီကအလင်းရောင်တွေ ငါတို့ဆီ
အိဆင်းကျလာသလို မိုးဟာ
ကြာသပတေးပေါ်မှာ သူ့တကိုယ်လုံး ပစ်ချထားတယ်။
ငါတို့ရဲ့အကျဉ်းသားဆန်တဲ့ပျင်းရိမှုများကို ဆုတ်ဖြဲပစ်ဖို့
COC နဲ့ စကားဝိုင်းတွေနဲ့ဆန့်ကျင်ဘက်လိင်ကိုတမ်းတမှုနဲ့
ကြာသပတေးသံယောဇဉ်နဲ့ တကိုယ်ရေဖြေဖျော်မှုတွေနဲ့
နည်းပညာပစ္စည်းတွေဟာ နေ့စဉ်ဘဝကို မိးညှိသောက်ပစ်လိုက်ကြ
လက်ပ်တော့ပ်ရဲ့အသုံးဝင်ပုံများ အာရှီကို မေးကြည့်ကြပါ
ကြာသပတေးဟာ ကန်ထဲမှာငါး\ငါ \တွေလိုက်ဖမ်းနေတယ်။
လည်နေတဲ့ပန်ကာဟာ စကားသံတွေကို အပိုင်းပိုင်းခုတ်ဖြတ်
ပြီး ငါတို့ဆီကိုအလိုက်သင့်မျှောချပေးတယ်။
ကြာသပတေးဟာ တာဝန်အရ ကြာသပတေးအဖြစ်နေထိုင်ရတယ်
သီတင်းပတ်တဆယ့်လေးပတ်တိတိ။
နောက်ဆုံးပြန်တွေ့တော့ ကြာသပတေးဟာ ဆံမုတ်ဆိတ်တွေဖြူလို့
မိုးရေထဲမှာ နူးအိပျော့ဖတ်လို့ ကြာသပတေးတခုလို
ကဲ အားလုံးလိုက်ဆိုကြ
ကျွန်ုပ်တို့သည် ကြာသပတေးကကျွေးမွေးသော
ကြာသပတေးကို စားသုံးခွင့်ရသည့်အတွက် ကြာသပတေး၏
သစ္စာကို စောင့်သိရိုသေပါမည်။

လွန်ခဲ့သောနှစ်ငါးဆယ်က ကွယ်လွန်ခဲ့သော ကြာသပတေးသို့။

မင်းလွင်


Comments