သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်သော်တာ၊ မိုးသက်ငြိမ်ဦး၊ မိုးခါး၊ ကိုချမ်းမှိုင်း

ယုန်ကောင်များ 
KT#
 ယုန်တွေခြုံတိုးသလို
တိုးကြည့်တယ်
လုံတယ်
ကိုယ့်စိတ်နဲ့ကိုယ့်ခြုံထဲမှာ
ကိုယ့်ယုန်လေးတွေလက်သပ်မွေးကြည့်တယ်
တစ်ချက်အခုန်နဲ့
ဘယ်နတ်ဗြဟ္မာဘုံကို ရောက်နိုင်မလဲ
အကြိမ်ကြိမ်ခုန်ကြည့်တယ်
ခြုံတွေ ထွင်ထားတယ်
ဒီခြုံကို ဒီယုန်တွေကလည်းမြင်ပြီးသား
တိုးပြီးသား
ခုန်နေတဲ့ယုန်တွေ
ခြုံကလွတ်နိုင်ခဲ့တယ်
ခြုံထဲခိုနေတဲ့ယုန်တွေကလည်း သူ့စိတ်နဲ့သူ လုံနေသတဲ့
ခြုံကိုမယုံတဲ့ယုန်တွေကလည်း အကြိမ်ကြိမ်ခုန်နေကြမတဲ့
ခြုံက လှုပ်နေတယ်
နတ်ဘုံတွေက မလှုပ်ဘူး။ ။

မောင်သော်တာ
စက်တင်ဘာ ၁၊ ၂၀၁၆
….
လမ်း များ 
KT#
 လမ်းတွေကဘယ်ကိုဦးတည်နေသလဲ
ထိခိုက်ရှနာများတဲ့နေ့တွေဆို သတိရခြင်းက ပူပြင်းကျွတ်ဆတ်
သွေးရဲရဲသံရဲရဲတွေလည်း မကြည့်ချင်မြင်လျက်သားအာရုံထဲမှာ
အတိတ်ကစိတ်ခြေရာအတိုင်း လိုက်ပါလို့ စီးမျောလို့ ပျော်ဝင်လို့
တခါတရံ ပျော်ရွှင်ရပေမယ့် ငိုက်ခနဲ
ငိုက်ခနဲ ဖြစ်ရလောက်အောင် အမှတ်ရသွားတာလည်း လမ်းများပေါ်မှာ
လွမ်းတဲ့စိတ်ကိုလောင်ကျွမ်းစေတဲ့နွေကိုလည်း စိတ်မခုတော့ဘူး
ကျွံဝင်နေတဲ့ခြေလှမ်းတွေအတွက်
လမ်းများကိုလည်း အပြစ်မဆိုတော့ဘူး
တမင်စည်းဝါးကိုက်မထားရဘဲတူသွားရတဲ့လမ်းများပေါ်မှာဖ၀ါးခြေထပ်
အထပ်ထပ် ထင်ကျန်ခဲ့တာသမိုင်းများ
ကြွေကျခဲ့ကြွေးကြော်ခဲ့ လမ်းများပေါ်
ကျန်ရစ်ခဲ့ချန်ရစ်ခဲ့ လမ်းများပေါ်
ကြုံးဝါးခဲ့ဆုံးရှုံးသွားခဲ့ရတာလည်း လမ်းများပေါ်မှာ
လမ်းများပေါ်မှာပျောက်ရှသွားတဲ့အမှန်တရားကိုပြန်ရှာကြတယ်
လမ်းများပေါ်မှာ တိမ်ဝင်သွားတဲ့အသံတချို့ကိုအစ ဖော်ကြတယ်
လမ်းများပေါ်မှာ အိပ်ပျော်နေသူတို့ကိုလှုပ်နှိုး
သွေးဆိုးတို့ကိုဖောက်ထုတ်တွန်းလှန်ကြတယ်
စိတ်မခိုင်သူတို့လမ်များပ်ါမှာနောက်ပြန်လှည့်ကြတာပေါ့
အပျော်ရှာသူတို့လမ်းများပေါ်မှာဖောက်ပြန်ကြတာပေါ့
အကောင်းဆုံးမျက်မြင်သက်သေလမ်းများဟာ
မိစ္ဆာဝါဒီတို့အကြောင်းနှောင်းလူတို့ကိုပြောလိမ့်မယ်
အခိုင်လုံဆုံးစွဲချက်တင်မယ့်လမ်းများဟာ
ခေတ်အဆက်ဆက်လူမဆန်သူတို့ကို
အထိရောက်ဆုံးပြစ်ဒဏ်ပေးလိမ့်မယ်
အတောက်ပဆုံးရဲရဲနီစွေးခဲ့တဲ့လမ်းများဟာ
ပဲ့တင်သံနှလုံးသွေးတွေနှင့်အတူ လမ်းများပေါ်မှာပဲ
အက္ခရာရေးထိုးထားလိမ့်မယ်
ဘယ်လိုချင်းချင်းနီရမလဲလမ်းများ ...။။ 

