လေထဲမှာ
www.huma3-archive.com |
ဘယ်အချိန်မှာ မင်း အိပ်ရာဝင်တာ
မင်း အိပ်ရာထတာ ဘယ်အချိန်
မင်း လမ်းလျှောက်နေတာ ဘယ်နေရာ
လေညှင်းလေး တိုက်ခတ်ရင် ဆံနွယ်တွေကို
သပ်တင်နေမှာ
မိုးတွေရွာရင်
မင်းကိုယ့်ကိုလွမ်းနေတာ
မင်းထွက်သက် ဝင်သက်ကအစ
ကိုယ်အားလုံးသိပါတယ်
ဟော အခု မင်းအိပ်ခန်းထဲ ဝင်သွားပြီ
အိပ်ရာပေါ် စောင်းအိပ်လိုက်ပြီ
လွမ်းတယ်လို့ ကိုယ့်ဆီ message
ပို့လိုက်ပြီ
အတိအကျပဲ တနယ်စီခြားနေလည်း ဘာတခုမှမလွဲဘူး
အခုပဲ မင်းပို့လိုက်တဲ့ message
ကိုယ်ဖတ်နေရပြီလေ။။
စိုးခိုင်ညိန်း
(23,
8, 2016)
.....
မိုးရေစက်တွေအောက်မှာ
es.pinterest.com |
ဒီအချိန်မှာ ဘာတွေပြောနေရဦးမှာလဲ
ပူပြင်းခြောက်သွေ့ခဲ့တဲ့အကြောင်းတွေ
ရေဆာသလိုအက်ကွဲ တမ်းတခဲ့တာတွေပဲပေါ့
တယောက်နဲ့ တယောက် ရွဲရွဲစိုနေတာပဲ
မိုးရာသီအကြောင်းတော့ မပြောမိကြဘူး။။
စိုးခိုင်ညိန်း
(21, 8, 2016)
.....
သစ်ရိပ်အောက်မှာ
www.pinterest.com |
နောက်ဆုံးတွေ့ဆုံခြင်းပါပဲ
ဘယ်သူမှလည်း မျက်ရည်ကျနေတာ
မရှိပါဘူး
အေးအေးဆေးဆေးပဲလေ
ပါးပေါ်က နေပြောက်ကို
စိတ်မှတ်ထားမနေပါနဲ့
နေဝင်သွားရင် အရိပ်လည်း ဝင်သွားမှာပဲ
ယူတတ်ရင် သံဝေဂရစရာပဲပေါ့
သစ်ရွက်တွေ ကြွေနေတာ မြင်နေရတာပဲ။။
စိုးခိုင်ညိန်း
(20, 8, 2016)
.....
ဘူတာရုံမှာ
www.pinterest.com |
ရက်စက်စွန့်ခွာထွက်ပြေးသွားသူကို
ကိုယ် ဒီနေရာကနေပဲ ရပ်စောင့်နေတယ်
သံသရာဆိုတာ လည်နေတဲ့အရာလို့
ကိုယ်က အသေအချာယုံတယ်လေ။။
စိုးခိုင်ညိန်း
(17, 8, 2016)
.....
တံတားပေါ်မှာ
cocinaycultura.blogspot.com |
ဟယ် ကြည့်စမ်း တိုက်တိုက်ဆိုင်ဆိုင်
နင် အခု ဘာတွေလုပ်နေလဲ အရင်လိုပဲလား
ငါဖြင့်ဟယ် ရုတ်တရက်
မှတ်တောင်မမှတ်မိဘူး
နင်က အသားတွေဖွေးပြီး သန့်လာလိုက်တာ
ငါမှာတော့ အသက်ကိုကျစ်ကျစ်ပါအောင်
ဆုပ်ပြီး
ပြေးလွှားရုန်းကန်နေရတုန်းပဲဟယ်
ဒါပဲနော် နောက်မှ အေးဆေးတွေ့မယ်
ငါ အရမ်းအရေးကြီးနေလို့ သွားတော့မယ်
စကားလုံးတို့သည်
အပြေးအလွှားပြေးဆင်းသွားသော်လည်း လိုက်မမီတော့
မြစ်ရေတို့သည် အရပ်အနားမရှိ
စီးဆင်းသွားလေပြီ ။။
စိုးခိုင်ညိန်း
(17, 8, 2016)
Comments
Post a Comment