မိုးသက်ငြိမ်ဦး
 ငါမပိုင်တဲ့ကားက ဟွန်းတီးတယ်
KT#
 လမ်းမကြီးအလယ် ခြေရာလေးတနေရာစာ
လူချမ်းသာလား စိတ်ချမ်းသာလား ဗလာအိတ်ကပ်နဲ့ဆယ်စုနှစ်များစွာ
ခုမှ သကောင့်သားဟွန်းသံက ပိုကျယ်လာတယ်
မြို့ကြီးပြကြီးလို့ အမည်ပေးကင်ပွန်းတပ်ထားပေမယ့်
မျက်စေ့ရှေ့မှောက် ကျပျောက်သွားတဲ့ မေတ္တာတရားတွေ ရှားပါးလာ
တခါသုံးရုပ်ဝတ္ထုတွေကြား ပျော်မွေ့စရာအဖြစ်လို့ထင်မှတ်
လိုရာခရီးကိုရောက်ဖို့
ခြေထောက်နဲ့လမ်းကို တသားတည်းဖြစ်အောင် ညိနေရတာကလည်း တဒုက္ခ
နှုတ်ခမ်းလှုပ်ရုံအပြုံးနဲ့နှုတ်ဆက်စကားတွေ ကြားလိုက်ရင်လည်း
လွတ်လပ်နေနည်းထိုင်နည်းနောက်က စိုးရိမ်ကြောက်လန့်တာတွေ ထပ်ချပ်မကွာ
ဘယ်မှာလဲ
ငါတို့တနေ့တာပျော်ရွှင်မှုမှာ
လမ်းဘေးကြော်ငြာဆိုင်းဘုတ်တွေ နေရာယူနေကြ
စကားပြန်ပါမှ
တနပ်စာထမင်းအတွက် အလုပ်လုပ်ရမယ့်ကိန်းမျိုး
တနေ့တနေ့ လူအုပ်တွေ ပြိုဆင်းလာကြတာမြင်ရ
လက်ချိုးရေရတဲ့ အဆင်ပြေမှုတွေအတွက်
ပေးဆပ်ရတဲ့သိက္ခာတွေ ပြန်ဆပ်လို့ကိုမကုန်နိုင်တော့ဘူး
ဒါတောင်
ရွှေရောင်စာသားတွေ ပြီးတော့ ဟစ်ကြွေးသံကျယ်လောင်လောင်တွေ
သိက္ခာကို ရိက္ခာနဲ့ လဲကြတဲ့အဖြစ်
ဘယ်မှာလဲ
       မနုေဿာ     လ္လဘောအခိုက်မှာ
ငါမပိုင်သေးတဲ့ကား ဟွန်းတီးတာ
စိတ်နာလွန်းလို့..

မိုးခါး
 နိုင်ငံရေး
KT#
 ဒီဥဒါန်းမှာ ...
ရှင်ကွဲတွေ ကွဲခဲ့ကြ
သေကွဲတွေ ကွဲခဲ့ကြ
သူ့ဓးကို
ရင်ဘတ်နဲ့ ထိုးသွင်းခဲ့သူချည်း ... ... ... ။

ကိုချမ်းမှိုင်း
သြဂုတ်၊ ၂၀၁၆

Comments

  1. ကောင်းတယ်ဗျာ သရုပ်ဖေါ်ပုံတွေရော ကဗျာ တွေရော

    ReplyDelete

Post a Comment